အဆိုတော်ရသအပါအဝင် သုံးဦးကို မန္တလေးခရိုင်တရားရုံးတွင် စစ်ဆေးရန် ရှေ့နေပါဝါရယူ

အဆိုတော်ရသအပါအဝင် သုံးဦးကို မန္တလေးခရိုင်တရားရုံးတွင် စစ်ဆေးရန် ရှေ့နေပါဝါရယူ
 ဓာတ်ပုံ ဘိုဘို မဇ္စျိမ

မန္တလေး၊ စက်တင်ဘာ ၁၇ ။          ။ မန္တလေးမြို့တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော်ရသအပါအဝင် သုံးဦးကို ၂၀၁၈ ခုနှစ်၊စက်တင်ဘာ(၁၇)ရက် နေ့လယ်ပိုင်းက မန္တလေးခရိုင်တရားရုံးတွင် စတင်ရုံးထုတ်ခဲ့သည်။

အဆိုပါ သုံးဦးကို ယနေ့ ခရိုင်တရားရုံးတွင် ရှေ့နေပါဝါတင်ခြင်းဖြစ်ပြီး နောက်ရုံးချိန်းတွင် တရားလိုကို စစ်ဆေးမည်ဖြစ်ကာ ၂၀၁၈ ခုုနှစ် ၊ အောက်တိုဘာ(၁)ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိခဲ့သော အဆိုတော် ရသ(ခ)ရဲမင်းသိန်း၊ အဆိုတော်မခေမီ(ခ)ဗျာတားမီးနှင့် ယာဉ်မောင်းဖြစ်သူ မျိုးတင့်တို့ကို အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စု(မန္တလေး)တောင်ပိုင်းမှ ရဲအုပ် လင်းထွန်းက အောင်ပင်လယ်ရဲစခန်းသို့ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ရဲစခန်းမှ (ပ)၁၁/၂၀၁၈၊မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ-၁၉ (က)ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

ယင်းတို့သုံးဦးကို အောင်ပင်လယ် နယ်မြေရဲစခန်းမှ ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် သြဂုတ်(၁၅)ရက် နေ့၌ ပထမအကြိမ်ချုပ်ရမန်နှင့် စက်တင်ဘာ(၁၀)ရက်နေ့တွင် ဒုတိယအကြိမ် ချုပ်ရမန်များရယူစစ်ဆေးခဲ့ပြီး စက်တင်ဘာ (၁၀)ရက်နေ့က ခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာသြဂုတ်(၁၄)ရက် ညနေ(၃)နာရီအချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင် စေတနာလမ်း၊ ၄၉လမ်းနှင့်လမ်း၅ဝကြားရှိ နန်းထိုက်ပန် ဧည့်ရိပ်မွန်၏ အခန်းအမှတ်(၂၀၃/၂၀၅)တွင် အဆိုတော် ရသ(ခ)ရဲမင်းသိန်း အသက်(၃၅)နှစ်၊ (ဘ) ဦးတင်အုန်း၊ အမှတ်(၈၉)ရွာလယ်လမ်း၊ (ဇ)မြောက် ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မျိုးတင့် အသက်(၂၆)နှစ်၊ (ဘ) ဦးမြင့်တိုး၊ယာဉ်မောင်း၊ရတနာမြလမ်း၊ ရွာသာကြီး (၁၄၀)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်နှင့် အဆိုတော်မခေမီ(ခ)ဗျာတားမီး အသက်(၂၀)နှစ်၊ (ဘ) ဦးအားစီ၊ လမ်းသွယ်(၇)၊ ၅၄× ၅၅ လမ်းကြား၊ ထွန်တုံးရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူတို့ ၃ ဦးတို့ကို ၎င်းတို့အခန်း၏ အိပ်ယာကုတင်ဘေးစားပွဲခုံငယ်ပေါ်မှ အဝါရောင်နှင့် အနီရောင်အအေးစုပ်ပိုက်တစ်ချောင်း စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား(၉၅)ပြား၊ အလေးချိန်၊ ၉.၅ ဂရမ်ခန့်၊ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ် တစ်ထုပ်လျှင် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WY စာတမ်းပါလိမ္မော်ရောင်ဆေးပြား(၂၀၀) ပြားပါ ၇ ထုပ်နှင့် ၁၆၀ ပြားပါ ၁ ထုပ် အလေးချိန်၁၅၆ ဂရမ်ခန့်၊ စုစုပေါင်းဆေးပြား ၁၆၅၅ ပြား၊ စုစုပေါင်းအလေးချိန်၊ ၁၆၅.၅ ဂရမ်ခန့်၊ ကာလတန်ဖိုး ၄၅၆၅၀၀၀ ကျပ်(၁ပြားလျှင် ၃၀၀၀ ကျပ်နှုန်း)တို့နှင့်အတူ တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။

 

Mizzima Weekly