နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဥက္ကဋ္ဌ ၂ ဦး အပါအဝင် ထိပ်တန်းခေါင်းဆောင် ၄ ဦး တာဝန်မှ နုတ်ထွက်ကာ ကြံ့ဖွံ့ပါတီ USDP အမတ်လောင်းများအဖြစ် ရွေးကောက်ပွဲ ဝင်ရောက်မည်ဖြစ်သည်။
ဥက္ကဋ္ဌ ဦးတင်ခ၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာတင်ထွန်းဦးတို့အပြင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးလှထွန်းနှင့် ဦးအောင်ငြိမ်းသည် ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် စာပေစာနယ်ဇင်းအဖွဲ့မှနေ၍ တရားဝင် နုတ်ထွက်စာတင်ရာ အဖွဲ့ရုံးခန်း၌ အလုပ်အမှုဆောင် အထူးအစည်းအဝေး ကျင်းပကာ လက်ခံလိုက်ကြခြင်း ဖြစ်သည်။
“သူတို့က အမတ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတာ ဟုတ်ပါတယ်။ ဒေသ အသီးသီးကနေ ပြိုင်ကြမှာပါ။ ကျနော်တို့အဖွဲ့မှာ မရှိတော့ဘူး” ဟု မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အတွင်းရေးမှူး ဦးကိုကိုက မဇ္ဈိမကို ပြောသည်။
ဦးတင်ခသည် အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်၊ ဒေါက်တာ တင်ထွန်းဦးသည် ပြည်သူ့လွှတ်တော်အတွက် ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ်၊ ဦးအောင်ငြိမ်းသည် အမျိုးသားလွှတ်တော် မကွေးတိုင်း ရေနံချောင်းနှင့် ဦးလှထွန်းသည် တိုင်းဒေသကြီး လွှတ်တော်အတွက် ပန်းဘဲတန်းမြို့နယ်မှနေ၍လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
“ခေါင်းဆောင်ကနေ ထွက်တာတင် မကဘူး၊ အသင်းဝင်အဆင့်ကနေပါ ထွက်သွားတာ။ ဆိုလိုတာက အသင်းဝင်တောင် လက်မခံဘူး။ နိုင်ငံရေးပိုင်း သွားပြီဆိုတော့ စာပေစာနယ်ဇင်းနဲ့ ဘာမှမပတ်သက်တော့ဘူး။ အစားထိုးထားပြီး ဆက်သွားမယ်။ ကျနော်တို့ စည်းကမ်းမှာ နိုင်ငံရေးနဲ့ မပတ်သက်ရ၊ လူမှုရေးလုပ်တဲ့ အဖွဲ့အစည်းလို့ ဥပဒေမှာ ပါတယ်” ဟု ဦးကိုကိုက ဆိုသည်။
’’အဖွဲ့ရည်ရွယ်ချက်က စာပေနဲ့ စာနယ်ဇင်းလောကသားတွေအတွက်ပါ။ လူမှုရေး ဆောင်ရွက်ပေးဖို့၊ စာဖတ်သူတွေကို အားပေးဖို့၊ စာဖတ်ရှိန်မြှင့်ဖို့၊ စာဖတ်သူတွေ တိုးပွားလာဖို့ ဆောင်ရွက်ပေးတယ်။ ရေးရှားတဲ့ အချိန်မှာ ရေလှူတယ်။ သက်ကြီး စာရေးဆရာတွေ တနှစ်တခါ ကန်တော့ပွဲ လုပ်ပေးတယ်။ စာပေစာနယ်ဇင်း အဖွဲ့ဝင်တွေရဲ့ သားသမီးတွေ ပညာရည်ချွန်ဆု ပေးတယ်။ စာပေစာနယ်ဇင်းအဖွဲ့က ပြည်သူနဲ့ မဆိုင်ဘူး။ စာပေနဲ့ စာနယ်ဇင်းသမားတွေက ပြည်သူ့အကျိုး သယ်ပိုးနေတော့ သူတို့တွေကို ကူညီတဲ့ လူမှုရေးအသင်းပါ’’ ဟု သူက ဆက်ပြောသည်။
စာပေနှင့် စာနယ်ဇင်းကဲ့သို့ပင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှ ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ၎င်း၏ ဇာတိမြို့ ရေဦးနှင့် တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တို့ ပါဝင်သည့် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်မှနေ၍ အမျိုးသားလွှတ်တော်အတွက် USDP အမတ်လောင်းအဖြစ် ယှဉ်ပြိုင်သွားမည်။
“ရွှေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတာ ဟုတ်ပါတယ်။ ကြံ့ခိုင်ရေးပါတီကနေ အမျိုးသားလွှတ်တော် အမတ်လောင်းအဖြစ် ပြိုင်မှာ” ဟု UMFCCI အထွေထွေအတွင်းရေးမှူး ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။







