ကယားပြည်နယ်တွင်း စည်းရုံးရေးဆင်းရန် ပြည်နယ်၊ ပြည်ထောင်စု အစိုးရများနှင့် ကေအင်န်ပီပီ ညှိနှိုင်းသွားမည်

ကယားပြည်နယ်တွင်း စည်းရုံးရေးဆင်းရန် ပြည်နယ်၊ ပြည်ထောင်စု အစိုးရများနှင့် ကေအင်န်ပီပီ ညှိနှိုင်းသွားမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ကယားပြည်နယ် ရှားတောမြို့နယ်နှင့် အနီးတစ်ဝိုက် ကျေးရွာများတွင် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က ကယားပြည်လုံးကျွတ် ညီလာခံကျင်းပမည့် အစီအစဉ်အတွက် စည်းရုံးရေးဆင်းနိုင်ရန် ပြည်နယ်အစိုးရမှ တစ်ဆင့် ပြည်ထောင်စု အစိုးရကို ညှိနှိုင်းဆွေးနွေးမည် ဟု KNPP ဗဟိုကော်မတီအဖွဲ့ဝင် ခူးပလူးရယ်က မဇ္ဈိမကို ပြောသည်။

ပြည်နယ်အစိုးရနှင့်မူ မေ ၉ရက် နှင့် ၁၀ရက်တွင် ပြည်နယ်အစိုးရနှင့် လွိုင်ကော်တွင် ရှေးဦးစွာ တွေ့ဆုံညှိနှိုင်းမည် ဖြစ်သည်။ KNPP အဖွဲ့ဝင်များသည် လက်နက်၊ ဝတ်စုံအပြည့် လူအင်အား ၂၀၀ ခန့်ဖြင့် သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် စည်းရုံးရေး ဆင်းရန် ရောက်ရှိချိန်တွင် ပြည်နယ်အစိုးရက ထိုသို့ စည်းရုံးမှုကို ခွင့်မပြုကြောင်း မေလ ၁ ရက်နှင့် ၂ ရက်က KNPP က တာဝန်ရှိသူများကို ခေါ်ယူပြောဆိုခဲ့သည်။

ခူးပလူးရယ်က “ကျွန်တော်တို့က စစ်ရေးအမြင်နဲ့ သွားတာမဟုတ်ပါဘူး။ လူထုနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေ မူဝါဒတွေကို ချပြဖို့သွားတာပါ။ ဒီလိုမျိုး ဖြစ်သွားတာကို စိတ်မကောင်း ဖြစ်မိပါတယ်” ဟု ပြောသည်။

ယင်းအပြင် အစိုးရတပ်မတော်က လွိုင်ကော်မြို့နှင့် ဆီဆိုင်မြို့သို့ အသွားလမ်းတွင် မေလ ၄ ရက်က အင်အား ၁၀၀ ဝန်းကျင်ပါသည့် ကားလေးစီးဖြင့် တပ်စု တစ်စု၊ မေလ ၅ ရက်က အင်အား ၁၀၀ ဝန်းကျင်ရှိ တပ်စုတစ်စု ချထားသည်ဟု ခူးပလူးရယ်က ပြောသည်။

KNPP၏ လွိုင်ကော်မြို့နယ် တာဝန်ခံ ခူးညေးရယ်က မေလ ၇ ရက်က နှစ်ဘက်တပ်များ ချထားသည့်နေရာမှ ထပ်မံနေရာ မတိုးရန် အစိုးရ စစ်တပ်တာဝန်ရှိသူများနှင့် လတ်တလော ညှိနှိုင်းထားသည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

KNPP အဖွဲ့၏ သွားလာလှုပ်ရှားမှုများကို ပြည်နယ်အစိုးရ နှင့် ပြည်ထောင်စု အစိုးရတို့က ခွင့်မပြုကြောင်း KNPP အဖွဲ့မှ ဦးထဲဖူးနှင့် ဦးဧရိယာတို့ နှစ်ဦးကို ခေါ်ပြောခဲ့သည်ဟု မေ ၆ ရက်ထုတ် တပ်မတော်ပိုင် မြဝတီသတင်းစာတွင် ဖော်ပြထားသည်။

KNPP အဖွဲ့ သွားလာလှုပ်ရှားမည့် နေရာများသည် အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့များ၏ နယ်မြေများ ဖြစ်သည့်အပြင် တပ်မတော် စစ်ကြောင်းများ နေရာယူထားသော ခြေကုပ်စခန်းများ တည်ရှိနေခြင်းနှင့် လှုပ်ရှားစစ်ကြောင်းများ အဝင်အထွက် ရှိခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သဖြင့် နှစ်ဘက် ဆက်လက်ဆွေးနွေးညှိနှိုင်းလျက် ရှိသည်ဟုလည်း ဖော်ပြထားသည်။

ဧပြီလအတွင်း ပြည်တောင်စုအစိုးရနှင့် တစ်ကြိမ် ပြည်နယ်အစိုးရနှင့် တစ်ကြိမ် တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုများတွင် စည်းရုံးရေးဆင်းမည့် ကိစ္စကို အချိန် အခက်အခဲကြောင့် အကြမ်းဖျင်း ပြောဆိုခဲ့ပြီး ဧပြီ ၂၈ ရက်က စာဖြင့် အသေးစိတ် ခွင့်ပြုမိန့် တောင်းခံခဲ့သော်လည်း တားမြစ်ခံရခြင်း ဖြစ်သည်ဟု ခူးပလူးရယ်က ပြောသည်။

လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်ကလည်း “ပဏာမအဆင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့ကတည်းက သူ့နယ်မြေ ကိုယ့်နယ်မြေ သတ်မှတ်ထားတာ မရှိသလို သူ့နယ်မြေ ကိုယ့်နယ်မြေ မလာရ ဆိုတာမျိုးလည်းမရှိဘူး။ အရင်ကလည်း ဒီလိုပဲ လူအင်အား ၆၀ လောက်နဲ့ သွားခဲ့ဖူးပါတယ်။ ဘာမှ မဖြစ်ခဲ့ပါဘူး။ အခုမှ တားတယ်ဆိုတော့ တစ်မျိုးတော့ ဖြစ်တာပေါ့လေ” ဟု ပြောသည်။

KNPP အဖွဲ့ဝင်များသည် နယ်စပ်တွင်သာ နေထိုင်ပြီး ပြည်သူလူထုနှင့် မတွေ့ဆုံသည်မှာ ကြာမြင့်နေခြင်း၊ ပြည်သူလူထုက KNPP အဖွဲ့ဝင်များနှင့် တွေ့ဆုံလိုသည့် ဆန္ဒရှိနေခြင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ လုပ်ငန်းစဉ်များကို ပြည်သူလူထုအား ရှင်းပြလိုခြင်းကြောင့် နယ်လှည့် စည်းရုံးရန် စီစဉ်ခဲ့သည်ဟုလည်း ဆိုသည်။

ကရင်နီပြည်နယ်လူငယ်များ သမဂ္ဂ အဖွဲ့ဝင် ကိုဒီးဒီးက “လူတွေကတော့ နည်းနည်း ထိတ်လန့်တာ ရှိတာပေါ့။ တိုက်ပွဲများ ထပ်ဖြစ်မလားဆိုပြီး ဒါပေမယ့် အစိုးရဘက်က စစ်ရေးလေ့ကျင့်တာ၊ လက်နက်ကြီး စမ်းသပ်ပစ်ခတ် တာတွေရှိပြီး အဲ့ဒီကိစ္စတွေကြောင့် ပြည်သူတွေ ထိတ်လန့်ရတာမျိုးကလည်း ရှိပါတယ်” ဟု ပြောသည်။

ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) သည် အစိုးရနှင့် ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှုကို ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly