MLM လုပ်ငန်းများ တိုက်ရိုက်ရောင်းချသည့် Direct Selling ပုံစံဖြင့် ဆက်လက်လုပ်ကိုင်လာဖွယ်ရှိ

MLM လုပ်ငန်းများ တိုက်ရိုက်ရောင်းချသည့် Direct Selling ပုံစံဖြင့် ဆက်လက်လုပ်ကိုင်လာဖွယ်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၀ ။         ။ မြန်မာနိုင်ငံအတွင်းဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း (MLM) စနစ်ဖြင့် လုပ်ကိုင်နေကြသည့် ကုမ္ပဏီများကို တားမြစ်ချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတွင် တိုက်ရိုက်ရောင်းချခြင်း (Direct Selling) ပုံစံဖြင့် လုပ်ကိုင်လာနိုင် ကြောင်း Anti MLM အဖွဲ့မှ ကိုဇေဇင်လွင် က ပြောသည်။

ဆင့်ပွားစျေးကွက်ဖြန့်ချိရေးလုပ်ငန်း (MLM)များကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် တားမြစ်လိုက်ပြီဖြစ် ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့ပြီး MLM စနစ်ဖြင့် လုပ်ကိုင် နေသည်ကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် လက်ရှိ MLM ကုမ္ပဏီများ၏ ၅၀ ရာခိုင်နှုန်းခန့်သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ တားမြစ်ချက်ကြောင့် ရပ်တန့်သွားနိုင်ပြီး ပစ္စည်းအရည်အသွေးကောင်းမွန်သည့် MLM ကုမ္ပဏီများသာ ကျန်ရှိနေနိုင်သည်ဟု Anti MLM အဖွဲ့မှ ကိုဇေဇင်လွင်က ပြောသည်။

"ကျန်ခဲ့မယ့်ကုမ္ပဏီတွေကတော့ ပစ္စည်းကွာလတီအတိုင်းအတာတစ်ခုထိကောင်းတာတွေလည်းရှိတယ်။ စျေးနှုန်းက အပြင်ထက်တစ်မျိုးဖြစ်နေတယ်။ အပြင်ထက်နည်းနည်းများနေတာမျိုးရှိကောင်းရှိပေမယ့် သူတို့ရဲ့ ပြောရေးဆိုရေးစွမ်းရည်က ကောင်းတဲ့အတွက် တစ်ဖက်သား လက်ခံသွားအောင် ပြောနိုင်တော့ ဒါကို ဆက်ရောင်း နိုင်မယ့်သဘောမှာရှိတယ်။ နိုင်ငံတကာမှာဆိုရင်တော့ MLM ရဲ့နာမည်ခွဲတွေဖြစ်တဲ့ Network Marketing တို့ Direct Selling တို့ရှိတယ်။ Direct Selling ဆိုတာတောင်မှတကယ့်တကယ်တမ်း MLM လောကကြီးလိုဖြစ်သွားတာပေ့ါနော်။ တကယ့် Direct Selling သည်ဒီလိုစနစ်မဟုတ်ဘူး။ ဒါပေမယ့်တကယ့် Direct Selling အဖွဲ့အစည်းတွေကိုယ်တိုင်တောင်မှ MLM ကုမ္ပဏီ ၉၀ ရာခိုင်နှုန်းလောက်ဖြစ်နေတယ်။ ကိုယ်မြင်တာကတော့ Direct Selling ဆိုတဲ့ပုံစံနဲ့ဆက်သွားပါလိမ့်မယ်" ဟု Anti MLM အဖွဲ့မှ ကိုဇေဇင်လွင် က ပြောသည်။

Direct Selling ပုံစံဖြင့် MLM လုပ်ငန်းများဆက်လက်လုပ်ကိုင်နိုင်ချေရှိသော်လည်း သက်ဆိုင်ရာ တာဝန် ရှိသူများအနေဖြင့် ထိုအချက်ကိုသိရှိကာ အရေးယူသွားနိုင်မည်ဖြစ်သည်ဟု ကိုဇေဇင်လွင် က သုံးသပ်ထား သည်။ လက်ရှိအချိန်တွင်လည်း တိုက်ရိုက်ရောင်းချခြင်း (Direct Selling)အတွက် ဥပဒေတစ်ခု ရေးဆွဲနေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ဆိုထားသည်။

"မြန်မာနိုင်ငံကျတော့လက်ရှိဥပဒေကမရှိတဲ့အခါကျတော့ ထိန်းချုပ်ထားတာမရှိဘူးဖြစ်နေတယ်။ ဒါကြောင့် မို့လည်း လုပ်ငန်းကိုလက်ရှိအချိန်မှာ တားမြစ်တယ်ဆိုတဲ့ ဥပဒေထုတ်ပြန်လိုက်တာဖြစ်တယ်ပေ့ါ။ တစ်ဘက် မှာလည်းဝန်ကြီးဌာနအနေနဲ့ကတော့ တခြားနိုင်ငံတွေရဲ့ဥပဒေတွေကိုလေ့လာပြီးတော့ Direct Selling (တိုက်ရိုက်ရောင်းချခြင်း) ဆိုတာကို ပြဋ္ဌာန်းနိုင်ဖို့အတွက်ကိုဌာနအတွင်းမှာစီစဉ်ဆောင်ရွက်နေတယ်။ ပုံဖော် နေတာပေါ့။ တခြားနိုင်ငံတွေရဲ့ဥပဒေတွေ တွေ့ရပြီးတော့ ဥပဒေရေးဆွဲနိုင်ဖို့ ဆောင်ရွက်နေတဲ့ အနေအထား မှာရှိပါတယ်" ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် က ပြောသည်။

MLM လုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည့်ကုမ္ပဏီများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ၏ ဥပဒေပုဒ်မ ၅ အရ ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ်အနေဖြင့် ၅ သိန်းထက် မပိုသည့် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဦးခင်မောင်လွင်ကဆိုသည်။

ထိုကဲ့သို့ MLM စနစ်ကိုတားမြစ်ခဲ့ခြင်းကြောင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ရပြီး အောက်ခြေမှရောင်းဝယ်ဖြန့်ချိသူများ အနေဖြင့် နစ်နာမှုများ ရှိနေကြောင်း မန်ဘာတစ်သိန်းကျော်ရှိနေသည့် Successmore Being Yangon Trading ပြောသည်။

"Direct Selling ရယ် MLM ရယ်က Direct Selling ရဲ့ခေါင်းစဉ်အောက်မှာ Single-level နဲ့ Multi-level ရှိတာပဲလေ။ အဲဒီလိုမျိုးဆိုတော့ အစ်မတို့နိုင်ငံမှာကိုက MLM နဲ့ Direct Selling နဲ့ကို ကွဲပြားတယ်လို့ ထင်နေကြတယ်။ နောက်တစ်ခုကဘာလဲဆို Pyramid Schmes ကို MLM နဲ့ထင်တယ်။ Pyramid Schmes ဆိုတာက ခုနကပြောတဲ့ လူတွေကိုမိတ်ဆက်တယ် လူတွေမိတ်ဆက်တဲ့နေရာမှာထုတ်ကုန်ပစ္စည်းမရှိဘူး။ မိတ်ဆက်တဲ့ပေါ်မှာပိုက်ဆံရမယ် ထုတ်ကုန်ပစ္စည်းကမရှိဘူးပေါ့ အဲဒါမျိုး။ သို့တည်းမဟုတ်ပေါ့ ထုတ်ကုန် ပစ္စည်းရှိသော်လည်းပဲ ပြင်ပစျေးကွက်ထဲမှာရောင်းချလို့ရတဲ့ပစ္စည်းမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ အသင်းဝင် အသင်း သားတွေလောက်ပဲ ဝယ်ယူလို့ရတဲ့ တခြားပြင်ပစျေးကွက်မှာပြန်လည်ရောင်းချလို့မရတဲ့ပစ္စည်းမျိုးမှသာလျှင် အစ်မတို့က Pyramid Schmes လို့ခေါ်တာလေ" ဟု Successmore Being Yangon Trading ကုမ္ပဏီမှ ဒါရိုက်တာ မနန်းကေဇင်လှ က ပြောသည်။

လက်ရှိအချိန်တွင် အစိုးရ၏ထုတ်ပြန်ချက်များကို လိုက်နာကာ လုပ်ငန်းရပ်ဆိုင်းထားမည်ဖြစ်ပြီး ဆက်လက် လုပ်ဆောင်ရမည့်အပိုင်းကို အစည်းအဝေးများကျင်းပ၍ ဆောင်ရွက်သွားမည်ဟု သိရသည်။

စီးပွားကူးသန်း၏ အဆိုပါထုတ်ပြန်ချက်ကြောင့် MLM စနစ်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီပေါင်း ၄၀ ခန့်မှ Successmore Being Yangon Trading ကုမ္ပဏီ၊ Double Crane (Myanmar) ကုမ္ပဏီ၊ Aimstar Network ကုမ္ပဏီ၊ Shwe Pann Taing ကုမ္ပဏီ၊ Zhulian ကုမ္ပဏီ၊ Myanmar Alpha International Trading ကုမ္ပဏီ၊ Shine Hope ကုမ္ပဏီ နှင့် Unicity ကုမ္ပဏီ စသည့်ကုမ္ပဏီများမှ MLM စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုကြရန်နှင့် MLM စနစ်ဖြင့် ရောင်းချနေမှုကို ရပ်ဆိုင်းကြောင်း ကြေငြာခဲ့ကြသည်။

 

Mizzima Weekly