မောတောင်မြို့တွင် ထိုင်းဘက်မှ စျေးသက်သာသည့်လျှပ်စစ်မီး သွယ်တန်းရန် စီစဉ်မည်

မောတောင်မြို့တွင် ထိုင်းဘက်မှ စျေးသက်သာသည့်လျှပ်စစ်မီး သွယ်တန်းရန် စီစဉ်မည်

တနင်္သာရီ၊ စက်တင်ဘာလ ၁၅ ။         ။ လျှပ်စစ်မီး တစ်ယူနစ်လျှင် ကျပ် ၅၀၀ ကျော် အထိ သုံးပြုနေရသည့် မြိတ်ခရိုင် မောတောင်မြို့နယ်တွင်  စျေးနှုန်းသက်သာသည့်နှုန်းဖြင့် လျှပ်စစ်မီး သွယ်တန်းရန် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံအကြား ကနဦး သဘောတူညီမှု ရရှိခဲ့သည်။

ယင်းသို့ ကနဦး သဘောတူညီမှုကို စက်တင်ဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ပရကျွပ်ခီရီခန်မြို့၊ ပရကျွပ်ဂရမ်း ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးဖလှယ်ပွဲအစည်းအဝေးမှ သိရခြင်း ဖြစ်သည်။

မောတောင်မြို့နယ်သည်၊ ထိုင်း- မြန်မာ နယ်စပ်ချင်း ထိစပ်နေသည့် ဂိတ်ပေါက်တစ်ခု ဖြစ်ပြီး၊ ယခင်က တနင်္သာရီမြို့နယ်၏ လက်အောက်တွင် မောတောင်ဒေသအဖြစ် အုပ်ချုပ်မှုရှိကာ လက်ရှိအစိုးရလက်ထက်မှာ မြို့အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

နှစ်နိုင်ငံစီးပွားရေးဆွေးနွေးပွဲတွင် လျှပ်စစ်မီး စျေးနှုန်း မြင့်မားစွာ အသုံးပြုနေရသည့် မောတောင်မြို့တွင် စျေးနှုန်းသက်သာသည့်လျှပ်စစ်မီးကို သွယ်တန်းရန် မြန်မာဘက်မှ တောင်းဆိုခဲ့ရာ ထိုင်းနိုင်ငံ ပရကျွပ်ခီရီခန်ခရိုင်ဝန်က ယခု ရက်ပိုင်း အတွင်း ကျင်းပမည့် ထိုင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် တင်ပြပေးသွားမည် ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်ဟု မြန်မာဘက်မှ တက်ရောက်သည့် ကိုယ်စားလှယ်များထံမှ သိရသည်။

"ထိုင်း- မြန်မာ နှစ်နိုင်ငံ အစည်းအဝေးမှာ မောတောင်မြို့ကို လျှပ်စစ်မီး ဖြန့်ဖြူးဖို့ သူတို့ဘက်က မြေအောက်ကေဘယ်ကြိုးနဲ့ သွယ်တန်းပေးဖို့ ကနဦး သဘောတူညီမှုတော့ ရထားပါတယ်၊ ထပ်ပြီးတော့ ဆွေးနွေးရဦးမှာပါ”ဟု မောတောင်မြို့ မြိတ်အများပိုင်နှင့် ဖိုးသီးချို လျှပ်စစ်မီး ဖြန့်ဖြူးရေး တာဝန်ခံ ဦးလွှမ်းကိုကိုဦးက ပြောသည်။

ထိုင်းဘက်မှ မြန်မာဘက်သို့ သွယ်တန်းပေးမည့် မြေအောက်ကေဘယ်ကြိုးဖြင့် လျှပ်စစ်မီး စျေးနှုန်းနှင့် အခြားဝန်ဆောင်မှုအပိုင်းကို သက်ဆိုင်ရာတာဝန်ရှိသူများ သီးခြား ထပ်ပြီးဆွေးနွေး သွားမည်ဟု သိရသည်။

မောတောင်မြို့နယ်တွင် ရပ်ကွက် ၄ ရပ်ကွက်ရှိပြီး၊ လူဦးရေ ၄၀၀၀ ကျော်ရှိကာ လက်ရှိတွင် လျှပ်စစ်မီး တစ်ယူနစ်လျှင် ၅၂၅ ကျပ်ဖြင့် အသုံးပြု နေရခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ စာရင်းဇယားများအရ လျှပ်စစ်ဓာတ်အားခအဖြစ် တစ်ယူနစ်လျှင် (တစ်ယူနစ်မှ ယူနစ် ၁၀၀ ကြား) ၃၅ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်ကြား ၄၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက် ၅၀ ကျပ် ကောက်ခံနေပြီး လျှပ်စစ်ဓာတ်အား တစ်ယူနစ် ထုတ်လုပ်ရန် ၇၉ ကျပ်ကျော် ကုန်ကျသည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအချက်အလက်များအရ သိရသည်။

ဒေသခံအများစုမှာ ဥယျာဉ်ခြံလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြပြီး လူငယ် အများစုက တောင်ခြေရှိ ထိုင်းနိုင်ငံ၊ ပရကျွပ် ခီရီခန်မြို့တွင် သွားရောက်လုပ်ကိုင်ကြကြောင်း ယင်း မြို့ခံများထံမှ သိရသည်။

ထိုင်းနိုင်ငံ၊ ပရကျွပ်ခီရီခန့်မြို့၊ Dan Sing Khon နယ်စပ်ဂိတ်နှင့် မောတောင်မြို့ နယ်စပ် ဂိတ်တို့သည်၊ နယ်နမိတ်ချင်း ထိစပ်နေသည့် နယ်စပ်မြို့တစ်ခု ဖြစ်သည်။

မောတောင်မြို့သည်၊ ယခင်က ဒေသခံများ သစ်ထုတ်ရေးလုပ်ငန်းများဖြစ် ထိုင်းဘက်သို့ သစ်မောင်ခို စီးပွားရေးကို အဓိကလုပ်ကိုင််ကြပြီး၊ လက်ရှိတွင် အစိုးရမှ ပိတ်ပင်လိုက်ပြီးနောက် စီးပွားရေး ကျဆင်းသွားသည့်မြို့ဖြစ်သည်။

 

Mizzima Weekly