စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ

ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ ရွေးကောက်ပွဲ သပိတ်မှောက်မှုကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီး ရွေးကောက်ပွဲ ကျင်းပရာ၌ ထုတ်ပြန်ထားသည့် ဥပဒေများနှင့် ညီမညီ လေ့လာစောင့်ကြည့်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်တွန်းလိုက်သည်။

သူ့ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် ယမန်နေ့ နေ့လည် ၂ နာရီမှ  ၄ နာရီအထိ တွေ့ဆုံခွင့် ရစဉ် ဒေါ်အောင်ဆန်းစုကြည်က ဤသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
dawsuu
“ရွေးကောက်ပွဲ သပိတ်မှောက်တယ်လို့ အဖွဲ့ချုပ်လူကြီးတွေ ဆုံးဖြတ်တာကို သူသဘောတူတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုသပိတ်မှောက်တာဟာ အခုမှ မဟုတ်ဘူး။ မတ်လ ၂၉ ရက်နေ့က ဗဟိုကော်မတီက ဆုံးဖြတ်ပြီးသားပါလို့ အဲဒီလို ပြောတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒေါ်စု ပြောတာက ဒီရွေးကောက်ပွဲကို NLD က မဝင်ဘူးဆိုပြီးတော့ လှည့်မကြည့်ဘဲ နေလို့မရဘူး၊ လေ့လာနေရမယ်တဲ့။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်တွေက တရားမျှတမှု မရှိဘူး။ သို့သော်လည်း အဲဒီ ဥပဒေနဲ့အညီ လုပ်သလားဆိုတာ အမြဲတမ်း အကဲခတ်နေဖို့ လိုတယ်လို့ ပြောတယ်” ဟု ပြောဆိုသည်။

၂ဝဝ၈ အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများသည် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မည်သို့မှ ဦးတည်ခြင်း မရှိသဖြင့်  ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယခုလ ၁၉ ရက်က NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် ၇ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၈ ဦးတို့ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံရာတွင် နေအိမ်ပြင်ဆင်ရေး၊ သူမအပေါ် ပြစ်ဒဏ်ချမှတ်ထားမှု အယူခံတင်သွင်းရေးနှင့် ခြံဝင်းထဲရှိ အိမ်အိုတလုံး ဖြိုဖျက်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသော်လည်း အသေးစိတ်ကို ထုတ်ဖော်မပြောပါ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ကြောင်းလည်း ပြောသည်။

အိမ်မကြီးရှိ ပျက်စီးနေသော နေရာများကို အင်္ဂတေဖြင့် ပြန်လည်ဖာထေးထားသဖြင့် ထိုနေရာများကို ဆေးသုတ်ရန်နှင့် မှန်များ လဲလှယ်တပ်ဆင်ရန် ကျန်နေပြီး ခြံဝင်း လုံခြုံရေး ယူထားသည့် အာဏာပိုင်များက ယခုလအတွင်း အပြီးသတ်ရန် ပြောထားပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်ပြင်ဆင်မှု အထူးအယူခံကို ယခုနှစ် မေလ ၁ဝ ရက်တွင် ရန်ကုန် ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့သော်လည်း နှစ်ဖက်ရှေ့နေများ လျှောက်လဲရမည့် ရက်ကို ယခုတိုင် ကြေညာခြင်း မရှိသေးပါ။

လက်ရှိပြစ်ဒဏ်အရ ရွေးကောက်ပွဲပြီး၍ တပတ်ကြာတွင် ပြန်လွတ်မည်ဟု NLD ခေါင်းဆောင်များက မျှော်လင့်ထားသည်။

ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု ယခုလ ၁၃ ရက်နေ့က စစ်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1539 guests online