ပညာရေး ဥပဒေကြမ်း ဆွေးနွေးရာတွင် ကျောင်းသားသမဂ္ဂများ အမှိုက်ကောက် ဂိတ်စောင့်ရမှာလားဟု မေးခွန်းထုတ် ဆွေးနွေး

ပညာရေး ဥပဒေကြမ်း ဆွေးနွေးရာတွင် ကျောင်းသားသမဂ္ဂများ အမှိုက်ကောက် ဂိတ်စောင့်ရမှာလားဟု မေးခွန်းထုတ် ဆွေးနွေး
လက်ပံတန်းတွင် ကျောင်းသားများ ရုံးထုတ်စဉ် ဖမ်းဆီးထားသည့် ကျောင်းသားများအား လွှတ်ပေးရန် တရားရုံးရှေ့ ဆန္ဒပြနေသည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

နေပြည်တော် (မဇ္ဈိမ) ။ ။ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည့် အမျိုးသား ပညာရေး ဥပဒေကြမ်းတွင် ကျောင်းသား သမဂ္ဂဖွဲ့စည်းခွင့်ကို တရားဝင်ဖွဲ့စည်းခွင့် ပြုလိုက်သော်လည်း လုပ်ပိုင်ခွင့် တာဝန်များကို ပယ်ဖျက်သည့်အတွက် ကျောင်းသားသမဂ္ဂ အမှိုက်ကောက် ဂိတ်စောင့် လုပ်ရမည်လားဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က မေးခွန်းထုတ်လိုက်သည်။

“ပြည်သူ့လွှတ်တော်အတည်ပြုချက်ကို ကြည့်မယ်ဆိုရင် ဥပဒေအရ ကျောင်းသား သမဂ္ဂတော့ ဖွဲ့စည်းမယ်ဆိုရင် ဥပဒေ အတိုင်းပြုမယ်။ ကျောင်းသား သမဂ္ဂတွေက ဘာလုပ်ရမလဲ မေးစရာဖြစ်ပေါ်နေပါတယ်။ ဘာမှလုပ်ပိုင်ခွင့် မပေးထားရင် ကျောင်းမှာ အမှိုက်ကောက် ဂိတ်စောင့်ပဲ လုပ်ရမှာလားဆိုတာ မေးစရာဖြစ်လာပါပြီ” ဟု ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော်က ပြင်ဆင်အတည်ပြုချက်များဖြင့် ပြန်လည်ပေးပို့လာသည့် အမျိုးသား ပညာရေး ဥပဒေကြမ်းကို ယနေ့ အမျိုးသားလွှတ်တော်တွင် ကိုယ်စားလှယ် ခြောက်ဦးက ပြန်လည်ဆွေးနွေးရာတွင် အထက်ပါအတိုင်း ဆွေးနွေးလိုက်ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်က ပြန်လည်ပေးပို့သော ပြင်ဆင်အတည်ပြုချက်များသည် မူလအမျိုသားလွှတ်တော်က ပေးပို့လိုက်သော ပြင်ဆင်အတည်ပြုချက်များနှင့် သဘောထားကွဲလွဲမှုများ ရှိသည်။

အထူးသဖြင့် အမျိုးသား ပညာရေး မူဝါဒကော်မတီဖွဲ့စည်းခြင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် ဆရာသမဂ္ဂများ ညှိနှိုင်းရွေးချယ်သော နိုင်ငံဝန်ထမ်း မဟုတ်သည့် ပညာရှင်နှစ်ဦး၊ ကျောင်းသားသမဂ္ဂများက ညှိနှိုင်းရွေးချယ်သော နိုင်ငံဝန်ထမ်းမဟုတ်သည့် ပညာရှင်နှစ်ဦးကို ပြည်သူ့လွှတ်တော်က ပယ်ဖျက် လိုက်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသား စာပေစကား သင်ကြားယူမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံ ပညာမူလတန်းအဆင့်မှ စတင်၍ အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်နိုင်သည် ဆိုသည့်အချက်ကို ပြည်သူ့လွှတ်တော်က ပယ်ဖျက်လိုက်သည်။

အမျိုးသားပညာရေး ရည်မှန်းချက်များနှင့်အညီ သင်ရိုးညွှန်းတမ်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပညာရေး ဥပဒေနှင့်အညီ လိုအပ်သောအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းဆိုသည့် အပိုဒ်ကိုလည်း ပြည်သူ့လွှတ်တော်က ပယ်ဖျက်လိုက်သည်။

“ပညာရေး ဥပဒေကို အကောင်အထည်ဖော်ရေးဆွဲရာတွင် ကောင်းမွန်ပြီး လက်တွေ့အချက်ပေါ်မူတည်ပြီး ကျောင်းသားများကို ချွေးသိပ်ဖို့ သက်သက်မဟုတ်ဘ NNER နဲ့ ပြဿနာ ပြေလည်ရင်ပြီးရော သဘောမဆောင်ဘဲ အစိုးရငြိုငြင်ခံရမှာကို မတွေးဘဲ နိုင်ငံတော်နိုင်ငံသား အကျိုးစီးပွား နောင်မျိုးဆက်သစ်တို့၏ အကျိုးစီးပွားကိုသာ မျှော်တွေးဆောင်ရွက်ဖို့ အကြံပြုဆွေးနွေးလိုပါတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ဆွေးနွေးသည်။

အမျိုးသား ပညာရေး ဥပဒေကြမ်း၏ ယနေ့ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ် စားလှယ်များ၏ ဆွေးနွေးချက်များကို ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာရန် လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်ချက် ချမှတ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly