အာဏာရှင်စနစ်တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးသူများ ရှိနေသည်ဟု သမ္မတဆို

အာဏာရှင်စနစ်တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးသူများ ရှိနေသည်ဟု သမ္မတဆို
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

ရန်ကုန် ၊ စက်တင်ဘာ ၁၅ ။           ။ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကိုအလွဲသုံးစားပြုလုပ်သူများရှိနေပြီး အဆိုပါအန္တရာယ်များကို မျက်ခြေမပြတ် ဂရုပြုရမည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။

စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားသို့ ပေးပို့သည့် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင်  ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီ မလိုလားသူများ ၊ ဒီမိုကရေစီ ကဖျက်ယဖျက်သမားများ ၊ ဒီမိုကရေစီကို မယုံကြည်သူများ ၊ ဒီမိုကရေစီကို ယုံကြည်သော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားမလိုအားမရဖြစ်ပြီး မိမိသဘောနှင့် မိမိ လုပ်ချင်ရာ လုပ်သည့်အတွက် အာဏာရှင်စနစ်ဆီသို့ ပြန်ပြီး အသက်သွင်းပေးသလို ဖြစ်သွားသူများ ရှိနေသည်ဟု ၄င်းကဆိုသည်။

ဒီမိုကရေစီစနစ် နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အာဏာရှင်စနစ်တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစား လုပ်သူများ၊ ဒီမိုကရေစီကျင့်စဉ်နှင့် မညီညွတ်သည့် နည်းလမ်းဖြင့် ပြည်သူ့အာဏာကို ရယူရန် ကြိုးစားသူများ ဟာ ဒီမိုကရေစီ၏ အန္တရာယ်များ ဖြစ်သည်ဟု သမ္မတဦးဝင်းမြင့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီအန္တရာယ်ကို အထူးအလေးအနက်ထား သတိပြုဖို့ လိုပါတယ်” ဟု ၄င်းကဆိုသည်။

ယင်းအပြင် ပြည်သူများအနေဖြင့် နိုင်ငံကောင်းရန် ၊ လူမျိုးတိုးတက်ရန် ကျရာနေရာမှ ကိုယ့်တာဝန်ကို ကိုယ် ကျေပွန်အောင် ထမ်းဆောင်ရန် လိုအပ်သည်ဟုလည်း သဝဏ်လွှာထဲတွင် ထည့်သွင်းရေးသားထားသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်ခြေချပြီး လျှောက်လှမ်းနေသည့် ကာလဖြစ်သည့် အတွက် လဲပြိုမသွားအောင် သတိတရားဖြင့် ထိန်းသိမ်းရမည်ဖြစ်ပြီး ဒီမိုကရေစီ ရှင်သန်စေလိုလျှင် ဥပဒေကို လေးစားရမည်ဖြစ်ကာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဟုလည်း သမ္မတဦးဝင်းမြင့်က ပြောဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်၌ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ကတည်းက ကျင်းပခဲ့ရာ ယခု NLD အစိုးရ သမ္မတ ဦးဝင်းမြင့်လက်ထက်အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

 

 

Mizzima Weekly