၂၀၁၅ ခုနှစ်အတွက် ဖလောရင့် နိုက်တင်ဂေးဆုကို မြန်မာနိုင်ငံမှ သူနာပြုရရှိ

၂၀၁၅ ခုနှစ်အတွက် ဖလောရင့် နိုက်တင်ဂေးဆုကို မြန်မာနိုင်ငံမှ သူနာပြုရရှိ

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ် အတွက် ဖလောရင့် နိုက်တင်ဂေးဆုကို မြန်မာနိုင်ငံမှ ထူးချွန်သူနာပြု တစ်ဦးဖြစ်သည့် ဦးစနိုင်နိုင်ထွန်း ရရှိခဲ့သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဋ္ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမြတ်သိန်းက ပြောသည်။

ဦးစနိုင်နိုင်ထွန်းသည် ၂၀၀၈ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်း ကာလအတွင်း မိမိတာဝန်ကျရာ ဟိုင်းကြီးကျွန်းရှိ မုန်တိုင်းဒဏ်ခံ ပြည်သူများအားဘေး ကင်းရာသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ သူနာပြုပေးခြင်းတို့ကို သက်စွန့်စံဖျား ဆောင်ရွက်ခဲ့သောကြောင့် ရှိခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ မေလ ၁၂ ရက်က ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဒေါ်ခင်မျိုးမြတ်သိန်းက “ဖလောရင့် နိုင်တင်ဂေးဆုက သဘာဝဘေးအန္တရာယ်နဲ့ ပဋိပက္ခဖြစ်ရာ ဒေသတွေမှာ တကယ်သက်စွန့်ဆံဖျား ကူညီခဲ့သူ သူနာပြုတွေကို ပေးတဲ့ဆုပါ။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကတော့ ဘေးအန္တရာယ်တွေ ကြားကနေပြီး ပြည်သူတွေကို ကူညီသူ လူမှုကရုဏာ လုပ်ငန်းမည် သူကိုမဆို ဂုဏ်ယူပါတယ်” ဟု ဆိုသည်။

ဖလောရင့် နိုက်တင်ဂေး ဆုဆိုသည်မှာ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်များကြောင့် သော်လည်းကောင်း၊ လူ့ပယောဂကြောင့် ဖြစ်သော ဘေးအန္တရာယ်များကြောင့် သော်လည်းကောင်း ဒဏ်ရာရနေသူ၊ ဖျားနာနေသူ၊ မသန်စွမ်းဖြစ်နေသူပြည်သူများကို သက်စွန့်ဆံဖျား ကူညီကယ်ဆယ်ပြုစုသူ (သို့မဟုတ်) လူထု ကျန်းမာရေး သို့မဟုတ် သူနာပြုအသိပညာဆိုင်ရာ ကိစ္စများတွင် စံပြုထိုက်လောက်အောင် ဦးစီးဦးဆောင်ကာ တီထွင်ဖန်တီးလုပ်ဆောင်သူ သူနာပြုများ အတွက် ရည်ရွယ်ကာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများက ဦးဆောင် ချီးမြှင့်သောဆုဖြစ်ပြီး ၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

မေလ (၁၂) ရက်နေ့ (ကမ္ဘာ့သူနာပြုများနေ့) တွင် ထုတ်ပြန်ကြေညာသော (၄၅) ကြိမ်မြောက် ဖလောရင့်နိုက်တင်ဂေးဆုကိုမြန်မာနိုင်ငံမှ ဦးစနိုင်နိုင်ထွန်း အပါ အဝင် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ သူနာပြု (၃၆) ဦးရရှိခဲ့သည်။

ဦးစနိုင်နိုင်ထွန်းသည် မုန်တိုင်းကာလအတွင်း မုန်တိုင်းဒဏ်ကို ကိုယ်တွေ့ရင်ဆိုင်ခဲ့ရသည့် မုန်တိုင်းဒဏ်ခံရသူ ဒုက္ခသည် တစ်ဦး ဖြစ်သော်လည်း မိမိတတ် ကျွမ်းထားသည့် သူနာပြု အတတ်ပညာများဖြင့် အများပြည်သူကို ကူညီရင်း အခြားသူများကိုလည်း ကူညီပေးသူများ ဖြစ်လာစေရန် စည်းရုံးလုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း  ဒေါ်ခင်မျိုးမြတ်သိန်းက ဆိုသည်။

ယင်းဆုမှာ သူနာပြုများအတွက် ကမ္ဘာ့အမြင့်ဆုံး ဆုဖြစ်ပြီး ယနေ့အထိ (၁၄၄၉) ဦးကို ရွေးချယ်ချီးမြှင့်ပြီး ဖြစ်သည်။ ယခုတစ်ကြိမ်နှင့်ဆိုလျှင် မြန်မာနိုင်ငံ၌ ဖလောရင့် နိုက်တင်ဂေးဆု ရရှိသူ (၄) ဦးရှိပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၆၃ ခုနှစ်တွင် သူနာပြု ဆရာမကြီး ဗိုလ်မှူး ဒေါ်ခင်အုန်းမြက ပထမဆုံး ရရှိခဲ့ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း စစ်ပြေးဒုက္ခသည် များအားဘေး ကင်းရာပြောင်းရွှေ့ပေးပြီး နေ့မအား ညမနား ပြုစုခြင်း၊ ဒဏ်ရာရ ဗမာ့လွတ်လပ်ရေး တပ်မတော်သားများအား ပြုစုခြင်း၊ ဂျပန်တော်လှန်ရေးတွင် တိုင်း (၄) ဆေး တပ်ဖွဲ့နှင့် ၎င်းရဲဘော်များအား ပြုစုခဲ့ခြင်းတို့ကြောင့်လည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် သူနာပြု ဦးစီးအရာရှိ ဒေါ်အမ်ယော်နမ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း တွင် မြန်မာ့တပ်မတော်စစ်ကြောင်း ဒဏ်ရာရရဲဘော်များနှင့် အရပ်သူ အရပ်သားများအား သက်စွန့်ဆံဖျား ပြုစုခြင်းကြောင့်လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် သားဖွားဆရာမ ဒေါ်သိန်းရီကို စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့တွင် မီးလောင်နေသော နေအိမ်အတွင်းမှ အသက် (၈) နှစ်အရွယ် ကလေးငယ်အား စွန့်စွန့်စားစား ကယ်တင်ခဲ့သည့်အတွက် လည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly