UEC အနေဖြင့် ရွေးကောက်ပွဲရလဒ်များကို ဒိုင်ပီသစွာဆုံးဖြတ်ပေးရန် USDP တောင်းဆို

UEC အနေဖြင့် ရွေးကောက်ပွဲရလဒ်များကို ဒိုင်ပီသစွာဆုံးဖြတ်ပေးရန် USDP တောင်းဆို

ရန်ကုန်၊ စက်တင်ဘာ ၂၂ ။           ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် လာမည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရလဒ် များကိုဆုံးဖြတ်ရာ၌ ဘက်လိုက်မှုမရှိဘဲ ဒိုင်ပီသစွာဆုံးဖြတ်ပေးရန်  USDP ပါတီမှတောင်းဆိုလိုက်သည်။

ရန်ကုန်မြို့၊ သံလွင်လမ်းတွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP)၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ဒီ ၂၀၁၈ နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာကျတော့ ပြည်သူ့မျက်နှာ တစ်ခုကိုပဲပြတ်ပြတ်သားသားကြည့်ပြီး ပြည်သူတွေ အမှန်တကယ်ရွေးချယ် မဲပေးတဲ့ပါတီ အစိုးရဖြစ်လာဖို့ပြည်သူ့ဆန္ဒနဲ့အ ညီဖြစ်လာဖို့အတွက်ကို ဒိုင်ပြီသစွာ မှန်မှန်ကန်ကန်ပြတ်ပြတ်သားသား ဆောင်ရွက်ပေးပါလို့ပြောချင်တယ်။ ခုချိန်ထိတော့ ကျွန်တော် တို့က သံသယနဲ့ စောင့်ကြည့်နေရတဲ့ အနေအထားပဲရှိပါသေးတယ်။”ဟု  ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေရွေးကောက်ပွဲနှင့်  ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ( NLD) နှင့် USDP တို့အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြပြီး UEC ၏အဆုံးအဖြတ်အချို့မှာ သံသယဖြစ်ဖွယ်များရှိခဲ့သည်ဟု ၄င်းကဆိုသည်။

အထူးသဖြင့် တိုက်ကြီးမဲဆန္ဒနယ် ၊ ကျိုင်းတုံမဲဆန္ဒနယ်နှင့် ရပ်စောက်မဲဆန္ဒနယ်များတွင် USDP  ကိုယ်စား လှယ်လောင်းများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်မှာ ၀ိရောဓိဖြစ်ဖွယ်များရှိနေခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲမှသိရသည်။

ယခင်ရွေးကောက်ပွဲများတွင်ဖြစ်ခဲ့သောဖြစ်စဉ်များကို လာမည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်ဖြစ်ပွားလာပါက ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအတွက် အခက်အခဲရှိလာနိုင်ပြီး အသံများလည်း ထွက်လာနိုင်သည်ဟု ဒေါက်တာနန္ဒာလှမြင့်ကဆိုသည်။

“ ဥက္ကဋ္ဌကြီးကလည်း အစည်းအဝေးမှာတော့ ၂၀၁၈ နဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုကြည့်ပါ။ မှန်ကန်မျှတမှု သမာသမတ်ကျမှုကို လက်တွေ့သက်သေပြမယ်ဆိုတော့ ကျွန်တော်တို့ကစောင့်ကြည့် ရမယ့် အနေအထား ဖြစ်သွားပြီ။ တကယ်မျှတတယ်။ မမျှတဘူးဆိုတာတော့ ၂၀၁၈ ကြားဖြတ်ရွေးကောက် ပွဲပြီးရင် ကြည့်ရမှာပေါ့ “ ဟု ၄င်းကပြောသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ်များမှာ ပြည်သူ့လွှတ်တော်အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်များအတွက် ၈ နေရာ စုစုပေါင်း ၁၃ နေရာ ဖြစ်သည်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီကမူ လစ်လစ်မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဟု ပါတီ၏ ပြောရေးဆို ခွင့်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။

NLD အစိုးရသက်တမ်းကာလအတွင်း ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပထမအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၂၄ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

 

Mizzima Weekly