လွန်ခဲ့တဲ့ သုံးနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးလွမ်းမိတယ်ဟု ရိုက်တာ ရှေ့နေဆို

လွန်ခဲ့တဲ့ သုံးနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးလွမ်းမိတယ်ဟု ရိုက်တာ ရှေ့နေဆို
ဓာတ်ပုံ - AFP

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ။            ။ ရိုက်တာသတင်းသမားများအမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားများအပေါ် မှတ်ချက် မပေးလိုသော်လည်း လွန်ခဲ့သော သုံးနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားကို ပြန်တမ်းတမိကြောင်း ရိုက်တာသတင်းသမားများဘက်မှ လိုက်ပါ ဆောင်ရွက် နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

ရိုက်တာသတင်းသမားများ၏ အမှုကို ပွင့်လင်းမြင်သာစွာ စစ်ဆေးခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေကို ချိုးဖောက်၍ ပြစ်ဒဏ်ချခံရခြင်းသာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ကြောင်း AFP သတင်း တစ်ပုဒ်မှာ ဖော်ပြထားသည်။

“ဒီအမှုကို ပွင့်လင်းမြင်သာစွာ စစ်ဆေးခဲ့တာ ဖြစ်တယ်။ တရားသူကြီးရဲ့ စီရင်ချက်ကို အပင်ပန်းခံ စေ့စေ့စပ််စပ် ဖတ်တဲ့သူ တစ်ဦးတစ်ယောက် ရှိနေမယ်လို့ ကျွန်မ မထင်ဘူး။”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပြည်တွင်းပြည်ပမှ ဝိုင်းဝန်းဝေဖန်နေသည့် ရိုက်တာသတင်းသမားများ ထောင်ဒဏ်ချမှတ်ခံရမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပထမဆုံး ထုတ်ဖော်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

စက်တင်ဘာ ၁၃ ရက်နေ့က နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် စကားပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က တရားရုံး၏ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆို ခဲ့ခြင်းလည်းဖြစ်သည်။

“သူတို့ ဂျာနယ်လစ်ဖြစ်လို့ ထောင်ချတာ မဟုတ်ဘူး။ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကိုချိုးဖောက်လို့ တရားရုံးက ခုလို ဆုံးဖြတ်ချက်ချတာပဲ ဖြစ်တယ်” ဟုဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရတာဝန်ယူထားရသည့်အချိန်တွင် ရိုက်တာသတင်းသမားများကိစ္စနှင့် ပတ်သက်ပြီး မည်သို့ပင် ပြောဆိုသည်ဖြစ်စေ၊ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုဟု ရိုက်တာသတင်းသမားများ ဘက်မှ လိုက်ပါ ဆောင်ရွက် နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မဇ္စျိမ၏ ဆက်သွယ် မေးမြန်း မှုကို ဖြေဆိုခဲ့သည်။

“လွန်ခဲ့တဲ့သုံးနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားကို ပြန်တမ်းတပြီးတော့ လွန်ခဲ့တဲ့ သုံးနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပြီးအင်မတန်လွမ်းဆွတ်မိပါတယ်” ဟု ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။

ယူနီတီသတင်းသမားများ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံရသည့်အပေါ် တွင် သတင်းသမားများအား အဆိုပါဥပဒေဖြင့် အပြစ်ပေးခြင်းမှာ မှားယွင်းသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း၌ ပြောဆိုထားခဲ့ဖူးသည်။ သို့သော်လည်း ယခုလက်ရှိအချိန်တွင်တော့ ရိုက်တာ သတင်းသမားများအား အဆိုပါဥပဒေချိုးဖောက်၍ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပေဒဖြင့် အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာလ ၃ ရက်နေ့တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြစ်ဒဏ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ကို ထိပါးသည့် ပြစ်ဒဏ်ဖြစ်ခြင်းကြောင့် ပြည်တွင်းပြည်ပ မီဒီယာများ ၊ နိုင်ငံတကာသံတမန်များကပါ မျှတမှုမရှိကြောင်း ဝိုင်းဝန်းကန့်ကွက် ထားကြသည်။

လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေးသူဟု သတ်မှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်လည်း ရိုက်တာသတင်းထောက်များကိစ္စသည် ဖိအားသက်ရောက်မှုများ ရှိနေသည်။

 

 

Mizzima Weekly