အကြည်အညိုပျက်စေမှုဖြင့် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌကို တရားစွဲ

အကြည်အညိုပျက်စေမှုဖြင့် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ဥက္ကဋ္ဌကို တရားစွဲ

မုံရွာ၊ စက်တင်ဘာ ၂၂။             ။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်မှ ပြည်ခိုင်ဖြိုးပါတီ၏ ခရိုင်ဥက္ကဋ္ဌကို နိုင်ငံတော် အကြည်အညိုပျက်စေမှုဖြင့် တရားစွဲခဲ့ကြောင်း ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတာဇံ ပြောသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ခရိုင်ဥက္ကဋ္ဌ ဦးစိုးအေးသည် စက်တင်ဘာ (၈)ရက်နေ့တွင် ရွှေဘိုမြို့ နယ် ပလိုင်းကျေးရွာ၌ တောင်သူ (၁၅)ဦးနှင့်တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး ဒေါက်တာမြင့်နိုင်တို့အား အကြည်အညိုပျက်စေရန်ပြောဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတာဇံမှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အရ တရားရုံးသို့ ဦးတိုက်လျှောက်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

"အဓိကတော့ မြို့နယ် စီခန့် ကနေ ကျွန်တော်ကို တရားလိုလုပ်ပြီး တိုင်ပါဦးတိုက်လျှောက်ပါ ဆိုလို့ လုပ်ပေး လိုက်တာပါ။ အခုလက်ရှိ ဒီကိစ္စကို စခန်းမှူးကိုလွှဲထားတယ်။ (၂၄)ရက်နေ့ တရားရုံးကို ပြန်တင်ရမှာ " မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတာဇံမှ မဇ္ဇျိမသို့ ပြောသည်။

စက်တင်ဘာ (၁၃)ရက်နေ့တွင် ပလိုင်းကျေးရွာ၌ မြိုနယ်စီ/ခန့် ဥက္ကဋ္ဌ၊မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး၊ သတင်းရဲ တပ်ဖွဲ့၊ ဆိပ်ခွန် ရဲကင်းစခန်းမှူးတို့က ပလိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးအပါအဝင် တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် တောင်သူ (၁၅)ဦးအား စီစစ်မေးမြန်းခဲ့ပြီး ယင်းသို့ စီစစ်မေးမြန်ရာ၌ တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ ခရိုင်ဥက္ကဋ္ဌ ဦးစိုးအေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် မိမိတို့အဖွဲ့မှာ ပြည်ခိုင်ဖြိုးပါတီဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အဖွဲ့နှင့်မတူကြောင်း၊ ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်နေသည်မှာ ပြည်သူများ အသိပင်ဖြစ်ကြောင်း ၊ ရခိုင်တွင်ကျောင်းဆရာမလေးတစ်ဦးအား ဘင်္ဂါလီများမှ မတရားကျင့်ကြံခဲ့ကြောင်း၊ အဆိုပါ ဘင်္ဂါလီများ နေထိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ နေအိမ်များ၊ကွန်ကရစ်လမ်းများ၊ရေမီး အစုံဆောက်လုပ်ပေးထားကြောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မှလည်း နေအိမ်အလုံး (၈၀)ခန့် တာဝန်ယူဆောက်လုပ်ရကြောင်း၊ ရန်ကုန်မြို့တွင် နေထိုင်ရန် ဘင်္ဂါလီ (၄၀၀၀) ဦးခန့်အား ဒေါ်အောင်ဆန်းစုကြည်မှ ခေါ်ယူကာ နေထိုင်ခွင့်ပေး ထားကြောင်း၊ ဘင်္ဂါလီလူမျိုးများအား ခေါ်သွင်းလာပါက ဘင်္ဂါလီ တိုင်းပြည်ဖြစ်တော့မှာပဲဟု ပြောကြား ခဲ့ကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရားမှာ ကုလားမဟုတ်ကြောင်းများ ပြောဆိုခဲ့သည်။

ထိုသို့ ဟောပြောမှုများနှင့် ပတ်သက်၍ မြို့နယ်ရဲမှူးမှ တရားလိုပြုလုပ်၍ တရားရုံးသို့ စက်တင်ဘာ (၁၄)ရက် တွင် ဦးတိုက်လျှောက်ထားခဲ့ပြီး စက်တင်ဘာ (၁၇)ရက်၌ ရုံးတော်မှ အမှုကို လက်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ ပြည်ခိုင်ဖြိုးပါတီ၏ ရွှေဘိုခရိုင် ဥက္ကဋ္ဌအား တရားစွဲဆိုမှုအပေါ် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း  တစ်စုံတရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

 ရွှေဘိုခရိုင်,ပြည်ခိုင်ဖြိုးပါတီ

 

Mizzima Weekly