ရွှေတိဂုံစေတီ၏ ကြာမှောက်ကြာလန်နေရာမှ ရွှေပြားများအား ခွာယူစစ်ဆေးမည်

ရွှေတိဂုံစေတီ၏ ကြာမှောက်ကြာလန်နေရာမှ ရွှေပြားများအား ခွာယူစစ်ဆေးမည်

ရန်ကုန်၊ စက်တင်ဘာလ ၁၃ ။                  ။ ရွှေတိဂုံစေတီတော်ကြီး၏ ကြာမှောက်၊ ကြာလန်တွင် အသုံးပြုထားသော ရွှေပြားများမည်းနေသည်ဟု သတင်း များ ထွက်ပေါ်နေပြီးနောက် ယင်းဧရိယာမှ ရွှေစင်ပြားသင်္ကန်း ၁ဝ ချပ်ခွာပြီး စစ်ဆေးရန် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၃ ရက်တွင် ညွှန်ကြားလိုက်သည်။

“ ဒီနေ့ ၁ နာရီခွဲကျော်ကျော်လောက်မှ ထုတ်ပြန်လိုက်တာပါခင်ဗျာ။ အပိုဒ် ၃ ပိုဒ်နဲ့ ဖော်ပြထားပါတယ်။ ဒုတိယပိုဒ်မှာ အချက် ၅ ချက်ပါပါတယ်။ အချက် ၅ ချက်က ကျွန်တော်တို့ ညွှန်ကြားထားတဲ့ဟာလေးခင်ဗျ။ ဝန်ကြီးရဲ့ လမ်းညွှန်ထားတဲ့ဟာလေးပါ။ ဒါကလည်း ပညာရှင်တွေနဲ့ အစည်းအဝေးတွေလုပ်ပြီးမှ ညွှန်ကြားခဲ့တာဖြစ်ပါတယ်” ဟု သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

အဆိုပါ မည်းနေသည့် ဧရိယာမှ ရွှေစင်ပြားသင်္ကန်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေပန်းတိမ်ပညာရှင်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ပညာရှင်များဖြင့် စစ်ဆေးရန် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သို့ ညွှန်ကြားထားခြင်းဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ရွှေတိဂုံစေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်မည့်ကိစ္စနှင့် ပတ်သက် ပြီး ဝေဖန်မှုသတင်းများ ပျံ့နှံ့နေသဖြင့် ယခုကဲ့သို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

 လက်ရှိအချိန်တွင် ရွှေတိဂုံစေတီတော် တစ်ဆူလုံးရှိ ရွှေဆိုင်းပြားသင်္ကန်းများအား မခွာရန်အတွက် ညွှန်ကြား ထားပြီး ရွှေစင်ပြား (Gold Coating) များအား ဆက်လက်ကပ်လှူပူဇော်ခွင့်မပြုတော့ဘဲ ပြည်သူနှင့် အလှူရှင်များလှူဒါန်းသည့် ရွှေစင်ရွှေပြားအစစ်ဖြင့်သာ ကပ်လှူရန် သာသနာရေးမှ  ညွှန်ကြားထားသည်။

စေတီတော်ကြီး၏ ငှက်ပျောဖူးတော်အောက်ပိုင်း၊ ကြာရင့်၊ ကြာလန်၊ ရွဲ၊ ကြာနု၊ ကြာမှောက်၊ ဖောင်းရစ်၊ ပန်းဆွဲ၊ သပိတ်မှောက်၊ ရင်စည်း၊ ခေါင်းလောင်း၊ ခေါင်းလောင်းနား၊ ကျည်းဝန်း၊ ရှစ်မြှောင့်အထိကို ရွှေပြားကြိတ်စက်ရုံမှ ထုတ်လုပ်သော ရွှေပြား( Gold Plate)များဖြင့် ရနိုင်သမျှကပ်လှူရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရွှေပြား( Gold Plate) ရွှေသင်္ကန်းမကပ်နိုင်သည့် ဧရိယာများအား ရွှေမျက်ပါး၊ ရွှေဆိုင်း၊ ရွှေသင်္ကန်းတော် ဖြင့် သာ ကပ်လှူပူဇော်ရန် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သို့ သာသနာရေးမှ ညွှန်ကြားထားသည်။

Mizzima Weekly