မန္တလေးရှိ လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီများကို ကွင်းဆင်းစစ်ဆေးကာ အရေးယူမည်

မန္တလေးရှိ လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီများကို ကွင်းဆင်းစစ်ဆေးကာ အရေးယူမည်
ရန်ကုန်မြို့ရှိ လျှပ်စစ်ဖြန့်ဖြူးပေးသည့် စက်တစ်လုံးကို ၂၀၁၄ အောက်တိုဘာလက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)

မန္တလေး (မဇ္ဈိမ) ။ ။ မန္တလေးခရိုင်အတွင်းတွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေသည့် ပုဂ္ဂလိက ကုမ္ပဏီများ၏ စည်းစနစ်မဲ့စွာ ဆောင်ရွက်မှုများကို စိစစ်ကာ ပြည်ထောင်စုအစိုးရထံ တင်ပြ အရေးယူသွားမည်ဟု မန္တလေးတိုင်း လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးကျော်မြင့်က မေလ ၁၁ ရက် ညနေက မဇ္ဈိမကို ပြောသည်။

"ကုမ္ပဏီတွေအနေနဲ့ ပြည်သူကို အခြေပြုပြီး လုပ်ဆောင်ပေးရမယ်။ အမြတ်မယူရဘူး မဟုတ်ဘူး။ အမြတ်ယူ လို့ရပါတယ်။ ဒါပေမယ့် ပြည်သူကို ကြည့်သင့်တယ်။ ကုမ္ပဏီက စနစ်တကျ လုပ်ဆောင်နေမယ်ဆိုရင် မီးအချိန်အကြာကြီး ပျက်စရာမလိုဘူး။ ဆောင်ရွက်မှုအားနည်းတဲ့ ကုမ္ပဏီ တွေကို ပြည်ထောင်စု အစိုးရကို တင်ပြပြီး အရေးယူသွားမယ်" ဟု ဦးကျော်မြင့်က ပြောသည်။

မန္တလေးခရိုင်အတွင်းတွင် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ် နှင့် မဟာအောင်မြေမြို့နယ်တို့အတွက် လျှပ်စစ်မီးဖြန့်ဝေရေးကို မြန်မာပေါင်းစည်းစွမ်းအားကုမ္ပဏီ၊အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် သုံးထပ်စက်ဝိုင်း ကုမ္ပဏီ၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွ် ပစိဖိတ်ကုမ္ပဏီတို့က တာဝန်ယူ ဖြန့်ဖြူးနေသည်ဟု ဦးကျော်မြင့်က ဆိုသည်။

"မေ ၈ ရက်နေ့ ညက လေပြင်းတိုက်ခတ်တာကို ကြည့်ခြင်းအားဖြင့် ဘယ်ကုမ္ပဏီက ဘယ်လိုလုပ်တယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။လုပ်ဆောင်ချက်ကောင်းတဲ့ ကုမ္ပဏီထိန်းတဲ့ မြို့နယ်တွေမှာ မီးချက်ခြင်းလင်းတယ်။ လုပ်ဆောင်ချက်မကောင်းတဲ့ ကုမ္ပဏီတွေရဲ့ မြို့နယ်မှာ မီးပျက်တာကြာတယ်။ ဒါတွေဟာ သက်သေပဲ။ လောလောဆယ် ဘယ်ကုမ္ပဏီဆိုပြီး နာမည်တပ်မပြောချင်ဘူး။ ခေါ်ယူဆွေးနွေးမှုတွေ လုပ်သွားမယ်။ လုပ်နိုင်မလုပ်နိုင်မေးမယ်။ မလုပ်နိုင်ဘူးဆိုရင် ပြည်ထောင်စုအစိုးရကို တင်ပြသွားမယ်။"ဟု ဦးကျော်မြင့်က ပြောသည်။

မြန်မာပေါင်းစည်းစွမ်းအား လျှပ်စစ်ဓါတ်အားပေးကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးသုတက "မီးပျက်တာတွေနည်းအောင် ဆောင်ရွက်နေပါတယ်။ ဖြစ်ရင်လည်း ချက်ခြင်း ဆောင်ရွက်နေပါတယ်။ ထရမ်စဖော်မာတွေ ပေါက်ကွဲပျက်စီရင်လည်း သုံးနာရီအတွင်း အသစ်တစ်လုံးလဲပေးပါတယ်။ အကောင်းဆုံးဆောင်ရွက်ပြီး ဝန်ဆောင်မှုတွေပေးနေပါတယ်။" ဟု မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်းဒေသကြီး ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒုတိယ အင်ဂျင်နီယာချုပ်မှလည်း "မလိုအပ်ဘဲဓါတ်အားမပိတ်ပါဘူး။ လေမိုးကျတဲ့အခါမှာ လျှပ်စစ်အန္တရာယ် မဖြစ်ပွားအောင်လို့ ပိတ်တာပဲရှိတယ်။ အဲဒီလို ပိတ်တာကိုတော့ နားလည်ပေးရမယ်။"ဟု ပြောသည်။

အဆိုပါကုမ္ပဏီများအနေဖြင့် ပြည်သူလူထုအား မီးပေးနေမှုအခြေအနေ အစီရင်ခံစာကို တစ်လတစ်ခါ တိုင်းဒေသကြီး အစိုးရထံ တင်ပြရန် ညွှန်ကြားထားပြီး ထိုအစီရင်ခံစာကို ကြည့်ကာ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဟု ဝန်ကြီးဦးကျော်မြင့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly