မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများဟု သံသယဖြစ်ဖွယ်ရှိသူတို့၏ အလောင်း ခြောက်လောင်းကို ထိုင်းစစ်တပ်က တူးဖော်တွေ့ရှိ

မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများဟု သံသယဖြစ်ဖွယ်ရှိသူတို့၏ အလောင်း ခြောက်လောင်းကို ထိုင်းစစ်တပ်က တူးဖော်တွေ့ရှိ

ရိုက်တာ (ပါဒန်ဘေဆာ)။ ။ သီတင်းပါတ်အကုန်က အစုလိုက်အပြုံလိုက် အလောင်းများစုပြုံမြုပ်နှံရာ တောင်တစ်ခုအနီး ရာဘာစိုက်ခင်း တစ်ခုတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများဟု သံသယဖြစ်ဖွယ် ရိုဟင်ဂျာများ၏ အလောင်း ခြောက်လောင်းကို တူးဖော်တွေ့ရှိခဲ့သည်ဟု ထိုင်းစစ်တပ်က မေ ၆ တွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က အလောင်း ၂၆ လောင်း တွေ့ရှိခဲ့သည့် နေရာနှင့် လေးကီလိုမီတာ အကွာခန့်ရှိ မလေးရှားနယ်စပ် အနီးဆောင်ခလာ ပြည်နယ်တွင် ယခုအလောင်းခြောက်လောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ "ဒီမှာ မြုပ်ထားတဲ့ အလောင်းတွေဟာ အနီးက လူကုန်ကူးစခန်းက မြန်မာနိုင်ငံက ရိုဟင်ဂျာ ရွှေ့ပြောင်းအခြေချသူတွေရဲ့ အလောင်းတွေ ဖြစ်တယ်လို့ အနီးမှာ နေထိုင်ကြတဲ့ ရွာသားတွေက ကျွန်တော်တို့ကို ပြောပါတယ်" ဟု အမှတ်-၄ ဒေသ ပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးဋ္ဌာနချုပ်မှ ဗိုလ်မှူးကြီး ဂျာတူပေါန်ကလမ်ပါဆွတ်က ရိုက်တာသို့ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းအခြေချသူ အများအပြားမှာ မြန်မာနိုင်ငံ အနောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာမွတ်စလင်များ ဖြစ်သည်။ ၎င်းတို့သည် အန္တရာယ်များသော ပင်လယ်ခရီးကို အရဲစွန့် ဖြတ်သန်းလာသူများ ဖြစ်သည်။ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများသည် လူမှောင်ခိုကူး သူများ၏ ခေါ်ဆောင်မှုဖြင့် ထိုင်းသို့ နှစ်စဉ် ဝင်ရောက်လာလေ့ရှိသည်။ ၎င်းတို့အများအပြားမှာ တောထဲသို့ ခေါ်ဆောင်ခံရပြီး မွတ်စလင်အများစုရှိသည့် မလေးရှားသို့ ပို့ဆောင်ရန် ပြန်ပေးငွေများကို လူကုန်ကူးသူများက တောင်းဆိုလေ့ရှိသည်။

စွန့်ပစ်ထားသည့် ဒုတိယမြောက် လူကုန်ကူးစခန်း တစ်ခုကိုလည်း တွေ့ရှိခဲ့သည်ဟု အာဏာပိုင်များက မေ ၅ တွင် ပြောကြားခဲ့သည်။ အလောင်းများ အစုလိုက် အပြုံလိုက်တွေ့ရှိမှုအား မြန်မြန်ဆန်ဆန်နှင့် ယုံကြည်လောက်သည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အမေရိကန်က တောင်းဆိုထားသည်။ အမေရိကန်သည် လူကုန်ကူးမှုအား တိုက်ဖျက်ရန် ပျက်ကွက်နေသော ထိုင်းသို ပြင်းထန်စွာ ဝေဖန်လျက်ရှိသည်။

လူကုန်ကူးမှုတွင် မသင်္ကာမှုဖြင့် ထိုင်းနိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းရဲက ဖမ်းဆီးထားသည်။ တိမ်းရှောင်နေသော နောက်ထပ်လေးဦးကို ဖမ်းဆီးရန်လည်း ဖမ်းဝရမ်းထုတ်ထားသည်။

ယခုအလောင်းများတွေ့ရှိသော တောကြောတစ်ဝိုက်တွင် စခန်းတစ်ခုလျင် လူ ၇၀၀ အထိရှိနိုင်သော စခန်း သုံးခု ရှိနိုင်ကြောင်း အမည်မဖော်သည် ပါဒန်ဘေဆာအခြေစိုက် ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly