အမေရိကန် Phablet စျေးကွက်တွင် iPhone 6 Plus က ထိပ်ဆုံးက ဦးဆောင်နေ

အမေရိကန် Phablet စျေးကွက်တွင် iPhone 6 Plus က ထိပ်ဆုံးက ဦးဆောင်နေ

ရန်ကုန် (မဇ္ဈိမ)။ ။ Apple ၏ iPhone 6 Plus သည် အမေရိကန်နိုင်ငံ၏ Phablet ဈေးကွက်၏ ရောင်းအားကောင်း စာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည်ဟု CNET သတင်းဌာနက ဖော်ပြထားသည်။

အမေရိကန် Phablet ဈေးကွက်၏ ၄၄ ရာခိုင်နှုန်းကို ၂၀၁၅ ပထမ သုံးလပတ်အတွင်း အရယူနိုင်ခဲ့ခြင်းဖြစ် သည်ဟု စစ်တမ်းများက ဖော်ပြထားသည်။
Apple ၏ iPhone 6 plus သည် အမေရိကန်ဈေးကွက်တွင် ထိပ်ဆုံးရောက်ခဲ့သော်လည်း ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ ဈေးကွက်တွင်မူ တတိယနေရာ၌သာ ရပ်တည်နေနိုင်ခဲ့သည်။

မျက်နှာပြင်အရွယ်အစား ၅ ဒသမ ၅ လက်မထက် ပိုမိုကြီးမားသည့် စမတ်ဖုန်းအသုံးပြုသူအရေအတွက်သည် အမေရိကန်ဈေးကွက်အတွင်း iOS အသုံးပြုသူအရေအတွက်၏ ၄၃ ရာခိုင်နှုန်းအထိရှိနေပြီး Android OS အသုံးပြုသူများတွင် ၄၇ ရာခိုင်နှုန်းအထိ ရှိနေသည်ဟု သတင်းများက ဖော်ပြကြသည်။

Apple အနေဖြင့် iPhone 6 plus ကို ၂၀၁၄ နှစ်ကုန်ပိုင်းတွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ယင်းစမတ်ဖုန်းသစ်များ မထုတ်လုပ်မီအချိန်တွင် ဈေးကွက်ဝေစုရယူနိုင်မှု လျော့ကျခဲ့ရသည်။ ယင်းကဲ့သို့ ဈေးကွက်ဝေစု လျော့ကျမှုသည် အဓိကပြိုင်ဘက်ဖြစ်သည့် တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းကုမ္ပဏီက ဈေးကွက်ကို ဦးဆောင် နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။

၂၀၁၅ ပထမလေးလပတ်အတွင်း အမေရိကန် Phablet ဈေးကွက်တွင် Apple တို့ ဦးဆောင်နိုင်ခဲ့သော်လည်း ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်အတွင်းတွင် ဆမ်ဆောင်းက ပထမနေရာ၌ ရပ်တည်နေနိုင်ခဲ့သည်။

နည်းပညာလောကတွင် စမတ်ဖုန်းဈေးကွက်အတွင်း ပြိုင်ဆိုင်မှုအပြင် စမတ်နာရီ ဈေးကွက်တွင်လည်း Apple နှင့် ဆမ်ဆောင်းတို့ ပိုမိုအားပြိုင်လာခဲ့ပြီး လက်ရှိအချိန်တွင် Apple က စမတ်နာရီအသစ်များကို တန်ဖိုးအမျိုးမျိုးနှင့် မိတ်ဆက်ထားသည်။ ဆမ်ဆောင်းတို့ကလည်း သတ္တမမြောက် စမတ်နာရီ မျိုးဆက်ကို ထုတ်လုပ်ရန် ပြင်ဆင်နေသည်ဟု သတင်းများက ဖော်ပြကြသည်။ ထိပ်တန်းနည်းပညာကုမ္ပဏီများအပြင် နည်းပညာ လောကတွင် တရုတ်၊ ထိုင်ဝမ် စသည့်နိုင်ငံအခြေစိုက် နည်းပညာကုမ္ပဏီများကလည်း စမတ်ဖုန်း၊ Phablet နှင့် စမတ်နာရီများ အပြိုင်ထုတ်လုပ်ရန် ပြင်ဆင်လာနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly