မိုးနောက်ကျ၍ ဒလမြို့နယ်တွင် နွေရာသီ ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာ

မိုးနောက်ကျ၍ ဒလမြို့နယ်တွင် နွေရာသီ ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာ
ဒလမြို့ ညောင်ကုန်းရပ်ကွက် မဟာသင်္ကြန် သောက်ရေကန်ကြီးကို အမှီပြုပြီး သောက်သုံးရေအတွက် လာရောက်တန်းစီ ခပ်ယူနေကြသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ နှစ်စဉ် နွေရာသီရောက်တိုင်း ကြုံတွေ့နေရသည့် ဒလမြို့နယ်၏ ရေပြတ်လပ်မှု ပြဿနာမှာ ယခုနှစ်တွင်လည်း မပြေလည်သေးဘဲ မိုးဦးကျ နောက်ကျနေသည့်အတွက် ရေပြတ်လပ်မှု ပိုမိုဆိုးရွားလာသည်ဟု ဒလမြို့နေ ဒေသခံများထံမှ သိရသည်။

ဒလဒေသခံ တစ်ဦးဖြစ်သည့် ကိုအေးကျော်က “ ဒီနှစ်ကတော့ ပိုဆိုးတယ်လို့ဆိုရမယ်။  မိုးရေလှောင် ကန်တွေထဲမှာ ရေကျန်မရှိတော့ သလောက်ပဲ။ ကန်တွေထဲမှာ ရေက တစ်ထွာလောက်ပဲ ကျန်တော့တယ်။ အနည်တွေနဲ့ ဘယ်လိုမှ သုံးမရတာမျိုး ဖြစ်လာပြီ။ ရေလာလှူတာကိုပဲ သုံးနေကြရတယ်။ ပေရှစ်ရာကျော် အထိရေကန် တူးဖူးတယ်၊ ရေချိုမထွက်ဘူး” ဟု ဆိုသည်။

ဒလမြို့နယ်တွင် ရေသုံးစွဲရန် အဝီစိတွင်း တူးပါက ပေတစ်ရာခန့်တူးလျှင် ရသော်လည်း ရေချိုမရဘဲ ရေငန်နှင့် အနံ့ဆိုးသော ရေများသာ ရရှိပြီး သုံးရေအဖြစ်သာ သုံးနိုင်သောကြောင့် သောက်ရေအတွက် မိုးရေ လှောင်ကန်များကိုသာ အဓိကအားထားပြီး သုံးစွဲရခြင်းဖြစ်ကာ ယင်းကန်များ ခန်းခြောက်လာနေခြင်း ဖြစ်သည်။

ဒေသခံ ရေအလှူရှင် တစ်ဦးဖြစ်သည့် ဦးဝင်းချို “ရေလှောင်ကန်တွေ ခန်းလာတော့ ရေအခက်အခဲ ပိုဖြစ်လာတာပါ။ ဆယ်မိုင်လောက်ဝေးတဲ့  ရန်ကုန်၊ တွံတေးလမ်းမဘေးက ရေထွက်ပေါက်ရှိတဲ့ နေရာကနေ ပိုက်လိုင်းနဲ့ ရေဖြန့်ပေးနိုင်ရင် အဆင်ပြေသွားမယ်ထင်တယ်” ဟု ဆိုသည်။

ဒလမြို့နယ် ရေရရှိရေးအတွက်  ရန်ကုန်မြစ်ရေကို သွယ်တန်းရယူခြင်း၊ အဝီစိတွင်း တူးခြင်းနှင့်  မိုးလှောင်ရေကန် သုံးခြင်း၊ ရန်ကုန်မှ ရေသွယ်တန်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟု  ယခင် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန၏ ဝန်ထမ်းတစ်ဦး ဖြစ်ခဲ့သူ  ရေသန့်အင်ဂျင်နီယာ ဦးကျော်ဦးက မဇ္ဈိမကို ပြောသည်။

“အဓိကက ဘတ်ဂျက်လိုတယ်။ ငွေရှိလည်း ရေရှိပြီး နည်းပညာလည်းရှိမှ ဖြစ်မယ်” ဟု ဆိုသည်။ ဒလမြို့နယ်သို့ ရန်ကုန်မှ ရေကိုသွယ်ယူပါက  ကုန်ကျစရိတ်များပြီး ရေလောက်ငရန်လည်း မသေချာကြောင်း ရန်ကုန်မြို့ရှိ ငမိုးရိပ်၊ ဖူးကြီး စသည့်  ရေပေးဝေရေး ကန်များမှ ရေသည်လည်း  ရန်ကုန်အတွက် လောက်ငရုံသာ ရှိသဖြင့် သွယ်ယူရန် မလွယ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဒလ မြို့နယ်တွင် ရေလှူနေသည့် ရှင်ရေးကူညီမှုအသင်းမှ ရေတာဝန်ခံ ဦးတင်မျိုးလတ်က “အခု ရေရှားတာကို ဖြေရှင်းပေးဖို့အတွက် ရေကန်တွေ တူးနေပါတယ်။ ၁၈ ကန် ရှိပါပြီ။ အစောပိုင်းကတော့ သောက်ရေပဲ လှူဖို့လိုတာ၊ အခုသုံးရေပါ ပြတ်နေတဲ့အတွက် ရေကန်တူးပေးဖို့ လုပ်ဆောင်နေတာပါ” ဟု ဆိုသည်။

ဒလမြို့တွင် ရေအရည်အသွေး မကောင်း၍ ရေတွင်းတူးခြင်းသည်လည်း ထိရောက်သော ဖြေရှင်းနည်း မဟုတ်ဘဲ ရေတွင်းတူးခြင်း များလာပါက မြေအောက်ရေကြောစနစ်ကို ထိခိုက်စေနိုင်၍  ရေရှည်ဖြေရှင်းနည်း မဟုတ်ဟု ဦးကျော်ဦးက ဆိုသည်။

အဓိက လိုအပ်သော ရေချိုအတွက်  မိုးတွင်းတွင် ကန်အတွင်း ရေဝင်ဧရိယာများလာစေရန် ကန်ပတ်လည်တွင် တစ်ဖက်ရပ်တဲများ ဆောက်ပေးခြင်း၊ ရေငွေ့ပျံမှုနည်းအောင်  ရေကန်တဲတွင် ပလတ်စတစ် ဆန်ခါပေါက်ပါ မိုးရေကာဖျဉ်များဖြင့် ကန်မျက်နှာပြင် ဧရိယာအပြည့် ဖောင်ဖွဲ့ကာ ကာရံပေးခြင်းစသည်တို့ကို စနစ်တကျ လုပ်ဆောင်ကာ စနစ်တကျ သိုလှောင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပြီး မိုးမကျမီကတည်းက ကြိုတင်ဆောင်ရွက်သင့်သည်ဟု ဦးကျော်ဦးက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly