ပင်လုံစာချုပ်ပါ ကတိကဝတ်များရရှိအောင် ဦးစားပေးဆောင်ရွက်မည်ဟု SNLD မဲဆွယ်စည်းရုံး

ပင်လုံစာချုပ်ပါ ကတိကဝတ်များရရှိအောင် ဦးစားပေးဆောင်ရွက်မည်ဟု SNLD မဲဆွယ်စည်းရုံး
ဓာတ်ပုံ - MOI Webportal Myanmar

ရန်ကုန် ၊ စက်တင်ဘာ ၁၃ ။              ။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပင်လုံစာချုပ်ပါ ကတိကတဝတ်များ ရရှိအောင် ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု မဲဆွယ်စည်းရုံးခဲ့သည်။

ယမန်နေ့ စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်းက ရုပ်မြင်သံကြားမှတဆင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ မူဝါဒ ၊ သဘောထား ၊ လုပ်ငန်းစဉ်များကို ဟောပြောပြီး မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာ တွင် ပါတီဗဟိုအလုပ်အမှုဆောင် နန်းထွေးမှုံက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ်ရဲ့အနှစ်သာရများ၊ ပင်လုံကတိကဝတ်များဖော်ဆောင်ပေးနိုင်ရေးအတွက် သမိုင်းပေးတာဝန် တစ်ရပ်အဖြစ် ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်” ဟု နန်းထွေးမှုံက ဆိုသည်။

၁၉၄၇ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်သည် သီးခြားပြည်ထောင်များဖြစ်သည့် တောင်တန်းဒေသနှင့် ဗမာပြည် မြေပြန့်တို့ အဆင့်အတန်းတူ ပူးပေါင်းပြီး အတူတကွ လွတ်လပ်ရေးယူရန်ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

ယင်းအတွက်ကြောင့် ပင်လုံကတိကဝတ်နှင့် ပင်လုံစာချုပ်အရ လွတ်လပ်ရေးရခဲ့ပြီးသည့်နောက်ပိုင်းတွင် တိုင်းရင်းသား အချင်းချင်းအကြား၌ စစ်မှန်သည့် အမျိုးသားသွေးစည်းညီညွတ်မှုကို ရရှိစေခဲ့သည်ဟု နန်းထွေးမှုံက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) သည် ဝါရင့် ရှမ်းနိုင်ငံရေးခေါင်းဆောင် ခွန်ထွန်းဦး ဦးဆောင် တည်ထောင်ထားသည့် ပါတီလည်းဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ပြည်သူ့အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အမြဲလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

SNLD သည် လာမည့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာ နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်၊ လဲချားမြို့နယ်တွင် တစ်နေရာ ၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း တစ်နေရာ ဖြစ်သည်။

SNLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ လက်ရှိအာဏာရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တို့ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နန်းထွေးမှုံ၏ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

မိုင်ဆုန်ခ ... ။

ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူ များအားလုံး မင်္ဂလာ အပေါင်းနဲ့ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်း ဆက်သအပ်ပါ တယ်။ ကျွန်မကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် နန်းထွေးမှုံ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူများရှင့်

ကျွန်မတို့နိုင်ငံဟာ အတိတ်ကာလက တစ်ပါတီစနစ်၊ အာဏာရှင်စနစ်အောက်မှာ စီမံခန့်ခွဲမှု အလွဲတွေကြောင့် တိုင်းပြည်ဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် ရောက်ရှိခဲ့ရတာ ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်၊ ယခုအခါ ကျွန်မတို့နိုင်ငံဟာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး နေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းနေပါတယ်။

ပါတီ တစ်ခုမှာရှိတဲ့ နိုင်ငံရေးသမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံစိတ်ထားကတော့

(၁) မိမိအကျိုးစီးပွားနဲ့ ပါတီအကျိုးစီးပွား ယှဉ်တွဲလာရင် ပါတီရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်၊

(၂) ပါတီအကျိုးစီးပွားနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွား ယှဉ်တွဲလာရင် ပြည်သူရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်ဆိုတဲ့ ခံယူချက်ပဲဖြစ်ပါ တယ်။

ပြည်ထောင်စုကို ဦးဆောင်သွားမယ့် ပုဂ္ဂိုလ်တွေဟာ ကိုယ်ကျိုးစီးပွား ကို ဦးစားပေးနေ သရွေ့ ၊ အတ္တမာနကို မလျှော့ချနိုင်သရွေ့ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ အတွက် ဦးဆောင်နိုင်မှာ မဟုတ်ပါဘူး။ မိမိရဲ့ လုပ်ဆောင်မှုတိုင်း၊ ပါတီရဲ့ ဆောင်ရွက်ချက်တိုင်းဟာ မိဘပြည်သူများရဲ့ အကျိုးစီးပွား အတွက်ကိုသာ ဦးတည်နေရမှာဖြစ်သလို ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုတဲ့ ခံယူချက်ကို အမြဲဦးထိပ်ပန်ဆင်ထားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်များ အပါအဝင် အဖွဲ့ဝင်များအားလုံးဟာ မိမိကိုယ်ကျိုး စီးပွားနဲ့ ပါတီအကျိုးစီးပွားကို ရှေ့တန်းမတင်ဘဲ ပြည်သူများရဲ့ အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်ဖို့ အစဉ်တစိုက် ကြိုးပမ်းလျက် ရှိပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်အရ ''  ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ လူမျိုးစုများအချင်းချင်း အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ဆောင်ရွက်ရင်း ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အမှန်တကယ် ရရှိခံစားနိုင် အောင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်'' ဆိုတဲ့အတိုင်း ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ ဦးဆောင် အခန်းကဏ္ဍကနေ အောက်ဖော်ပြပါ အခြေခံမူများနဲ့အညီ ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ပါတီရဲ့အခြေခံမူတွေကတော့

(၁) လွတ်လပ်မျှတတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အတူတကွ တည်ဆောက်နိုင်ဖို့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အပြန်အလှန် ကတိပြုချုပ်ဆိုခဲ့ကြတဲ့ သမိုင်းဝင် ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံမူ အပေါ်မှာ အခြေခံမယ်။

(၂) ၁၉၆၁ ခုနှစ် တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံကြီးက ချမှတ် အတည်ပြုခဲ့တဲ့ ပြည်ထောင်စုစစ်စစ် မူအပေါ်မှာ အခြေခံမယ်၊

(၃) တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီစနစ်အပေါ်မှာ အခြေခံမယ်၊

(၄) ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားလူမျိုးအချင်းချင်း အပြန်အလှန် အသိအမှတ်ပြုမှု၊ လေးစားမှု၊ ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ကို တည်ဆောက် ပြီး ငြိမ်းချမ်းစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ရေးမူအပေါ်မှာ အခြေခံမယ်၊

(၅) ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ နောက်ခံ သမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ စကားနဲ့ အမျိုးသားလက္ခဏာ မတူကွဲပြား မှုကို လက်ခံ အသိအမှတ်ပြုပြီး ပြည်ထောင်စုလက္ခဏာရပ်များကို နိုင်ငံသား အားလုံးက စုပေါင်းဖော်ဆောင်ကြမယ်... ဆိုတာတွေပဲ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူများရှင့်

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာမှာ မမေ့အပ်တဲ့ အကြောင်းအရာ တစ်ခုကတော့ ဒီပြည်ထောင်စုကြီး ဖြစ်တည်လာမှုရဲ့ သမိုင်းဆိုင်ရာ အချက်အလက်များပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ပြည်ထောင်စုကို ၁၉၄၇ ပင်လုံစာချုပ်နဲ့ စတင်တည်ထောင်ခဲ့ကြပါတယ်။ ပင်လုံစာချုပ်ဟာ သီးခြားပြည်ထောင်များဖြစ်ကြတဲ့ တောင်တန်းဒေသနဲ့ ဗမာပြည်မြေပြန့်တို့ အဆင့်အတန်းတူ ပူးပေါင်းပြီး အတူတကွ လွတ်လပ်ရေး ယူဖို့အတွက် ချုပ်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ လွတ်လပ်ရေးယူပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံတော်သစ်ကို ထူထောင်တဲ့အခါ ပြည်ထောင်စုစနစ်အရသာ ထူထောင်ကြမယ်။ ၎င်းပြည်ထောင်စုကြီးဟာ နိုင်ငံရေးအရ တန်းတူညီမျှမှုရှိရမယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့် အပြည့်အဝရှိစေရမယ် စသဖြင့် သဘောတူညီမှုတွေ ရရှိခဲ့လို့ သမိုင်းဝင်ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြခြင်း ဖြစ်တာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။

ပင်လုံစာချုပ်ကြောင့်သာ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ပြည်ထောင်စုမြန်မာနိုင်ငံ အဖြစ် လွတ်လပ်ရေးကို ကြေညာနိုင်ခဲ့ပါတယ်။ ပင်လုံကတိကဝတ်နဲ့ ပင်လုံစာချုပ်အရ တိုင်းရင်းသား အချင်းချင်းအကြားမှာ စစ်မှန်တဲ့ အမျိုးသားသွေးစည်းညီညွတ်မှုကို ရရှိစေခဲ့ပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသား လူမျိုးများဟာ သီးခြားစီလွတ်လပ်ရေးရယူပြီး အချုပ်အခြာအာဏာ ပိုင်ဆိုင်တဲ့အမျိုးသားနိုင်ငံတော်များ ထူထောင်ခြင်းမပြုခဲ့ဘဲ မိမိတို့ကိုယ်စီ ပိုင်ဆိုင်ထားခဲ့တဲ့ အချုပ်အခြာ အာဏာများကို စုပေါင်းပြီးပြည်ထောင်စုအဖြစ် အတူတကွထူထောင်ခဲ့ကြခြင်းဖြစ်ပါတယ်။ တောင်တန်းဒေသတစ်ခုလုံးဟာ လက်နက်အားကိုးနဲ့ ပြည်ထောင်စုအတွင်း အတင်းအကျပ် သွတ်သွင်းခံရခြင်းမဟုတ်ဘဲ တန်းတူရေးမူအရ၊ ပင်လုံ စိတ်ဓာတ်အရ၊ ပင်လုံကတိကဝတ်များအရ ပူးပေါင်းပါဝင် လာခြင်းဖြစ်ကြောင်း အထင်အရှား တွေ့မြင်ရမှာဖြစ်ပါတယ်။

ကျွန်မတို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ ပင်လုံစာချုပ်ရဲ့ အနှစ်သာရ များ၊ ပင်လုံကတိကဝတ်များ ဖော်ဆောင်ပေးနိုင်ရေးအတွက် သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူများရှင့်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်တဲ့နေရာမှာ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးဟာ အရေးကြီး တဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ တိုင်းရင်းသား တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ရေးအတွက် လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများကို သုံးသပ်ကြည့်မယ်ဆိုရင် အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။

(၁) ငြိမ်းချမ်းရေးတည်ဆောက်ရေးဖြစ်စဉ်

(၂) ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်

(၃) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်

(၄) တိုင်းရင်းသားများ၏ သမိုင်းဆိုင်ရာ တရားဝင်ရပိုင်ခွင့်များ

(၅) တိုင်းရင်းသားပြည်နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေး

(၆) လက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေး

(၇) တိုင်းရင်းသားလူနည်းစုအခွင့်အရေးများ စတာတွေဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းပြည်ဟာ အာဏာရှင်စနစ်အောက်မှာ ရာစုနှစ် တစ်ဝက်ကျော်မျှ ဒီမိုကရေစီ ကင်းမဲ့တဲ့ကာလကို ဖြတ်သန်းခဲ့ရ တဲ့အတွက် တော်လှန်ရေးစိတ်ဓာတ်နဲ့ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရဲ့ အားပြိုင်မှု အခြေအနေများ၊ လုံခြုံရေးပဓာန ဦးစားပေးအုပ်စုနဲ့ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရ အထွတ်အထိပ်ဖြစ်ရေးအုပ်စုတို့ရဲ့ အယူအဆရေးရာ ထိပ်တိုက်တွေ့မှုများကို ကြုံတွေ့နေရပါတယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန္ဒကို လျစ်လျူရှု ထားခံရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကိုလည်း ရင််ဆိုင်ကြုံတွေ့ ရလျက်ရှိပါတယ်။

အခြားတစ်ဖက်မှာလည်း ဒီမိုကရေစီအသွင်ကူးပြောင်းစကာလ ဖြစ်ခြင်း၊ နှစ်ကာလ ရှည်ကြာစွာ စနစ်တကျ ဖျက်ဆီးခံခဲ့ရခြင်း အကျိုးဆက်တွေကြောင့် အစိုးရအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကျဆင်းနေခြင်း၊ ဒီမိုကရေစီအလေ့အထ မခိုင်မာသေးခြင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်း၊ အကျင့့်ပျက်ခြစားမှုများ ခိုင်မာစွာ အမြစ်တွယ်နေခြင်း၊ သတင်းလွတ်လပ်ခွင့် အားနည်းခြင်း၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ အားကောင်းမလာသေးခြင်း စတဲ့အားနည်း ချက်တွေကိုလည်း ကြုံတွေ့နေရပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးရေးဆောင်ရွက်ရာမှာလည်း သဘာဝသယံဇာတ အရင်းအမြစ် အလွန် အကျွံထုတ်ယူနေမှုများ၊ ၎င်းကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ အငြင်းပွားဖွယ်ရာ စီမံကိန်း လုပ်ငန်းကြီးများ၊ အဆိုပါ စီးပွားရေး စီမံကိန်းကြီးများကို လက်ဝါးကြီး အုပ်နေသော ခရိုနီကြီးများကိစ္စ၊ ပွင့်လင်းမြင်သာမှုအားနည်းခြင်း စသည်တို့ဖြစ်ပေါ်နေပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းက တစ်ဆင့် ရိုက်ခတ်လာနေတဲ့ နိုင်ငံတကာ ဖိအားများ၊ တရုတ်နှင့် အနောက်နိုင်ငံများ၏ ပထဝီနိုင်ငံရေးအားပြိုင်မှုများ ကြောင့် မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ ရှေ့တန်းရောက်လာခြင်း၊ ဘာသာရေးအစွန်းရောက်များ နဲ့ အမျိုးသားရေးအစွန်းရောက်များ အားကောင်းလာနေခြင်းစတဲ့ စိန်ခေါ်မှုများစွာကို တစ်ပြိုင်တည်း ရင်ဆိုင်နေရတာကို တွေ့ရမှာဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူများရှင့်

တိုင်းရင်းသားအားလုံး ပြည်ထောင်စုအတွင်း သိုက်သိုက် ဝန်းဝန်းနေထိုင်နိုင်ရေးဟာ ကျင့်သုံးတဲ့နိုင်ငံရေးစနစ် အပေါ်မှာ အခြေခံပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးအတွက် အရေးကြီးဆုံးကတော့ အားလုံးသဘောတူလက်ခံတဲ့ ပြည်ထောင်စု လက္ခဏာ တည်ဆောက်ရေးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အသွင်သဏ္ဍာန်လက္ခဏာတည်ဆောက်ရေးနဲ့ အနှစ်သာရလက္ခဏာ တည်ဆောက်ရေးဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲခြားနိုင်ပါတယ်။

အသွင်သဏ္ဍန်လက္ခဏာတည်ဆောက်ရေး ဆိုတာကတော့

(၁) ပြည်ထောင်စုသားအားလုံး ပိုင်ဆိုင်ထားတဲ့၊ လက်ခံထားတဲ့ သင်္ကေတအမှတ်အသားနဲ့ ထူးခြားတဲ့ဝိသေသများကို ဖော်ထုတ်ပြီး ပြည်ထောင်စုနဲ့ သက်ဆိုင်တဲ့နေရာအားလုံးမှာ ၎င်းသင်္ကေတ အမှတ်အသားကို သုံးစွဲရန်၊

(၂) ပြည်နယ်များရဲ့ ကိုယ်ပိုင်အမှတ်သင်္ကေတများကို သတ်မှတ်ကာ သက်ဆိုင်ရာ ပြည်နယ်အတွက် သုံးစွဲရန်၊

(၃) ပြည်ထောင်စုနဲ့ သက်ဆိုင်တဲ့နေရာ တွေမှာ ပြည်နယ်အားလုံးရဲ့ သင်္ကေတ အမှတ်တံဆိပ်တို့ကို ထားရှိရန်၊

(၄) သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးတို့ရဲ့ သမိုင်းအမွေအနှစ်၊ နေ့ထူးနေ့မြတ်၊ အစဉ်အလာ ဓလေ့ထုံးတမ်းဆိုင်ရာ မတူကွဲပြားမှုကို လက်ခံပြီး အပြန် အလှန် လေးစားတန်ဖိုးထားရန်တို့ ဖြစ်ပါတယ်။

အနှစ်သာရလက္ခဏာ တည်ဆောက်ရေးဆိုတာကတော့

(၁) ဒီမိုကရေစီရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရှိတဲ့ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များဖြင့် ပြည်ထောင်စုကို ဖွဲ့စည်း တည်ဆောက်ရန်၊

