ကေအင်န်ယူ နယ်မြေတွင်း ဗုံးကြဲခံရမှု ကေအင်န်ယူ စုံစမ်းစစ်ဆေးနေပြီ

ကေအင်န်ယူ နယ်မြေတွင်း ဗုံးကြဲခံရမှု ကေအင်န်ယူ စုံစမ်းစစ်ဆေးနေပြီ

ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ငူခရိုင် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၂ ဌာနချုပ်မှ ရှစ်မိုင် အကွာတွင် တပ်မတော် လေတပ်က ဧပြီ ၂၉၊ ၃၀ ရက်များတွင် ဗုံး သုံးလုံးကြဲခဲ့သည့်အတွက် KNU ဘက်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဟု KNU တွဲဘက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲက မဇ္ဈိမကို ပြောသည်။

အစိုးရ စစ်တပ်က ဗုံးကြဲမှုနှင့် ပတ်သက်၍ KNU ကို တရားဝင် အကြောင်းပြန်ကြားခြင်း မရှိသည့်ပြင် ဗုံးကြဲသည်မှာ မဟုတ်ဟု သတင်းဌာနအချို့ကို ဖြေကြားထားသည်များ ရှိနေ၍ KNUက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပဒိုစောသောသီဘွဲက မဇ္ဈိမကို ပြောသည်။

“လေယာဉ်ပျံနဲ့ ဗုံးကြဲတယ်ဆိုတော့ အစိုးရတပ်မတော်ဘက်ကပဲ ဖြစ်မှာပါ။ ဒါပေမဲ့လို့ ဘာကြောင့် ဖြစ်တယ်။ စစ်ရေးလေ့ကျင့်နေတာလား။ ဘာကြောင့် စစ်လေ့ကျင့်တာလဲဆိုတာ ဘယ်လိုအကြောင်းကြားချက်တွေ ရှိသလဲ။ ဒါက စစ်ရေးလေ့ကျင့်ရင်းနဲ့ ဖြစ်သွားတာမျိုးကို ပြောသလို၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာမျိုး မဟုတ်ရပါဘူးလို့ ငြင်းပြောတာမျိုးတွေ ဒါက သိပ်သဘာဝမဆန်ဘူးလေ။ လက်တွေ့မှာ ကွင်းမှာ ဖြစ်ရှိနေတဲ့နေရာဒေသက တင်ပြလာတဲ့အပေါ် ဘယ်လောက်ထိ ဟုတ်သလဲ။ ဘယ်လောက်မှန်သလဲ။ ဘယ်လောက် စိုးရိမ်စရာ မရှိဘူးလဲ ဆိုတဲ့ဟာမျိုးကိုပဲ ကျွန်တော်တို့ စုံစမ်းနေဆဲ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိ KNU ၏ ဒုတိယ တပ်မဟာမှူး စုံစမ်းစစ်ရေးမှူးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများကို အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသွားရန် ညွှန်ကြားထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“အစိုးရဘက်က လုပ်ဆောင်တာက တကယ်သင်တန်းကွင်းမှာလား။ စစ်လေ့ကျင့်ရင်းနဲ့ ပစ်မှတ်လွန်တာမျိုးတွေလား။ နောက်ပြီးတော့အဲဒီလို ဆောင်ရွက်နေတဲ့ကာလမှာ ကျနော်တို့ကို ဘယ်လောက် အသိပေးထားတာ ရှိသလဲ။ အဲဒါကိုတော့ တစ်ခါတရံက လေယာဉ်လာလို့ ဗုံးကြဲလေယာဉ်ပဲ ပြောပြော၊ တိုက်လေယာဉ်ပဲ ပြောပြော၊ ကိုယ့်ဧရိယာပေါ်မှာ ဖြတ်သန်းမှု ရှိတာမျိုးလေးတွေက ဟိုတုန်းက ပစ်တာခိုက်တာမျိုးလေးတွေ၊ ခြောက်တာမျိုး၊ သတိပေးပစ်တာမျိုးတွေ ရှိတာပေါ့နော်။ အဲဒါမျိုးတွေ တစ်စုံတစ်ရာ အကြောင်းကြားထားမျိုး ရှိသလားဆိုတာကိုတော့ ကျနော်တို့ ဆက်လက် စုံစမ်းရမှာပေါ့လေ”ဟု ပဒိုစောသောသီဘွဲက ဆက်လက် ပြောသည်။

အစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေး လုပ်ဆောင်နေချိန်၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ကြိုးပမ်းနေချိန်တွင် နှစ်ဘက် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သဖြင့် ယခုကိစ္စမျိုး မဖြစ်ပေါ်လာစေရန် သတိပေး ကန့်ကွက်သွားမည်ဟုလည်း ၎င်းက  ပြောဆိုသည်။

အစိုးရ လေတပ်က ဗုံး သုံးလုံး ကြဲခဲ့မှုကြောင့် ထိခိုက်မှု မရှိသော်လည်း ကျေးရွာသားများက ခြံ၊ ကိုင်းများ လုပ်ဆောင်နေသဖြင့် စိုးရိမ်မှုများ ရှိနေဆဲ ဖြစ်သည်ဟု ပဒိုစောသောသီဘွဲက ပြောသည်။

KNU သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားပြီး ဖေဖော်ဝါရီလ ၁၂ ရက်က ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက် လက်မှတ်ရေးထိုးခဲ့သော အဖွဲ့လည်း ဖြစ်သည်။

လက်ရှိ ဝ ပြည် သွေးစည်းညီညွှတ်ရေးပါတီ (UWSP) ဌာနချုပ် ပန်ဆန်းမြို့တွင် ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ၏ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲတွင်လည်း KNU ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly