သားအမိနှစ်ဦးကို ဓားနဲ့ထိုးပြီး တိမ်းရှောင်နေသော အထက်တန်းပြ ဆရာမကို ဖမ်းမိ

သားအမိနှစ်ဦးကို ဓားနဲ့ထိုးပြီး တိမ်းရှောင်နေသော အထက်တန်းပြ ဆရာမကို ဖမ်းမိ

စစ်ကိုင်း၊ စက်တင်ဘာ ၁၄ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကြာပိုင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် သားအမိနှစ်ဦးအား ဓားဖြင့်ထိုး၍ ထွက်ပြေး တိမ်းရှောင်သွားသော အထက်တန်းပြ ဆရာမကို မန္တလေးတွင် ဖမ်းဆီးရခဲ့ကြောင်း မုံရွာမြို့ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောသည်။

ဖြစ်စဉ်မှာ မုံရွာမြို့၊ညောင်ပင်စောက်ရပ် ရပ်ကွက်တွင် နေထိုင်သော  မဇင်မာဝင်း၏ ခင်ပွန်းဖြစ်သူ ဇော်ဦး (ခ) ဦးဟန်ဝင်းအောင်မှာ အထက်တန်းပြ ဆရာမ မအေးချမ်းမိုးအောင်နှင့်အတူ ကားနှင့် လိုက်ပါသွားကြောင်း သိရှိရ၍ ဇနီးဖြစ်သော မဇင်မာဝင်းနှင့် ၄င်း၏ သမီးဖြစ်သူ မပပပြည့်စုံတို့နှစ်ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် ကားနောက်သို့လိုက်ခဲ့သည်။ထို့နောက် ကြာပိုင်ကျေးရွာ၊ ပိတောက်ပင် ဘုန်းကြီးကျောင်းအနီးရှိ တာရိုးလမ်း တွင် ၄င်းတို့ကားနှင့်တွေ့ရာ မဇင်မာဝင်းမှ ခင်ပွန်းဖြစ်သူ ဦးဟန်ဝင်းအောင်အား ၄င်းတို့နှင့်အတူ ပြန်လိုက်ခဲ့ရန် ခေါ်ရာမှ ကားပေါ်တွင်လိုက်ပါလာသော မအေးချမ်းမိုးအောင်နှင့် စကားများခဲ့ပြီး မအေးချမ်းမိုးအောင်မှ  မဇင်မာဝင်းတို့ သားအမိအား  ကားပေါ်တွင် အသင့်ပါလာသော စတီးဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။

ဓားထိုးခံရမှုကြောင့် မဇင်မာဝင်း၏ ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ(၁)ချက်ရခဲ့ပြီး (အတွင်းလူနာ စိုးရိမ်ရ) သမီးဖြစ်သူ မပပပြည့်စုံတွင် ဝမ်းဗိုက်အောက် ဆီးစပ်တွင် ထိုးသွင်းဒဏ်ရာ (၁)ချက် (အတွင်းလူနာ စိုးရိမ်ရ) ရရှိခဲ့ကာ မုံရွာပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်။

ယင်းဖြစ်စဉ်ကို စက်တင်ဘာ(၁၁)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ အထက်တန်းပြ ဆရာမ မအေးချမ်းမိုးအောင်အားစက်တင်ဘာ (၁၃)ရက်နေ့၌ မန္တလေးတိုင်းဒေသကြီး အလံတရာရဲစခန်းတွင် ဖမ်းဆီး ရမိကာမုံရွာမြို့မရဲစခန်းသို့ လွှဲပြောင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

" အမေဖြစ်သူကတော့ သက်သာတယ်လို့သိရတယ်။ သမီးဖြစ်သူကတော့ နည်းနည်းစိုးရိမ်ရသေးတယ်။ အဓိက ဖြစ်ပွားတာက လူမှုရေးကိစ္စပါ။ ဓားနဲ့ထိုးတဲ့ ဆရာမက အထက်တန်း ပြကျောင်းဆရာမ။ အခု လောလောဆယ် က စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ M,Ed ပထမနှစ် တက်နေတာ" ဟု အမှုစစ် ရဲအရာရှိမှ ဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် ဓားဖြင့်ထိုးခဲ့သော အထက်တန်းပြ ကျောင်းဆရာမအား မုံရွာမြို့မရဲစခန်းတွင် (ပ)၁၄၈၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ - ၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

       

 

Mizzima Weekly