သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံများအသုံးပြု၍မဲဆွယ်မှုကို USDP ကန့်ကွက်

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံများအသုံးပြု၍မဲဆွယ်မှုကို USDP ကန့်ကွက်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ။         ။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် အစိုးရအဖွဲ့တွင်လက်ရှိတာဝန် ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်များ၏ ပုံကိုအသုံးပြု၍ မဲဆွယ်နေခြင်းကိုကန့်ကွက်ကြောင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒ နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော်က ပြောသည်။

လာမည့် ၂၀၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် နိုင်ငံတော်သမ္မဦးဝင်းမြင့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံများကို အသုံးပြု၍ မဲဆွယ်ခြင်းမှာ ဥပဒေအရမညီညွှတ်သောကြောင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ကန့်ကွက်လွှာ ပေးပို့ ခဲ့ခြင်း လည်း ဖြစ်သည်။

“ ဒါဟာ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ရော၊ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ပြည်သူ့ လွှတ်တော်ဥပဒေနဲ့ရော ငြိစွန်းနေပြီးတော့ တရားမဲ့ပြုကျင့်ရာရောက်နေတဲ့အတွက် တာဝန်ရှိသူများအနေ နဲ့ဒါကိုထိန်းသိမ်းကြပ်မတ်ပေးဖို့ကန့်ကွက်တင်ပြပါတယ်ဆိုတဲ့ ပုံစံနဲ့ကျွန်တော်ကန့်ကွက်ခဲ့ပါတယ်”ဟု ဦးမျိုးဝင်းကျော်ကပြောသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ရန်ကုန်ရုံးတွင် စက်တင်ဘာ ၁၉ ရက်နေ့ပြုလုပ်သည့် ကိုယ်စားလှယ်လောင်းများ၏ သတင်းစာရှင်းလင်းပွဲတွင် မဇ္စျိမ၏မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကန့်ကွက်စာကိုလည်း စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သို့ပေးပို့ပြီး ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး တစ်ပြည်လုံး၌ လစ်လပ် မဲဆန္ဒနယ်သည် ပြည်သူ့လွှတ်တော်၌ ၄ နေရာ ၊ အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီး နှင့် ပြည် နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ ရှိနေသည်။

မဲဆွယ်စည်းရုံးရေးကာလသည် ရွေးကောက်ပွဲ မစတင်မီ ရက်ပေါင်း(၆၀) အလို၌ စတင်နိုင်ပြီး စက်တင်ဘာ ၃ ရက်နေ့က စတင်ကာ မဲဆွယ်စည်းရုံး နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် ထားသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) အနေဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ရသေ့တောင်မြို့နယ်၊ လဲချားမြို့နယ်နှင့် ကချင်ပြည်နယ် တို့ရှိမဲန္ဒနယ်များမှလွဲ၍ ကျန် ၁၀ နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီလည်းဖြစ်သည်။

Mizzima Weekly