မန်စီတွင် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲပြင်းထန်

မန်စီတွင် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲပြင်းထန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာအနီး အစိုးရစစ်တပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်ရှိတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု KIA တပ်ရင်း ၁၂ တပ်ရင်းမှူး ဗိုလ်မှူး ဂျွန်းအောင်က မဇ္ဈိမကို ပြောသည်။

“ဒီနေ့ နေ့လယ် ၁ နာရီ ၂ နာရီကြားမှာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးတွေ လာကြဲသွားတယ်။ နာရီဝက်လောက် လာကြဲသွားတယ်။ ဗုံး  ဘယ်နှစ်လုံးလဲဆိုတာ မရေတွက်နိုင်တော့ဘူး။ အခုလည်း ကျနော်တို့ဘက်က ပစ်ဖို့ ပြင်ဆင်နေပြီ” ဟု ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေအတွင်း မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အစိုးရ စစ်တပ်တို့ မေလ ၇ ရက် နံနက် ၅ နာရီချိန် မှစတင်၍ မြေပြင်တိုက်ပွဲ ဖြစ်ပွားနေရာမှ မွန်းလွဲပိုင်း ၁ နာရီချိန်တွင် အစိုးရ တပ်မတော်က တိုက်လေယာဉ် နှစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကချင်ပြည်နယ် ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ချစ်ဦး "မန်စီရဲ့ အနောက်တောင်ဘက် ၃၁  မိုင်ဝေးတယ်။ အစိုးရဘက် တပ်ရင်း  ၁၄၂ နဲ့  ဟိုဘက် တပ်ရင်း ၁၂ နဲ့ပါ။ ၁၁ နာရီလောက်ကနေ ၁၁ နာရီ ၁၅ လောက်ထိ ဖြစ်ကြတယ်တဲ့။ တိုက်ပွဲက ပြင်းထန်လားဆိုတော့ ၁၅ မိနစ်လောက်ဆိုတော့ ...။ ဒီဘက်က တပ်ရင်းမှူး စစ်ကြောင်းလို့ ပြောတယ်။ အသေအပျောက်တော့ မရှိဘူး ပြောတယ်။ စိစစ်နေတုန်းပဲ" ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ သတင်းရေးသားချိန် ညနေ ၅ နာရီခွဲချိန်ထိ တိုက်ပွဲဆက်လက်၍ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ဟု ဗိုလ်မှူး ဂျွန်းအောင်က ပြောသည်။ မေလ ၆ ရက်က KIA တပ်ရင်း ၁၂ ရှိရာသို့ အစိုးရ တပ်မတော် တပ်ရင်း ၃ ရင်းက ဝင်ရောက်လာသဖြင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ မေ ၇ ရက်တွင်လည်း တပ်ရင်း ၂ ရင်းခန့် ထပ်မံ အားဖြည့်မှုများ ရှိနေသဖြင့် တိုက်ပွဲ ဆက်လက်ပြင်းထန်မည့် အခြေအနေ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly