တောင်သမန်အင်းတွင် သေဆုံးခဲ့သည့် ငါးများ ဝယ်ယူသူနည်း၍ အခြောက်လှမ်းကြ

တောင်သမန်အင်းတွင် သေဆုံးခဲ့သည့် ငါးများ ဝယ်ယူသူနည်း၍ အခြောက်လှမ်းကြ
မန္တလေးရှိ နာမည်ကျော် တောင်သမန်အင်းအတွင်း ဧပြီ ၃၀ ရက်က ငါးများ အစုလိုက် အပြံုလိုက်သေဆုံးနေသည် ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို/အောင်ကိုဦး၊ မဇ္ဈိမ) 

မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းတွင် ဧပြီ ၃၀ ရက်က ငါးများ အစုံလိုက် အပြုံလိုက် သေဆုံးခဲ့ပြီးနောက် ယင်းငါးများကို ဒေသခံတချို့က ကောက်ယူ၍ ရောင်းချသော်လည်း ဝယ်ယူသူနည်း၍ အခြောက်လှမ်း၊ ဆားနယ်ခြင်းများ ပြုလုပ်ထားသည်ဟု အင်းအနီးတွင် နေထိုင်သူများက ဆိုသည်။

အဆိုပါအင်းအနီးတွင် နေထိုင်သော ဘဲမွေးမြူရေးခြံမှ ငါးများကောက်၍ ရောင်းချခဲ့သူတစ်ဦးက "သေတဲ့နေ့ကတော့ လတ်တဲ့ငါးလေးတွေ ဈေးကိုသွားရောင်တယ်။ အခုဟာကတော့ ဝယ်မယ့်သူ မရှိပါဘူး။ ငါးဆားနှယ် လုပ်ထားတယ်။ ဘာမှ မဖြစ်ပါဘူး။ ကျွန်မတို့တော့ ဒီငါးဆားနယ်ကို ချက်စားနေတယ်။ ငါးဆားနှယ်ကိုတော့ ဈေးမရောင်းရသေးဘူး" ဟု ဆိုသည်။

အဆိုပါ သေဆုံးငါးများကို တစ်ပိသာ ၅၀၀ ကျပ် ဈေးဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး ဝယ်ယူစားသုံးသူ နည်းပါးသောကြောင့် ငါးခြောက်များ လုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

တောင်သမန် တံတားအနီးတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးကလည်း “ငါးတွေကောက်ပြီး ရောင်းတဲ့သူရှိပေမယ့် ဝယ်စားသူနည်းတော့ ငါးတွေကို ဗိုက်ခွဲ၊ ဆားသိပ်၊ အခြောက်လှမ်းထားကြတယ်။ နောက်မှ ငါးခြောက်အဖြစ် ရောင်းမှာလား တော့မသိဘူး” ဟု ပြောသည်။

အဆိုပါ ငါးများ သေဆုံးခြင်းကြောင့် သြင်္ကန်မတိုင်မီ သီတင်းပတ်မှ ဧပြီလကုန်အထိ တန်ဖိုး ကျပ်သိန်း ၁,၃၀၀ ခန့်၊ ပိသာချိန် ၁၃၀,၀၀၀ ခန့် ဆုံးရှုံးခဲ့သည်ဟုလည်း  တောင်သမန်အင်းသူကြီးက မေလ ၃ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ငါးများ သေဆုံးခြင်းနှင့် ပတ်သက်ပြီး ခရိုင်မွေးမြူရေးနှင့် ငါးလုပ်ငန်းဥိးစီးဌာန တာဝန်ရှိသူ တစ်ဦးက "ရေ အရည်အသွေးနဲ့ သေဆုံး ငါးတွေမှာ ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့တယ်။ ရောဂါကြောင့် မဟုတ်ဘဲ ရေ အရည်အသွေးကျဆင်းတော့ အောက်စီဂျင် ပြတ်လတ်ပြီး ဒဏ်မခံနိုင်တဲ့ ငါးတွေ သေတာပါ” ဟု ပြောသည်။

ယင်းကဲ့သို့ ငါးများ သေဆုံးရမှုအတွက် ပန်းရံတော်ချောင်း နှုတ်ခမ်းရှိ အရက်ချက် စက်ရုံများကို တရားစွဲမည်ဟုလည်း တောင်သမန်အင်း သူကြီးက ဆိုထားသည်။

၂၂ လမ်းရှိ ငါးဈေး တာဝန်ခံမှလည်း အဆိုပါ သေဆုံးငါးများ လာရောက် ရောင်းချခြင်း ရှိ/မရှိနှင့် ပတ်သက်၍ "ကျွန်တော်တို့ ဈေးမှာတော့ လာရောင်းတာ မရှိဘူး။ ဒီလို ဘာကြောင့်ပြောရလည်းဆို အများစုက အရှင်တွေကိုပဲ ရောင်းနေလိုပါ။ စောင့်ကြည့်တာတွေကိုတော့ လုပ်ပါတယ်" ဟု ပြောသည်။

တောင်သမန်အင်းရှိ ငါးများ သေဆုံးမှုသည် ယခုအကြိမ်မှာ  တတိယအကြိမ်ဖြစ်ပြီး အဆိုးရွားဆုံး အခြေအနေ ဖြစ်သည်။ ရေမျက်နှာပြင် ဧက ၂၀၀ ခန့်ရှိသော ထိုအင်း၏ တောင်ဘက်ခြမ်း တစ်ခုလုံး၊ အင်း၏ လေးပုံ သုံးပုံခန့်တွင် စက်ရုံစွန့်ပစ်ရေဆိုးများ ဝင်ရောက်ကာ စေးပျစ်အုံဖွဲ့ပြီး ပြန်မထွက်နိုင်တော့သဖြင့် တောင်သမန် ရေရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းကယ်တင်ရေးများ လိုအပ်နေသည်ဟု သုံးသပ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly