ရန်ကုန်တိုင်း၌ ၂၀၁၅ ပထမ လေးလပတ်အတွင်း အမှုကြီးဖြစ်ပွားနှုန်း ယမန်နှစ်ထက် လျော့နည်း

ရန်ကုန်တိုင်း၌ ၂၀၁၅ ပထမ လေးလပတ်အတွင်း အမှုကြီးဖြစ်ပွားနှုန်း ယမန်နှစ်ထက် လျော့နည်း

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၌ ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ ပထမ လေးလပတ်အတွင်း လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုစသည့် အမှုကြီးများ ဖြစ်ပွားမှုနှုန်းမှာ ၂၀၁၄ ခုနှစ်ထက် လျော့ကျသွားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ပထမ လေးလပတ်အတွင်းက လူသတ်မှု ၇၁ မှု၊ လုယက်မှု ၁၁ မှု၊ ဓားပြမှု ၂ မှု၊ မုဒိမ်းမှု ၅၇ မှု၊ ဖောက်ထွင်းမှု ၈ မှု၊ လက်နက်မှု ၁ မှုဖြင့် စုစုပေါင်း ၁၅၀ မှုဖြစ်ပွားခဲ့ပြီး၊ ၂၀၁၅ အတွင်း၌ လူသတ်မှု ၅၈ မှု၊ လုယက်မှု ၁၂ မှု၊ မုဒိမ်းမှု ၅၃ မှု၊ ဖောက်ထွင်းမှု ၆ မှု၊ လက်နက်မှု ၁ မှု၊ လက်နက်မှု ၁ မှုဖြင့် စုစုပေါင်း ၁၃၂ မှုဖြစ်ပွားခဲ့သဖြင့် အမှုကြီးဖြစ်ပွားမှုနှုန်း ၁၈ မှုလျော့နည်းခဲ့သည်။

ထို့ပြင် ခိုးမှု၊ နာကျင်စေမှုစသည့် အခြားအမှုဖြစ်ပွားနှုန်းမှာ ၂၀၁၄ ခုနှစ်အတွင်းက ၄၉၂၆ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ၄၆၄၅ မှုသာဖြစ်ပွားခဲ့ သဖြင့် စုစုပေါင်း ၂၈၁ မှု လျော့နည်းခဲ့သည်ဟု  မှတ်တမ်းများတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှရဲအရာရှိတစ်ဦးက " အမှုကြီးဖြစ်ပွားမှုနှုန်းတွေလျော့ နည်းအောင်ကြိုကာဖမ်းဆီးမှုတွေ၊ လှည့်ကင်းလှည့်မှု၊ ပြေးလေးပြေးဖမ်းဆီး မှု တွေကိုစီမံချက်နဲ့ဆောင်ရွက်နေပါတယ်။ " ဟုပြောသည်။

လောင်းကစားမှု၊ ယစ်မျိုး၊ မူးယစ်ဆေးဝါးစသည့် ကြိုတင်ကာကွယ်ဖမ်းဆီးသည့် အမှုပေါင်းမှာ ၂၀၁၄ ခုနှစ်အတွင်းက ၆၄၃၆ မှု ဖမ်းဆီးနိုင်ခဲ့ပြီး၊ ၂၀၁၅ ၌ ၈၇၄၂ မှုဖမ်းဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း ၂၃၀၆ မှု တိုးမြှင့်ဖမ်းဆီးနိုင်ခဲ့သည်။

ထို့ပြင်ရန်ကုန်တိုင်းအတွင်း လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက် နေသည့် မင်္ဂလာတောင်ညွန့်၊ သာကေတ အစရှိသည့်မြို့နယ်များတွင် ဖြစ်ပွားခဲ့သော အမှုများမှ ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းမိနိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟုလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly