စနေ, ၀၄ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ၂၀၁၀ ရွေးကောက်ပွဲ > မွန် MNDF ရွေးကောက်ပွဲ မဝင်

မွန် MNDF ရွေးကောက်ပွဲ မဝင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး ပါဝင်သည့် တောင်းဆိုချက် ၃ ချက်ကို စစ်အစိုးရက မလိုက်လျောသဖြင့် ရွေးကောက်ပွဲ မဝင်နိုင်ကြောင်း မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF က မဇ္ဈိမကို ပြောသည်။ 

ဒေါ်စုနှင့် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန်နှင့် ၂ဝဝ၈ အခြေခံဥပေဒ ပြင်ဆင်ရနု MNDF က နအဖ စစ်အစိုးရထံသို့ လွန်ခဲ့သည့် တနှစ်ကတည်းက တောင်းဆိုခဲ့သော်လည်း တစုံတရာ လိုက်လျောမှု မရှိရာမှ ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ 

“ကျနော်တို့က အဲဒီအချက်တွေ မလိုက်လျောရင် ရွေးကောက်ပွဲ မဝင်ဘူးလို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ကတည်းက ကြေညာထားတာပါ။ ရွေးကောက်ပွဲဥပဒေတွေ ထွက်လာတော့ တောင်းဆိုချက်တွေကို နအဖ ဘက်က မလိုက်လျောတဲ့အတွက်  ရွေးကောက်ပွဲ မဝင်ဘူးဆိုတာ အတည်ဖြစ်သွားတာပေါ့။ ကျနော်တို့ လုံးဝ မဝင်ပါဘူး” ဟု MNDF ဒုဥက္ကဋ္ဌ နိုင်ငွေသိမ်းက မဇ္ဈိမကို ပြောသည်။ 

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ MNDF ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD၊ ဇိုမီးအမျိုးသား ကွန်ဂယက် ZNC စသည်တို့ အပါအဝင် တိုင်းရင်းသားပါတီ ၁၁ ပါတီဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA က အဆိုပါ တောင်းဆိုချက် ၃ ချက်ကို စစ်အစိုးရထံသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

“ကျနော်တို့က အမျိုးသား ညီလာခံမှာ အခြေခံဥပဒေတွေကို တဖက်သတ်ရေးဆွဲကတည်းက မထောက်ခံတာပါ။ တကယ် ဥပဒေထွက်လာတော့လည်း ဒီမိုကရေစီ မကျတဲ့အချက်တွေ အများကြီး ပါနေတယ်။ ဒါကြောင့် ဒီအခြေခံဥပဒေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပုံဖော်နိုင်မယ် မထင်ပါဘူး” ဟု နိုင်ငွေသိမ်းက ပြောသည်။ ထို ၃ ချက် လိုက်လျောလျှင် ရွေးကောက်ပွဲဝင်ရေး စဉ်းစားမည်ဟု သူက ဆိုသည်။ 

MNDF ကဲ့သို့ပင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၁၁ နေရာ အနိုင်ရရှိခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD၊ မဲဆန္ဒနယ် ၂ နေရာ အနိုင်ရရှိခဲ့သည့် ဇိုမီးအမျိုးသားကွန်ဂယက် ZNC တို့လည်း ရွေးကောက်ပွဲ မဝင်ကြောင်း ကြေညာထားသည်။ 

သို့သော် ဒေါက်တာ တူးဂျာဦးဆောင်သည့် KSPP ခေါ် ကချင်ပါတီက ရွေးကောက်ပွဲ ဝင်ရောက်မည်ဟု အတိအလင်း ကြေငြာထားပြီး ကရင်ပါတီနှင့် ရခိုင်တိုင်းရင်းသား ပါတီတချို့လည်း ရွေးကောက်ပွဲဝင်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

MNDF သည် ၁၉၉ဝ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ် ၄ နေရာ အနိုင်ရရှိခဲ့ပြီး၊ ကရင်ပြည်နယ်တွင် ၁ နေရာ စုစုပေါင်း  ၅ နေရာ နိုင်ခဲ့သည်။  

သို့သော် MNDF ပါတီခေါင်းဆောင် ၃ ဦးကို နဝတ ငြိမ်ပိအစိုးရက ၁၉၉၁ ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းပြီးနောက် ပါတီလုပ်ငန်းစဉ်များကို တိကျမှန်ကန်စွာ လုပ်ဆောင်နိုင်ခြင်းမရှိဟု အကြောင်းပြကာ ယင်းနှစ်တွင်ပင် ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။  

MNDF သည် ၁၉၉၈ ခုနှစ်တွင်  ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) သို့ ဝင်ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် UNA အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။