မီကိုကော်ဖီမစ်နှင့် နံပါတ်ဝမ်းဂျယ်လီစက်ရုံမှ အလုပ်သမားများဆန္ဒပြမှု နေ့ချင်းပြေလည်မှုရ

မီကိုကော်ဖီမစ်နှင့် နံပါတ်ဝမ်းဂျယ်လီစက်ရုံမှ အလုပ်သမားများဆန္ဒပြမှု နေ့ချင်းပြေလည်မှုရ

မန္တလေး၊ စက်တင်ဘာ ၁၈ ။            ။ မန္တလေး စက်မှုဇုန်ရှိ မီကိုကော်ဖီမစ်စက်ရုံ နှင့် နံပါတ်ဝမ်း ဂျယ်လီစက်ရုံမှ အလုပ်သမားများ အလုပ်သမားအခွင့် အရေးများ ရရှိရေးအတွက် စက်တင်ဘာလ ၁၈ ရက်က ဆန္ဒပြတောင်းဆိုရာ နေ့ချင်းပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန် ကနောင်မင်းသားကြီးလမ်း၊ ၆၅ လမ်း နှင့် ၆၆ လမ်းကြားရှိ မီကို ကော်ဖီမစ်စက်ရုံ နှင့် ကနောင်မင်းသားကြီးလမ်း နှင့် ၆၆ လမ်းထောင့်အနီးရှိ နံပါတ်ဝမ်းဂျယ်လီ စက်ရုံမှ အလုပ်သမားများသည် ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းက အလုပ်သမားအခွင့်အရေး ရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့ရာ နေ့လည်ပိုင်းတွင် ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

နံပါတ်ဝမ်းဂျယ်လီစက်ရုံမှ အလုပ်သမား ၅၀ ကျော်က တရုတ်နိုင်ငံသားများက  ခြေထောက်ဖြင့် မခိုင်းစေရေး အပါအဝင် အချက် ၁၁ ချက်ကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

“ ဥပဒေမဲ့ အလုပ်ထုတ်ခံရသော အလုပ်သမား ခေါင်းဆောင်များ အလုပ်ပြန်လည်ခန့်ထားရေး၊ လခစားမှ ပုတ်ပြတ် မခိုင်းစေရေး၊ ဖူလုံရေးကဒ်များ အမြန်ဆုံး ရရှိရေး၊ စက်ရုံ စီမံခန့်ခွဲမှုနှင့် မသက်ဆိုင်သော လူပုဂ္ဂိုလ်များက အလုပ်သမားများကို ဝင်ရောက်မစီမံရေး၊ စက်ရုံစီမံခန့်ခွဲသူများက အလုပ်သမားများကို ရုန့်ရင်းကြမ်းတမ်းစွာ မခိုင်းစေရေး၊ ဝန်ထမ်းအုပ်ချုပ်မှု ဖွဲ့စည်းပုံစာရင်းအား ထုတ်ပြန်ရေး၊ လူမှုဖူလုံရေးအာမခံ ထားရှိပေးရေး၊ တရုတ်နိုင်ငံသားများက  ခြေထောက်ဖြင့် မခိုင်းစေရေး၊ လုပ်သက်ခွင့်များ ရရှိရေး၊ ဂျယ်လီနှင့် မုန့်ခြောက်များထုတ်လုပ်ရာတွင် အလှည့်ကျ ခိုင်းစေရေး၊ ဆန်ကြမ်းများ မကြွေးရေး စသည့်ဖြင့် တောင်းဆိုချက် ၁၁ ချက်ကို တောင်းဆိုခဲ့ရာ ကနဦး ပြေလည်မှု ရရှိခဲ့ကြောင်း သိရသည်။

မီကို ကော်ဖီမစ်စက်ရုံမှ အလုပ်သမားများသည် ယဉ်ကျေးမှုနှင့်မလျော်ညီသော ယူနီဖောင်းများ လဲပေးရေး အပါအဝင် တောင်းဆိုချက် ၂၁ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

“ OT ကြေးများ ပြန်လည်ရရှိရေး၊ တစ်ပတ် တစ်ရက် အလုပ်ပိတ်ရက်တွင် လစာရရှိရေး၊ အများပြည်သူ အလုပ်ပိတ်ရက်များတွင် လုပ်ခလစာရရှိရေး၊ ဆေးခွင့်များရရှိရေး၊ လုပ်သက်ခွင့်ရရှိရေး၊ ရှောင်တခင်ခွင့်များ ရရှိရေး၊ လူမှုဖူလုံရေးအာမခံ ထားရှိပေးရေး၊ အလုပ်ရှင်က အလုပ်မပေးနိုင်သောနေ့များတွင် လုပ်ခလစာ ရရှိရေး၊ ဥပဒေနှင့် မညီသော ဒဏ်ကြေးများ မဖြတ်တောက်ရေး၊ ဝန်ထမ်းများနှင့်နေ့စားများကို တန်းတူအခွင့်အရေးပေးရေး၊ အလုပ်သမားများအား ဆဲဆိုပြီး မခိုင်းစေရေး၊ အလုပ်သမားများကို ကိုယ်ထိလက်ရောက် မပြုရေး၊ အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ မထိပါးရေး၊ ခေါင်းဆောင်များက နင်းနှိပ်ခိုင်းခြင်းများ အလိုမရှိ၊ ခေါင်းဆောင်များသည် အလုပ်သမားများအား အလုပ်တာဝန် နှင့် မသက်ဆိုင်သော ထမင်းခူးခိုင်းခြင်း၊ ခွက်ဆေးခိုင်းခြင်း၊ ကော်ဖီဖျော်ခိုင်းခြင်း၊ ရေခပ်ခိုင်းခြင်း အလိုမရှိ၊ ထမင်းစားနားချိန်တွင် ဆေးလိပ် နှင့် ကွမ်းယာသားရန် နေရာထားရှိရေး၊ ပါကင်ဌာနတွင် ဝန်ထမ်းလုံလောက်စွာ ထားရှိပေးရေး၊ ယဉ်ကျေးမှုနှင့်မလျော်ညီသော ယူနီဖောင်းများ လဲပေးရေး၊ ဆန်ကြမ်းများ မကြွေးရေး၊ ဝန်ထမ်းများနှင့်လသာတန်းတူရရှိရေး၊ စည်းကမ်းဖောက်ဖျက်ရာတွင် သတ်မှတ်ထားသောစည်းကမ်းများ အတိုင်း တန်းတူအရေးယူပေးရေး”  စသည့် တောင်းဆိုချက် ၂၁ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ရာ နေ့လည်ပိုင်းတွင် ပြေလည်မှုရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါစက်ရုံ၂ ရုံမှ အလုပ်သမားများ ပြေလည်မှုရရှိခဲ့သော်လည်း သဘောတူညီမှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို မသိရှိရသေးသော်လည်း အလုပ်ရှင်များဘက်မှ အကုန်လိုက်လျောခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒပြအလုပ်သမားများနှင့် အလုပ်ရှင်ကို အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်းများ၊ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးများကပါ ဝင်ရောက်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

"ဒီနေ့က အလုပ်သမားတွေ ဆန္ဒပြတာ နှစ်နေရာ ဖြစ်ပါတယ်။ မီကိုကော်ဖီမစ်စက်ရုံနဲ့ SAA NO.1 ဂျယ်လီနှင့် မုန့်စက်ရုံတို့ ဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ ကျွန်တော်တို့ဆီ စာတင်ထားတဲ့အတွက် ချက်ခြင်း သွားရောက်ပြီး အလုပ်ရှင်တွေနဲ့ ညှိနှိုင်းဆွေးနွေးခဲ့အတွက် အားလုံးအဆင်ပြေသွားပါတယ်။ စက်ရုံလုပ်ငန်းခွင် မှာ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေပါပြီ။"ဟု ပြည်ကြီးတံခွန်မြို့နယ်၊ အလုပ်သမားဖျန်ဖြေရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

Mizzima Weekly