စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > မဲမပေးရေး စာဖြန့်ဝေသူ ပြန်လွတ်လာ

မဲမပေးရေး စာဖြန့်ဝေသူ ပြန်လွတ်လာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္စျိမ) ။       ။ ရွေးကောက်ပွဲတွင် မဲမပေးဘဲ နေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်ပါ စာရွက်များ ဖြန့်ဝေသဖြင့် ယမန်နေ့က ရဲစခန်းတွင် စစ်ဆေးမေးမြန်းခံရသည့် ရန်ကုန်တိုင်း ဒလမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးထွန်းရင် ယနေ့ နံနက်တွင် ပြန်လွတ်လာသည်။

၅၂ နှစ်အရွယ် ဦးထွန်းရင်ကို ဒလမြို့နယ် ရဲစခန်းမှူးက မနေ့ညနေက ခေါ်ဆောင်  မေးမြန်းပြီးနောက် ယနေ့နံနက် ၁ဝ နာရီတွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“စာရွက်ကို စခန်းမှူးကို ပြလိုက်တယ်။ နိုင်ငံသားတိုင်းက သိထားသင့်တယ်။ ဝန်ထမ်းဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိတဲ့အတွက်ကြောင့် ဥပဒေရဲ့ ဗဟုသုတဆိုတာ နိုင်ငံသားတိုင်းမှာ ရှိသင့်တယ်လို့ ကျနော်ထင်တယ်လို့၊ ဒီနေရာမှာလည်း ဥပဒေချိုးဖောက်ထားတာ တခုမှ မပါဘူး၊ အဲဒီစာကို သေသေချာချာ ဖတ်ကြည့်ပါလို့ ပြောလိုက်တယ်” ဟု ဦးထွန်းရင်က မဇ္ဈိမကို ပြောသည်။

၎ လက်မ ပတ်လည် စာရွက်တွင် “နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိသည်။ နိုင်ငံသားတိုင်းသည် မိမိ၏ ဆန္ဒအရ မဲမပေးဘဲ နေထိုင်ခွင့် ရှိသည်။ အတင်းအကျပ် မဲထည့်ခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်’’ ဟူသော စာတန်း ၃ ကြောင်း ရေးသားထားကာ၊ အောက်ဘက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကို ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းမှတဆင့် ပြောကြားလိုက်သည့် စကားအတိုင်း NLD ပါတီ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များက ပြည်သူလူထုကို တိုက်တွန်းပြောဆိုနေသည့်အနေဖြင့် ဦးထွန်းရင်က ပြီးခဲ့သည့်လ ၃၁ ရက်နေ့တွင် အဆိုပါ စာရွက်များ  ကို ဖြန့်ဝေခဲ့ပြီးဖြစ်သည်။

NLD ဗဟိုအလုပ်အမှုဆောင်ဝင် ရှေ့နေ ဦးဥာဏ်ဝင်းက ’’ခေါ်ယူထိန်းသိမ်းတယ်၊ ခေတ္တပေါ့နော်။ ခေါ်ယူထိန်းသိမ်းတဲ့ လူတွေက ဥပဒေကို နားမလည်ဘူးနဲ့ တူတယ်။ အန်ကယ်တို့ ပြောနေတာက ဥပဒေ ပညာပေးလုပ်ငန်း၊ ဘာမှ အပိုမပါဘူး။ အဲဒီတော့ ဖမ်းဆီးထိန်းသိမ်းတဲ့လူတွေက ဥပဒေကို နားမလည်တာ။ ဒါမှမဟုတ်ရင် သူတို့ကို အမိန့်ပေးတဲ့လူတွေက ဥပဒေကို နားမလည်တာလို့ အန်ကယ်တို့က အဲဒီလိုပဲ သတ်မှတ်တယ်’’ ဟု ပြောသည်။

ဦးထွန်းရင်ကို ဖမ်းဆီးခြင်း မဟုတ်ကြောင်း  ဒလမြို့ ရဲစခန်းမှ တာဝန်ရှိသူ ဒုရဲအုပ်တဦးက မဇ္ဈိမကို ပြောသည်။

“မဖမ်းပါဘူးခင်ဗျာ၊ သူက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ပြီး ဒီမနက်မှ ဆေးရုံကနေ ဆင်းပြီး ပြန်သွားပါပြီ ခင်ဗျာ။ နေမကောင်းလို့ သူ့ဘာသာသူ ဆေးရုံတက်တာ။ သူက သွေးပေါင်ချိန်ပါ ကျနေတာ။ ကျနော်တို့က ဝိုင်းပြီး စောင့်ရှောက်ပေးတာပါ။ ကျနော်တို့ကိုယ်တိုင် လိုက်ပို့ပေးလိုက်ပါတယ်’’ ဟု သူက ပြောသည်။

ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ဒလမြို့ဈေးမှအပြန် လမ်း၌ စခန်းမှူး ဒုရဲအုပ်မျိုးကျော်စိုးက ဒလရဲစခန်းသို့ ခေါ်ဆောင်ကာ  မေးမြန်းစဉ် ဦးထွန်းရင်က ခေါင်းမူးလာသဖြင့် ဆေးရုံသို့ တင်ခဲ့ကြရသည်။

ယမန်နေ့က မူးလဲစဉ် အပေါ်သွေး ၈ဝ၊ အောက်သွေး ၅ဝ သာ ရှိနေသဖြင့် သွေးအားတိုးဆေးများ သွင်းခဲ့ရကာ လက်ရှိတွင် သွေးပေါင်ချိန် ၁၁ဝ နှင့် ၇ဝ ရှိနေ၍ ကျန်းမာရေး ကောင်းမွန်နေပြီဖြစ်သည်။

စာဖြန့်ဝေခြင်းသည့် ပြည်သူလူထုကို ဗဟုသုတရစေမည့်အပြင် ဥပဒေကို ချိုးဖောက်သည့်အလုပ် မဟုတ်ကြောင်းနှင့် မည်သည့်အဖွဲ့အစည်းကို တိုက်ခိုက်ခြင်းမျိုး မရှိသဖြင့် ပြန်လွှတ်ပေးခြင်း ဖြစ်သည်ဟု ဦးထွန်းရင်က ပြောသည်။

“ဒီကိစ္စနဲ့သာ အရေးယူဆောင်ရွက်မယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ တံတွေးခွက်မှာ ပက်လက်မျောသွားမယ့် အနေအထားမှာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာပေလွတ်လပ်ခွင့် မရှိတဲ့ကြားက ဒီလို ဗဟုသုတလေးတွေ ပြည်သူလူထုကို ဖြန့်ဝေတာတောင်မှ လက်မခံဘူးဆိုလို့ရှိရင် ဒီအဆင့်က မြန်မာနိုင်ငံအတွက် အထူးသဖြင့် စစ်အစိုးရအတွက် အင်မတန် အရုပ်ဆိုး အထီးကျန်သွားမယ်ဆိုတာ လုံးဝ ယုံကြည်တယ်။ တကယ်လို့ ထောင်ကျမယ်ဆိုရင်လည်း ပြုံးပြုံးလေးပဲ ခံသွားမှာ״ ဟု သူက ပြောသည်။

ဦးထွန်းရင်သည် အာဏာပိုင်များ၏ ဖမ်းဆီးချုပ်နှောင်မှုကို မကြာခဏ ခံခဲ့ရပြီး ၄ ကြိမ်တိုင် ထောင်ကျခဲ့ရသူ ဖြစ်သည်။  ၂ဝဝ၃ ခုနှစ်တွင် မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ ဖြင့် စွပ်စွဲကာ ထောင်ဒဏ် ၅ နှစ်ချခံခဲ့ရပြီး၊ ၂ဝဝ၇ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1511 guests online