ဂစ်တာတီးနေသော ကျောင်းသားများကို ဓားဖြင့်ထိုးခဲ့သူအား ဖမ်းမိ

ဂစ်တာတီးနေသော ကျောင်းသားများကို ဓားဖြင့်ထိုးခဲ့သူအား ဖမ်းမိ

မုံရွာ၊ စက်တင်ဘာ ၂၂ ။        ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရေကူးကန်လမ်းတွင် ဂစ်တာတီးနေသည့် ကျောင်းသားများအား ဓားဖြင့်ထိုးသွားသူကို ညတွင်းခြင်း ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စန်လင်းက မဇ္ဇျိမသို့ ပြောသည်။

ယင်းဖြစ်စဉ်ကို စက်တင်ဘာ ၂၁ ရက် ည ၉ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ပြီး မုံရွာတက္ကသိုလ်အနီး ရေကူးကန်လမ်းမကြီးပေါ်တွင် ဂစ်တာတီးနေသည့် တက္ကသိုလ်ကျောင်းသား အုပ်စုကို အမည်မသိလူတစ်ဦးမှ ရောက်ရှိလာပြီး ငါ့ကို ဆဲသွားတာ မင်းတို့လား ဟု ပြောဆိုစကားများရန်ဖြစ်ရာမှ  ကျောင်းသား(၃)ဦးကို ပါလာသည့် အရှည် (၁၀) လက်မ၊အသွား(၆)လက်မရှိ ဓားမြှောင်ဖြင့် ထိုးသွင်းခဲ့ကြောင်း သိရသည်။

"စခန်းကိုလာပြီး တိုင်တဲ့အချိန်နဲ့ဆို နာရီပိုင်းအတွင်း ဖမ်းဆီးရမိတာပါ။ ကလေးတွေပြောတာတော့ သူတို့ဂစ်တာတီးနေတယ်။ အဲ့ဒီအချိန် ဓားနဲ့ထိုးမယ့်သူက ဆိုင်ကယ်နဲ့ တစ်ယောက်ထဲ ရောက်လာတယ်။ ငါ့ကိုဆဲသွားတာ မင်းတို့လားဆိုပြီးမေးတယ်။ အဲ့ဒီကမှာ ကလေးတွေက မဟုတ်ဖူးလို့ ဖြေတာ ဖြေရင်းနဲ့ တစ်ယောက်တစ်ခွန်း စကားများကြတာထင်တယ်။ အဲ့ဒီတော့ ကျောင်းသားထဲက တစ်ယောက်က သူ့ကို လက်နဲ့ရမ်းပုတ်တာတို့ ဘာတို့ ဖြစ်တာ သူ့ကို အဲ့လို လုပ်ရမလားဆိုပြီး ပါလာတဲ့ ဓားနဲ့ ထိုးလဲထိုး တွတ်လဲတွတ် လုပ်တာ " ဟု နယ်မြေစခန်းမှူး မှ မဇ္ဇျိမသို့ ပြောသည်။

ဓားဖြင့်ထိုးသူမှာ မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်တွင် လျှပ်စစ်ပြုပြင်လုပ်ငန်းလုပ်ကိုင်နေသော ထွန်းကြီး(ခ) အဲနော်ဆိုသူ ဖြစ်ပြီး ၄င်း၏ ဓားဖြင့်ထိုးမှုကြောင့် ကျောင်းသား(၃)ဦး ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုမှ ဓားဖြင့်ထိုးခဲ့သူကို မုံရွာနယ်မြေရဲစခန်းတွင် ပ-၃၃၇/၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။