ကချင်နှင့် ရှမ်းမြောက် တိုက်ပွဲများက ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဖျက်ဆီးသကဲ့သို့ဖြစ်နေဟု NCCT ခေါင်းဆောင်ပြော

ကချင်နှင့် ရှမ်းမြောက် တိုက်ပွဲများက ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဖျက်ဆီးသကဲ့သို့ဖြစ်နေဟု NCCT ခေါင်းဆောင်ပြော
တစ်နိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ခေါင်းဆောင် နိုင်ဟံသာကို တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္စျိမ)

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့တွင် အစိုးရတပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲ ပိုမိုပြင်းထန်လာသဖြင့် နှစ်ဘက် ယုံကြည်မှုလျော့ကျကာ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖျက်ဆီးသကဲ့သို့ ဖြစ်နေသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်ရေး အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောဆိုလိုက်သည်။

“တိုက်ပွဲတွေ ဒီလိုဆက်ပြီး ပြင်းထန်နေရင် ယုံကြည်မှုမှာ အများကြီးကို လျော့နည်းလာတယ်။ သံသယတွေ ဖြစ်လာတယ်။ ဒါတွေက မကောင်းပါဘူး။ ဒါပေမဲ့ တဖက်ကတော့ အတတ်နိုင်ဆုံး ထိန်းနေကြတာချည်းပဲ။ ကေအိုင်အိုမှာလည်း တိုက်ပွဲတွေ လျော့ချရေးကော်မတီတွေ ဖွဲ့ပြီးတော့ ညှိနှိုင်းနေကြတာလေ။ ဒါတောင် ဒီလောက်ဖြစ်ရင် တခြားနေရာမှာကတော့ ဒီလိုတွေဆက်ဖြစ်ရင်တော့ ယုံကြည်ဖို့ဆိုတဲ့ဟာက အများကြီး မယုံကြည်မှုတွေ ပိုပြီး ပြင်းထန်လာတယ်” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။  

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင် မေလ ၆ ရက်မှ ယနေ့ထိ တိုက်ပွဲ ပိုမိုပြင်းထန်လာခြင်းက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းပါ သဘောတူညီ လက်မှတ်ရေးထိုးထားမှုအား ဖျက်ဆီးရာ ရောက်နေသည်ဟု နိုင်ဟံသာက ပြောသည်။

“ဒီသတင်းကြားရတာ စိတ်မကောင်းပါဘူး။ ဒီကနေ တဖက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ ကြိုးစားနေတယ်။ နောက်တဖက်ကလည်း မူကြမ်းသဘောတူညီမှု ရပြီးပြီ။ နားလည်မှုကတော့ တစ်စုံတစ်ရာ တိုးတက်လာတဲ့ အပိုင်းတွေရှိတဲ့အချိန်မှာ ဒီတပ်ဖက်ကနေ တိုက်ပွဲတွေ ဖော်ထုတ်နေတော့ တဖက်က လက်နဲ့ရေးပြီးတော့ တစ်ဖက်က ခြေနဲ့ဖျက်သလို ဖြစ်နေတယ်လေ။ ဒါတွေက မဖြစ်သင့်ဘူးလို့ မြင်တယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေ မန်စီမြို့နယ် နမ်လင်းပါနှင့် မုန်းဒိန်ပါကျေးရွာများတွင် မလ ၁၁ ရက် နံနက် ၈ နာရီမှ စတင်၍ တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာလည်း ပိုမိုပြင်းထန်လာနေသည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

“ခုလည်း တိုက်ခိုက်နေတယ်။ ဒီနေ့ မနက် ၈ နာရီခွဲကနေ မုန်းဒိန်ပါ။ ကောင်ဂျာမှာလည်း ဖြစ်နေတာ ခုထိဘဲ။ ခုတစ်နာရီလောက်ရှိနေတယ်။ နမ်လင်းပါရွာထိပ်မှာလည်း ဖြစ်နေတယ်။ နှစ်နေရာ တိုက်ပွဲဖြစ်နေတယ်၊ အစိုးရ စစ်တပ် စစ်ကြောင်းတွေ ထပ်ဖြည့်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်က အစိုးရ စစ်တပ် အင်အား ၂၀၀ ဝန်းကျင်ခန့်က KIA တပ်ရင်း ၁၂ ရှိရာသို့ ထိုးစစ်ဆင်လာသဖြင့် နှစ်ဖက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ မေလ ၈ ရက်က အစိုးရ စစ်တပ်က တိုက်လေယာဉ် နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် KIA ဘက်မှ ရဲဘော် ၃ ဦးကျဆုံးခဲ့သည်ဟု သူက ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲများ ပြင်းထန်လာသဖြင့် ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲလာသည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

“တိုက်ပွဲတွေ ဆက်ဖြစ်နေရင်တော့ ယုံကြည်မှု တည်ဆောက်ဖို့ ပိုလျော့နည်းသွားမယ်။ တွေ့ဆုံဆွေးနွေးမှု ပျက်ပြားတာတော့ မရှိဘူး။ ဒါပေမဲ့ နှစ်ဘက်မျက်နှာပူလာတယ်။ ညှိနှိုင်းဆွေးနွေးတဲ့အချိန်မှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့က အစိုးရ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ထံသို့ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်၍ စာရေးသား တင်ပြထားသော်လည်း အစိုးရဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

အလားတူ တအာင်းတပ်မတော်နှင့် အစိုးရ စစ်တပ်တို့လည်း သိန်းနီမြို့နယ် နားတီးကျေးရွာနှင့် မြောက်ဇီကျေးရွာကြားတွင် မေလ ၁၀ ရက်က ည ၉ နာရီမှ ၁၀ နာရီကျော်ထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်ဟု တအာင်းတပ်မတော် TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင်TNLA ဘက်က ထိခိုက်ကျဆုံးမှု မရှိဘဲ ၎င်းတို့ ပစ်ခတ်လိုက်သော ပခုံးထမ်းလောင်ချာ ထိမှန်၍ အစိုးရ စစ်သားများ တင်ဆောင်လာသည့် စစ်မော်တော်ယာဉ် ၄ စီးကို ထိကာ ပျက်ဆီး၊ ကျဆုံးမှု ရှိခဲ့သည်ဟုဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကိုးကန့် (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA)၊ တအာင်းပလောင် (TNLA) နှင့် ဖြစ်ပွားနေသည့် စစ်ပွဲများကို ရပ်ပါက ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည်ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်က စတင်ရပ်စဲပေးရန် မဇ္ဈိမကို ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly