စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > ကြွေးကြော်မဲဆွယ်တဲ့ ကြံ့ဖွံ့ တစညအတိုင်ခံထိ

ကြွေးကြော်မဲဆွယ်တဲ့ ကြံ့ဖွံ့ တစညအတိုင်ခံထိ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင်(မဇ္စျိမ) ။      ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် ၎င်း၏မဟာမိတ်ဟု လူအများယူဆကြသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ မဲဆွယ်ရေးဆိုင်ရာ လုပ်နည်းလုပ်ဟန် အငြင်းပွားမှု ပဲခူးတွင် ဖြစ်နေသည်။

စစ်အစိုးရထူထောင်ထားသော ကြံ့ဖွံ့ပါတီက ပဲခူးတိုင်း ထုံးကြီးကျေးရွာအုပ်စုမှ ဘုရားငုတ်တိုရွာ ဓမ္မာရုံတွင် အင်္ဂါနေ့က ဟောပြောစည်းရုံးရာ၌ “ ပြည်ခိုင်ဖြိုးအောင်ရမည်” ဟု ကြွေးကြော်ခဲ့သဖြင့် ဥပဒေ ချိုးဖောက်သည်ဆိုကာ တစည က ပဲခူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည်။

usda “မြို့နယ် ကော်မရှင်ကနေ ဒါတွေ မလုပ်သင့်သေးဘူး။ လုပ်မယ်ဆိုရင်လည်း ဥပဒေအရ လုပ်ရမယ်ဆိုပြီး ပြောရမယ်လေ၊ ကျနော်တော့ ဒီနေ့ အကြောင်းကြားမယ်။ လုပ်တာမလုပ်တာ သူတို့အပိုင်းပေါ့။ ကျနော်တို့က ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်တယ်လို့ မပြောဘူး။ ကော်မရှင်ကနေ ပြောရမယ်လေ”ဟု ပဲခူးတိုင်း တစည အတွင်းရေးမှူး ဦးလှမြင့်က မဇ္စျိမကို ပြောခဲ့သည်။

ဇွန်လ ၂၁ ရက်နေ့ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီများ ကြွေးကြော် ချီတက်ခြင်း မပြုရန်နှင့် သာသနာရေးဆိုင်ရာ နေရာများ၌ အနှောက်အယှက် မဖြစ်စေရဟူသည့် အချက်များပါသည်။

“ပြည်ခိုင်ဖြိုးကို မဲပေးကြပါ။ ပြည်ခိုင်ဖြိုး နိုင်ရမယ်ဆိုပြီး အော်တာပေါ့။ အောင်ရမည်၊ အောင်ရမည်လို့ အော်ကြတာ ״ဟု ပဲခူးမြို့ဒေသခံတဦးက ပြောသည်။

ကြံ့ဖွံ့၏ယမန်နေ့က အစည်းအဝေးအတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ရယူခြင်းမရှိဟု ဒေသခံများက စွပ်စွဲပြောဆိုနေကြသည်။

“ကျနော်တို့က ဥပဒေနဲ့ မညီဘူးဆိုရင် ဘယ်ပါတီဘဲဖြစ်ဖြစ် ထောက်ပြမှာဘဲ၊ ကျန်တာက သက်ဆိုင်ရာက ဆက်လုပ်ပေါ့နော်။ မလုပ်ဘူးဆိုရင် မှတ်ထားမယ်״ဟု ဦးလှမြင့်က ပြောသည်။
ပဲခူးခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ဆက်သွယ်၍ မရခဲ့ပေ။

ဗိုလ်ချုပ်ကြီးနေဝင်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ၁၉၈၈ တွင် အမည်ပြောင်း၍ ဖွဲ့စည်းထားသောတစည ပါတီသည်  ၁၉၉ဝ  ပါတီစုံ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁ဝ နေရာတွင် အနိုင်ရရှိခဲ့သည်။ ထိုစဉ်က နိုင်ငံတဝန်း တတိယမြောက် လွှတ်တော်ကိုယ်စားလှယ် အများဆုံးရရှိခဲ့သည့် ပါတီဖြစ်သည်။

စစ်ဗိုလ်ချုပ်ကြီးများ အရပ်ဝတ်လဲ၍ ဝန်ကြီးချုပ်ဦးသိန်းစိန်ခေါင်းဆောင်သော ကြံ့ဖွံ့မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိရာ ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိ ၁ဝ ဦး လာမည့်သောကြာနေ့တွင် စစ်ဘက်မှ နုတ်ထွက်မည်ဟု ကာကွယ်ရေးဝန်ကြီးဌာနသတင်းရပ်ကွက်တခုက မဇ္ဈိမသို့ ပြောကြားသည်။

အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ဆက်ဆံရေးဝန်ကြီးအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခန့်အပ်ထားသော အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ရန်ကုန် မင်္ဂလာတောင်ညွန့်မှ ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံမည်ဖြစ်သည်။

အတည်မပြုနိုင်သေးသောသတင်းတရပ်အရ စစ်အစိုးရ တတိယခေါင်းဆောင် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် နအဖအတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးတို့ပင် စစ်ယူနီဖောင်းချွတ်ကာ နေပြည်တော်မဲဆန္ဒနယ်မြေများမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုဆိုသည်။

အခြား ဝန်ကြီးများ၊ အငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးများလည်း ကြံ့ဖွံ့ဘက်ကပင် အရွေးခံမှာဖြစ်သည်။ ကြံ့ဖွံ့၏ မူဝါဒတရပ်တွင် လက်ရှိ အင်အား ၄ သိန်းကျော်ရှိ မြန်မာ့တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော တပ်အဖြစ် တည်ဆောက်မည်ဟု ပါရှိသည်။

လက်ရှိစုံစမ်းအတည်ပြုချက်ရရှိသော ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းများနှင့် နေရာများမှာ

ဝန်ကြီး ဝင်ရောက်ယှဉ်ပြိုင်မည့်နေရာ
ဆည်မြောင်းဝန်ကြီး ဦးဌေးဦး ဟင်္သာတ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာ
တွံတေး
စွမ်းအင်ဝန်ကြီး ဦးလွန်းသီ ကွမ်းခြံကုန်း
စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်း တောင်သာ
ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော် မိုးကောင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေး ဝန်ကြီး ဦးမောင်မောင်ဆွေ
နမ့်ဆန်
အလုပ်သမားဝန်ကြီး ဦးအောင်ကြည်
မင်္ဂလာတောင်ညွန့်
ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း တွံတေး
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး
ဦးမောင်မောင်သိမ်း
ကော့မှူး
ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဆိပ်ကြီးခနောင်တို



 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1514 guests online