ဆိပ်ကမ်းမြို့နယ်တွင် NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အပြိုင်မဲဆွယ်

ဆိပ်ကမ်းမြို့နယ်တွင် NLD နှင့် ပြည်ခိုင်ဖြိုးပါတီတို့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အပြိုင်မဲဆွယ်

စက်တင်ဘာလ ၁၅ ။           ။ ၂ဝ၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကို အများပြည်သူစိတ်ဝင်စားမှု နည်းပါးနေသော်လည်း ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ်တွင် NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးသည် စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် အပြိုင်မဲဆွယ်ခဲ့ကြသည်။

“ အဓိကတော့ ပညာရေးတွေ၊ ကျန်းမာရေးတွေ လူမှုဘဝရဲ့ရပ်တည်မှု၊ ရပ်တည်နိုင်မှ တဖြည်းဖြည်းနဲ့ မြှင့်တင် မှာပေါ့နော်။ အဲ့ဒီကိစ္စတွေကို ကျွန်တော်တတ်နိုင်သလောက်၊ တတ်နိုင်တဲ့ဘက်နေပြီးတော့ ဆောင်ရွက်သွားမှာပါ”ဟု ဆိပ်ကမ်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ပြောသည်။

NLD ပါတီ ကိုယ်စားလှယ်လောင်းမဲဆွယ်ခဲ့ရာတွင် ဝန်းရံအင်အား ၁ဝဝ နီးပါးဖြင့် မဲဆွယ်ခဲ့ခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးရာတွင် ဝန်းရံအင်အား အနည်းအကျဉ်းသာပါဝင်ခဲ့ သည်။

“ ကျွန်တော်တို့များ ပြန်လည်ပြီးတော့ နိုင်ငံတော်ကို ဦးဆောင်ခွင့်ရမယ်ဆိုရင် ပြည့်အင်အားသည် ပြည်တွင်း မှာသာရှိသည်ဆိုတဲ့အတိုင်းပဲ အခုပြည်တွင်းက အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ကျွန်တော်တို့ ပြည်သူ တွေရဲ့လိုအင်ဆန္ဒတွေနဲ့ အနီးဆုံးကျနိုင်မယ့် လုပ်ငန်းမျိုးတွေကိုပဲ ရည်မှန်းချက်ထားပြီးတော့ ဆောင်ရွက်သွား ပါမယ်”ဟု ဆိပ်ကမ်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သူ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က ပြောသည်။

၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပသွားမည်ဖြစ်ပြီး တစ်ပြည်လုံး၌ လစ်လပ် မဲဆန္ဒနယ်သည် ပြည်သူ့လွှတ်တော်၌ ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ ရှိနေသည်။

“ ပါတီက အဓိကမကျဘူး။ နိုင်ငံအတွက် အလုပ်လုပ်မယ်သူပဲ အဓိကကျတယ်။ ဦးလေးခံယူချက်ပေါ့နော်။ ဟို ပြည်ခိုင်ဖြိုးလည်းမမုန်းဘူး။ NLD လည်းမမုန်းဘူး။ တိုင်းပြည်အတွက်အမှန်တကယ်လိုအပ်တဲ့လူ။ အလုပ်လုပ်ဖို့ လိုတဲ့လူ တက်လာရင် လိုအပ်တယ်”ဟု အငှားယာဉ်မောင်း ဦးထွန်းထွန်းကပြောသည်။

အဆိုပါ ဆိပ်ကမ်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉ ခုရှိပြီး လက်ရှိအချိန်အထိ ပါတီကြီး ၂ ခုသာ မဲဆွယ်နေခြင်း ဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကာလသည် ရွေးကောက်ပွဲ မစတင်မီ ရက်ပေါင်း(၆၀) အလို၌ စတင်နိုင်ပြီး စက်တင်ဘာ ၃ ရက်နေ့က စတင်ကာ မဲဆွယ်စည်းရုံးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထား သည်။

 

Mizzima Weekly