ဧရာဝတီတိုင်း မဲစာရင်းထုတ်ပြန်မှု နောက်ကျနိုင်ဟု တိုင်းကော်မရှင် ဥက္ကဋ္ဌဆို

ဧရာဝတီတိုင်း မဲစာရင်းထုတ်ပြန်မှု နောက်ကျနိုင်ဟု တိုင်းကော်မရှင် ဥက္ကဋ္ဌဆို

ပုသိမ် (မဇ္ဈိမ)။ ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် မဲစာရင်း ထုတ်ပြန်မှုမှာ အခြားတိုင်း နှင့် ပြည်နယ်များထက် နောက်ကျပြီးမှ ထုတ်ပြန်ကြေငြာနိုင်မည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က မေလ  ရက်တွင် မီဒီယာများကို ပြောသည်။

“ပြည်ထောင်စု ကော်မရှင်က ပြောထားတယ်။ မေလကုန်အပြီး စာရင်းပြုစုရင်၊ ဇွန်လ အလယ်မှာ မဲစာရင်းတွေကို ကပ်ရမယ်၊ ကျွန်တော်တို့က နည်းပညာ အခက်အခဲရှိလို့ နောက်ကျတာပါ၊ ကျွန်တော်တို့ မြို့နယ်အားလုံးတော့ ကြေငြာနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငါးမြို့နယ်၊ ဟင်္သာတခရိုင် သုံးမြို့နယ်တို့တွင် ကနဦး မဲစာရင်း ပြုစုပြီးစီးနေပြီ ဖြစ်ကာ ကျန်မြို့နယ်များတွင်မူ လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု ဦးအောင်မြင့်က ပြောသည်။ 

တိုင်းကော်မရှင် ဥက္ကဋ္ဌက "ကျွန်တော်တို့မှာ အဲဒါတွေလုပ်ဖို့ အာဏာလည်းမရှိဘူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြပြီး လုပ်ဆောင်ရတယ်၊ မဲစာရင်း ထွက်လာလို့ နာမည်မပါရင် ပုံစံ-၃ နဲ့လာတင်ပြပြီး ဖြည့်ပေးမယ်၊ မဲစာရင်းမှာ မပါသင့်သူတွေ သေဆုံးသွားသူတွေပါနေရင် ပုံစံ-၄ နဲ့လာကန့်ကွက်နိုင်တယ်၊လူနာမည်မှားတာတွေကို ပုံစံ-၄(ဂ) နဲ့ တောင်းဆိုနိုင်တယ်" ဟု ဆက်လက်ပြောသည်။

မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက် ကော်မရှင်ရုံးများတွင် ၁၄ရက် ကပ်ပေးမည်ဖြစ်ပြီး ထိုသို့ ကပ်သည့်အချိန်တွင် လာရောက်ကြည့်ရှုရန် နှင့် အမှားအယွင်းရှိပါက ကန့်ကွက်၊ တောင်းဆိုနိုင်ကြောင်း တိုက်တွန်းထားသည်။ 

“၂၀၁၀ ရွေးကောက်ပွဲထက်တော့ မဲပေးသူဦးရေရော မဲရုံရော ပိုများလာနိုင်တယ်၊ တချို့ဒေသတွေမှာတော့ အားလုံးမဲပေးနိုင်အောင်လို့ မဲရုံလုပ်ပေးတာမျိုးတွေတော့ရှိတယ်၊ မဲရုံ စာရင်းတွေကိုတော့ မေလ ၂၀ ရက် နောက်ဆုံးထားပေးပို့ခိုင်းထားတယ်”ဟု တိုင်းကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲစာရင်းမှာ မဲပေးခွင့်ရှိသူ ၄.၀၇ သန်းရှိပြီး၊ အမျိုးသား ၁.၉၇သန်း နှင့် အမျိုးသမီး ၂.၁၀၄ သန်းရှိသည်။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင်မူ မဲပေးခွင့်ရှိသူ ၃.၉ သန်းရှိခဲ့ပြီး မဲရုံအရေအတွက်မှာ ၅၈၄၁ ရုံ ရှိခဲ့သည်။ ယခု အထွေထွေ ရွေးကောက်ပွဲတွင်မူ မဲရုံ ၆၀၀၀ကျော် ထားရှိကာ မဲရုံ တစ်ရုံတွင် မဲပေးသူ ၃၀၀ မှ ၃၀၀၀ အထိ မဲပေးခွင့်ပြုထားသည်။ 

မန္တလေးတိုင်း ဒေသကြီးတွင်မူ မဲစာရင်းကို ဇွန်လ ဒုတိယပတ်တွင် ထုတ်ပြန်ပေးမည်ဟု မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် ရုံးခွဲ ဥက္ကဋ္ဌ ဦးအောင်ထွဋ်က မေ ၆ ရက်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly