ကတ်များရဲ့ ဘုရင် ရာမို့စ်

ကတ်များရဲ့ ဘုရင် ရာမို့စ်
(ဓာတ်ပုံ - AFP)

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ ဗုဒ္ဓဟူးနေ့က ရိုးမားအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဝါကတ်အပြခံခဲ့ရပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ အဝါကတ်အများဆုံးအပြခံရတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ရာမို့စ်ဟာ ရီးယဲလ်အသက်းက ရိုးမားအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ပြိုင်ဘက်ကွင်းလယ်လူ အန်ဇွန်ဇီအား ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကြောင့် ၂၃ မိနစ်မှာ အဝါကတ်အပြခံရရာ သူ့ရဲ့ ချန်ပီယံလိဂ် ၁၁၅ ပွဲမှာ ၃၇ ကြိမ်မြောက် အဝါကတ်အပြခံခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်သမိုင်းမှာ အဝါကတ်အများဆုံးအပြခံရတဲ့ မန်ယူအသင်းရဲ့ ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ရဲ့ အဝါကတ်အရေအတွက်ကို ကျော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အသက် ၃၂ အရွယ် နောက်ခံကစားသမားဟာ ချန်ပီယံလိဂ်တစ်ရာသီအတွင်း အဝါကတ် အများဆုံးအပြခံရသူလည်းဖြစ်ပါတယ်။ ဒါကတော့ ၂၀၁၀-၁၁ ရာသီမှာ ၅ ကြိမ် အဝါကတ်အပြခံခဲ့ရတာဖြစ်ပါတယ်။

ရာမို့စ်ဟာ လာလီဂါ၊ ချန်ပီယံလိဂ်၊ စပိန်လက်ရွေးစင်အသင်းနဲ့ ရီးယဲလ်အသင်းတွေရဲ့ သမိုင်းမှာ အဝါကတ် အများဆုံးအပြခံရတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဒါ့အပြင် လာလီဂါမှာ အနီကတ် ၁၉ ကြိမ်ပြခံရတဲ့ဆိုတဲ့ စံချိန်တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

ရာမို့စ်ရဲ့ ကစားသမားဘဝတစ်လျှောက် ပြိုင်ပွဲစုံမှာ ပြသခံရတဲ့ အဝါကတ်အရေအတွက်မှာ အကြိမ် ၂၈၀ နီးပါးရှိပြီး ပျမ်းမျှအနေနဲ့ ၂.၃ ပွဲကစားတိုင်း အဝါကတ် တစ်ကြိမ် အပြခံနေရသူဖြစ်ပါတယ်။

ရီးယဲလ်နောက်ခံလူဟာ လာလီဂါပြိုင်ပွဲသမိုင်းမှာတင် မဟုတ်ဘဲ ဥရောပထိပ်တန်းလိဂ်ပြိုင်ပွဲတွေမှာလည်း အဝါကတ်အပြခံရတဲ့ ရာခိုင်နှုန်းအမြင့်ဆုံး ကစားသမားဖြစ်ပြီး စီးရီးအေသမိုင်းမှာ အမြင့်ဆုံး ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ပင်ဇီက ၂.၇ ပွဲမှာ တစ်ကြိမ်နဲ့ ဘွန်ဒစ်လီဂါမှာ စတီဖင်အက်ဖင်ဘက်က ၃.၃ ပွဲမှာ တစ်ကြိမ်တို့ရဲ့ အထက်မှာ ရှိနေပါတယ်။