(၂) ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ကို ခွဲခြားကျင့်သုံးခြင်းနဲ့ အပြန်အလှန်ထိန်းကျောင်းခြင်းစနစ် အားကောင်းအောင်တည်ဆောက်ရန်၊

(၃) ပြည်ထောင်စုနဲ့ ပြည်နယ်အကြားမှာလည်းကောင်း၊ ပြည်နယ်အချင်းချင်း အကြား မှာလည်းကောင်း ကောင်းမွန်သော အစိုးရ အချင်းချင်းအကြား တာဝန်ယူမှု၊ တာဝန်ခံ မှုဖြင့် ဆက်ဆံရေး ခိုင်မာအားကောင်းတဲ့ ဆက်ဆံရေးစနစ် တည်ဆောက်ရန်၊

(၄) ဘဏ္ဍာရေး၊ သယံဇာတစီမံခန့်ခွဲရေးနှင့် ခွဲဝေသုံးစွဲရေးမှာ ပြည်နယ်အားလုံး တစ်ပြေး ညီ ဖွံ့ဖြိုးရေးကို ရှေးရှုရန်၊

(၅) ဒေသန္တရအုပ်ချုပ်မှုအဆင့်အထိ ပီပြင်တဲ့ ဖက်ဒရယ်ပုံစံ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်သွားရန် စသည်တို့ပဲ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူများရှင့်

ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ တစ်ဦးတစ်ယောက်ကောင်းနဲ့ တည်ဆောက်သွားဖို့ ဆိုတာ အင်မတန်မှ ခက်ခဲပါတယ်။ ပြည်ထောင်စုကို တည်ထောင်ခဲ့ကြတဲ့ တိုင်းရင်းသားအပေါင်းက အတူတကွ ပါဝင်လာပြီး စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းတာဝန် ယူမှုများနဲ့သာလျှင် သာယာဝပြောပြီး ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ် လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အလေးအနက်ခံယူထားပါတယ်။

ကျွန်မတို့ရဲ့ SNLD ပါတီကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ပြည်သူ့အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို အစဉ်အမြဲ ဦးထိပ်ထားပြီး ဒီနေ့ထိတိုင် ရင့်ကျက်တည်ငြိမ်တဲ့ ၊ ရိုးသားတဲ့ ပါတီတစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ ငြိမ်းချမ်းခြင်းတရားတွေ အမြစ်တွယ် ထွန်းကားလာစေဖို့အတွက် ရဲရဲဝ့ံဝ့ံ ပြတ်ပြတ်သားသား လျှောက်လှမ်းနေမှာ ဖြစ်ပါတယ်။ အမျိုးသားတန်းတူရေးကို အပြည့်အဝအာမခံတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ရေခံမြေခံကောင်းများကို ချန်ထားရစ်နိုင်ရေးဆိုတဲ့ သမိုင်းပေးတာဝန်တစ်ရပ်ကို မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ရင်း အနာဂတ်မှာလည်း အားမာန်အပြည့်နဲ့ ဆက်လက် ချီတက်နေဦးမှာဖြစ်ပါတယ်။

ထို့အတူပဲ SNLDပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ဟာလည်း မဲဆန္ဒရှင် မိဘပြည်သူတွေကသာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ပြီး တာဝန်အပ်နှင်းခဲ့မယ်ဆိုရင် ပြည်သူလူထုရဲ့ အကျိုးကို ကျေပွန်စွာ သယ်ပိုးဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း ကတိပေးပြောကြားလိုပါတယ်။

ဒါကြောင့် မကြာမီ ရောက်ရှိလာတော့မယ့် ရွေးကောက်ပွဲနေ့မှာ မိဘပြည်သူတွေအနေနဲ့ မဲရုံကို အရောက်သွားပြီး ပြည်သူပြည်သားတွေရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့အတွက် ရဲရဲတင်းတင်းမဲပေးကြပါ၊ ပြတ်ပြတ်သားသား မဲပေးကြပါ၊ သာယာ ပျော်ရွှင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် မိမိတို့ရဲ့ မဲပြားတွေနဲ့ တည်ဆောက်ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံး နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်ကြပါစေ။

မိုင်ဆုန်ခ . . .။

 

 

Mizzima Weekly