တရုတ် - မြန်မာ အငြင်းပွားနယ်စပ်မှ နယ်စည်းအခြေအနေကို စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်ဟုဆို

တရုတ် - မြန်မာ အငြင်းပွားနယ်စပ်မှ နယ်စည်းအခြေအနေကို စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်ဟုဆို
(ဓာတ်ပုံ - အီးပီအေ)

ရန်ကုန် (မဇ္ဈိမ)။ ။ တရုတ်နှင့် မြန်မာတို့ အငြင်းပွားနေသည့် နယ်စပ်မှ ယခင်သတ်မှတ်ထားသည့် နယ်စည်းအခြေအနေ အပြောင်းအလဲ မရှိရေးအတွက် နယ်စပ်စောင့်ကြည့်ရေးအဖွဲ့ဖြင့် စောင့်ကြည့်နေသည်ဟု နယ်စပ်စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက မဇ္ဈိမကို ပြောသည်။

"နမ့်ခမ်းနဲ့ မူဆယ်က နယ်စပ်တိုင်ပေါင်း ၉၂ တိုင် အခြေအနေနဲ့ အရင် သတ်မှတ်ထားတဲ့ အတိုင်းအတာတွေကို စစ်ဆေးထားပါတယ်။ မူလအတိုင်း အရင်ကတည်းက စိုက်ထားတဲ့အတိုင်း ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ ပိုင်နက်အတွက် တရုတ်နိုင်ငံအလံ လာရောက် စိုက်ထူပြီးနောက်ပိုင်း ဧပြီလ တတိယပတ်အတွင်း မူဆယ်နယ်စပ် စောင့်ကြည့်ရေးအဖွဲ့ကို ပြည်ထောင်စု အစိုးရ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်း အဖွဲ့တွင် မူဆယ် ခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှ ရဲတပ်ဖွဲ့မှူးများ၊ လဝက ဦးစီးမှူးများနှင့် မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့ ပါဝင်သည်။ ၎င်း တို့သည့် မူလနယ်စပ် သတ်မှတ်ထားသည့် အခြေအနေများပြောင်းလဲမှု ရှိ မရှိ လေ့လာစောင့်ကြည့်ရန် တာဝန်ပေးအပ်ခြင်း ဖြစ်သည်။

"နယ်စပ်ကိစ္စကို ပြည်ထောင်စု အစိုးရကပဲ ကိုင်တွယ်တဲ့အတွက် ပြည်နယ်အစိုးရက မပါဘူး။ ကျွန်တော်တို့လည်း မပါပါဘူး။ ခရိုင်နဲ့ မြို့နယ် ထွေအုပ်တွေနဲ့ နယ်စပ် အခြေအနေကို လ အလိုက် သတင်းအချက်အလက် တင်ပြရမယ်လို့ သိထားတယ်" ဟု နန့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းတင်ဦးက မဇ္ဈိမကို ပြောသည်။

"နယ်ခြားကိစ္စတွေမှာ သူ့ဖာသာ ဖြေရှင်းတဲ့ အဆင့်တွေ ရှိတယ်။ နယ်ခြား ကော်မတီတို့ နိုင်ငံခြားရေးတို့ အဲလိုသွားမှာပဲ၊ ကျွန်တော်တို့က ဘာမှ သီးခြားပြောလို့မရဘူး။ သမ္မတက တစ်ခုခု ပြောခဲ့တာ မရှိဘူး" ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေလ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

အင်ဒိုနီးရှား နိုင်ငံတွင် ပြုလုပ်သည့် ၁၀ ကြိမ်မြောက် အာရှ- အာဖရိက ထိပ်သီးအစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင်းဖျင်နှင့် သမ္မတ ဦးသိန်းစိန်တို့ သီးသန့်တွေ့ဆုံခဲ့ပြီး အငြင်းပွားနယ်စပ် အရေးကို ဦးသိန်းစိန်က ပြောဆိုခဲ့ခြင်း မရှိပေ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် အာဏာပိုင်များနှင့် လုံခြုံရေးအဖွဲ့တို့က မြန်မာပိုင်နက် နန့်ခမ်းမြို့နယ်၊ ကုန်းဆာကျေးရွာအတွင်းသို့ တရုတ်ပိုင်နယ်မြေဟု ဆိုကာ တရုတ်နိုင်ငံ အလံများကို ဧပြီလ ၃ ရက် နံနက်ပိုင်း အချိန်တွင် လာရောက်စိုက်ထူခဲ့သည်။

အိမ်စောင့်အစိုးရ လက်ထက် ၁၉၅၉ ခုနှစ်၊ ဦးနေဝင်း ဦးဆောင်ချုပ်ဆိုသည့် တရုတ် - မြန်မာ နယ်နိမိတ်စာချုပ်တွင်လည်း ကချင်ပြည်နယ်မှ ဖိမော်၊ ဖုန်ကန်၊ ဂန်ဖန် နယ်သုံးခုကို တရုတ်နိုင်ငံပိုင်အဖြစ် သဘောတူသတ်မှတ် ပေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly