ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အင်တာဗျူး > ဥရောပပါလီမန် အမတ် မစ္စတာ ရောဘတ်ဂိုးဘဲလ်(စ်) နှင့် အင်တာဗျူး

ဥရောပပါလီမန် အမတ် မစ္စတာ ရောဘတ်ဂိုးဘဲလ်(စ်) နှင့် အင်တာဗျူး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

လူဇင်ဘတ်မှ ဥရောပပါလီမန် အမတ် မစ္စတာ ရောဘတ်ဂိုးဘဲလ်(စ်)သည် မဇ္ဈိမသတင်းဌာနအား ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်(စ်)မြို့ရှိ ၄င်း၏ ရုံးခန်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ မစ္စတာ ဂိုးဘဲလ်(စ်)သည် ၁၉၉၉ ခုနှစ် ကတည်းက ဥရောပပါလီမန်၏ ဆိုရှယ်လစ်အဖွဲ့ဝင် အမတ်တဦး ဖြစ်ခဲ့ပြီး ယခုအခါတွင် ဥရောပပါလီမန်၏ အရှေ့အာရှနှင့် အာဆီယံနိုင်ငံများဆိုင်ရာ နိုင်ငံခြားရေးဌာန၏  ဒုတိယ ဥက္ကဌ ဖြစ်သည်။ ယခင်က လူဇင်ဘတ်နိုင်ငံတွင် စီးပွါးရေးဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီး၊ ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးနှင့် စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
Robert
၁၉၉ဝကျော် ခုနှစ်များကတည်းက ဥရောပသမ္မဂ္ဂ (EU) သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကိစ္စများ ဒီမိုကရေစီကိစ္စများနှင့် ပတ်သတ်၍ တိုးတက်လာခြင်း မရှိခဲ့ပဲ တနေ့တခြား ဆုတ်ယုတ်လာခြင်းကိုသာ တွေ့ခဲ့ရသည်။ ထိုအရေးယူပိတ်ဆို့မှုများတွင် စစ်အစိုးရ ခေါင်းဆောင်များ၊ တရားစီရင်ရေး အာဏာပိုင်များနှင့် စစ်အစိုးရနှင့် အပြန်အလှန် အမှီသဟဲ ပြုနေသောစီးပွါးရေးလုပ်ငန်းရှင်များနှင့် ၄င်းတို့အားလုံး၏ ဆွေမျိုးသားချင်းများအား ဥရောပသမ္မဂ္ဂနိုင်ငံများသို့ သွားလာခွင့် ပိတ်ပင်ခြင်း၊ ၄င်းတို့၏ စီးပွါးရေး လုပ်ငန်းများကို သိမ်းဆည်းပိတ်ပင်ခြင်း၊ သစ်လုပ်ငန်း၊ သတ္ထုလုပ်ငန်း၊ ဆောက်လုပ်ရေး ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများမှ စစ်အစိုးရနှင့်ပတ်သတ်သည့် ကုမ္ပဏီများ၏ ပို့ကုန်များကို တားမြစ်ပိတ်ပင်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။

ဥရောပသမ္မဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ် အခုလက်ရှိ အရေးယူပိတ်ဆို့မှုတွေဟာ မြန်မာစစ်အစိုးရကို အကျိုးသက်ရောက်မှု ရှိလိမ့်မယ်လို ထင်ပါသလား။

ကျနော့်တယောက်တည်း အမြင်အရတော့ အရေးယူပိတ်ဆို့မှုကို အခြေခံတဲ့ ဘယ်လိုမူဝါဒကို မဆို ဆန့်ကျင်ပါတယ်။ သမိုင်းကလည်း ပိတ်ဆို့အရေးယူမှုတွေဟာ ဘယ်တော့မှ အောင်မြင်မှုကို ဆောင်ကြဉ်းမပေးနိုင်တာကို သက်သေပြခဲ့ပြီးပါပြီ။  ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တာကနေ ရလာတဲ့ တခုတည်းသော ရလဒ်ကတော့ အကျိုးဆက်တွေကို သတိပြုမိလာတာပဲ ရှိပါတယ်။

ပိတ်ဆို့အရေးယူမှုတွေဟာ အာဏာရှင်တွေကို ထိထိရောက်ရောက် ထိုးနှက်နိုင်တာ နည်းပါတယ်။ ကျူးဘား၊ အီရတ် နဲ့ အခု အီရန်က အဖြစ်အပျက်တွေက သက်သေပါပဲ။ နောက်ဆုံးမှာ သာမန်လူထုကိုပဲ ထိခိုက်သွားစေတာပါ။ ပြီးတော့ စီးပွါးရေးအရ ပိတ်ဆို့အရေးယူမှုတွေကနေ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အချက်ကိုလည်း ကျနော် အများကြီး သံသယ ရှိပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေ တိုးတက်လာဖို့အတွက် ဥရောပသမ္မဂ္ဂ (EU) အနေနဲ့ လက်ရှိပိတ်ဆို့အရေးယူမှုတွေကနေ ဘယ်လိုထိရောက်အောင် လုပ်ဆောင်သွားနိုင် ပါသလဲ။


မြန်မာစစ်အစိုးရဟာ အနောက်နိုင်ငံတွေကို မှီခိုမနေတော့ပါဘူး။ ဒါပေမယ့် ဥရောပသမ္မဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက တချို့ ကုမ္ပဏီတွေနဲ့တော့ စီးပွါးရေး လုပ်နေဆဲပါ။ (ဥရောပ သမ္မဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူမှုဟာ ပိတ်ဆို့မှု မပြဌာန်းခင်က မြန်မာနိုင်ငံနဲ့ စီးပွါးရေးလုပ်လက်စ ရှိတဲ့ ကုမ္ပဏီတွေ အပေါ်မှာ အကျုံးဝင်ခြင်း မရှိပါ။) ပြီးတော့ မြန်မာစစ်အစိုးရဟာ တရုတ်၊ ရုရှားနဲ့ အိန္ဒိယလို စီးပွါးရေး အင်အားကြီး နိုင်ငံတချို့နဲ့ စီးပွါးရေးဆက်သွယ်မှု ပြုလုပ်တာကနေလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရရှိနေပါတယ်။

စစ်အစိုးရကို ဘက်စုံဖွင့်ပေးဖို့အတွက် စည်းရုံးတဲ့ နေရာမှာ ဥရောပသမ္မဂ္ဂအနေနဲ့ စစ်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပြီး စည်းရုံးတာက ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။

ဥရောပပါလီမန်နဲ့ ခုနောက်ပိုင်းမှာ မြန်မာစစ်အစိုးရကို စေ့စပ်ဆွေးနွေးဖို့ ပိုအားသန်လာတဲ့ ဥရောပသမ္မဂ္ဂရဲ့အမှုဆောင်ကော်မရှင်ဖြစ်တဲ့ ဥရောပကော်မရှင် ကြားမှာ ကွာဟချက်တွေ တွေ့နေရပါတယ်။ အဲဒါ ဘာကြောင့်လို့ ထင်ပါသလဲ။

ဟုတ်ပါတယ်။ ဥရောပပါလီမန်ထဲမှာ အချေအတင်ဆွေးနွေးမှုကို လက်ဝါးကြီးအုပ်ချင်တဲ့ အဖွဲ့ဝင်တချို့ ရှိနေပါတယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ လွဲသွားမှာကို အရမ်းစိုးရိမ် မိပါတယ်။ ဥရောပ ပါလီမန်ရဲ့ ဆပ်ကော်မတီဖြစ်တဲ့ လူ့အခွင့်အရေး ကော်မတီက အဖွဲ့ဝင်တချို့ဟာ မြန်မာနိုင်ငံအပေါ်မှာ ထိရောက်မှု မရှိတဲ့ နည်းဗျူဟာကို ဆက်ပြီး သုံးချင်နေကြပါတယ်။ အဲဒီ့နည်းဗျူဟာ ဟာ စစ်အစိုးရက မြန်မာပြည်သူပြည်သား တွေရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားလာအောင် ဖိအားပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာပဲ အကြီးအကျယ် ကျရှုံးခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ကျနော်တို့ ဥရောပကော်မရှင်ဟာ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လမ်းကြောင်းသစ်ကို ရှာဖွေခဲ့ပါတယ်။ တခါတရံမှာ ကျနော်တို့ဘက်ကလည်း ဆွေးနွေးဖော်ဆွေးနွေးဘက် ပုံစံမျိုးမဟုတ်ပဲ အခြားတဘက်ကို သူတို့ဘယ်လိုလုပ်ရမယ် ဆိုပြီးတော့ အာဏာပြချင်တဲ့ သဘောမျိုး ကျူးလွန်မိတာတွေလည်း ရှိခဲ့ဖူးပါတယ်။

၂ဝဝ၉ ခုနှစ်ကနေ စပြီးတော့ ဥရောပ ကော်မရှင်ဟာ ထိုင်းမြန်မာ နယ်စပ်မှာ ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေ အတွက် ငွေကြေးထောက်ပံ့မှု အကူအညီတွေကို ရပ်ခဲ့တာ တွေ့ရပါတယ်။ အဲဒါကို ဥရောပကော်မရှင်အနေနဲ့ ဘယ်လိုအကြောင်းပြချက်တွေ ပေးချင်ပါသလဲ။

ဒီကိစ္စနဲ့ ပတ်သတ်လို့ ဥရောပကော်မရှင်ရဲ့ ရည်ရွယ်ချက် အသေးစိတ်ကိုတော့ ကျနော်လည်း မသိခဲ့ရပါဘူး။ ကျနော်သံသယရှိတာကတော့ ဒီငွေတွေအများစုဟာ အန်ဂျီအို အဖွဲ့အစည်းတွေဆီကို ရောက်သွားတယ်လို့ ထင်ပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အန်ဂျီအို တွေရဲ့ အခန်းကဏ္ဍဟာ အပြုသဘောဆောင်ပြီး အရေးကြီးတယ် ဆိုပေမယ့် တချို့ အန်ဂျီအို အဖွဲ့အစည်းတွေဟာ ဥရောပသမ္မဂ္ဂက ထောက်ပံ့တဲ့ငွေတွေကို အဖွဲ့အစည်းအတွက် သုံးပစ်ကြပါတယ်။ ဒီကိစ္စတွေကို ဥရောပကော်မရှင်ဟာ ဥရောပပါလီမန်ထက်  ပိုသိကောင်း သိနေပါလိမ့်မယ်။ ဒါကြောင့်မို့လို အထောက်အပံ့တွေရပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံ ကိစ္စဟာ ဥရောပသမ္မဂ္ဂနဲ့ အာဆီယံ ဆက်ဆံရေးကိုကော ထိခိုက်နိုင်ပါသလား။


မြန်မာ့အရေးဟာ အီးယူ-အာဆီယံ အစည်းအဝေးတိုင်းမှာ အဆွေးနွေးခံရတဲ့ ကိစ္စတခုပါ။ ဒါပေမယ့် ကျနော်တို့အနေနဲ့ သတိထားရမှာက အာဆီယံ အဖွဲ့အစည်းဟာ စီးပွါးရေးအရသာ အဓိက ချည်နှောင်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စီးပွါးရေးအရ လုပ်ဆောင်မယ့် သူတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ထည့်သွင်း စဉ်းစားမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံထဲမှာ နိုင်ငံခြား ကုမ္ပဏီတွေ အများကြီး ရှိနေတာပါ။

အာဆီယံနိုင်ငံတွေရဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေး မူဝါဒကိုရော လူကြီးမင်းအနေနဲ့ ကျေနပ်မှု ရှိပါသလား။

အာဆီယံနိုင်ငံတွေက မြန်မာ စစ်အစိုးရရဲ့ ပေါ်လစီချမှတ်ရေး အပေါ်မှာ လွှမ်းမိုးနိုင်စွမ်းရှိတာကတော့ ထင်ရှားပါတယ်။ ဒါပေမယ့် တခြားအာဆီယံနိုင်ငံတွေမှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သတ်လာရင် ချိုးဖောက်တတ်တဲ့ သမိုင်းကြောင်း ရှိနေတာကို မေ့ထားလို့ မရပါဘူး။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ မြန်မာနိုင်ငံစစ်အစိုးရကို ဖိအားပေးဖို့ သိပ်စိတ်မဝင်စားတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာသေးခင်က အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာခဲ့လို့ အာဆီယံအနေနဲ့ မြန်မာစစ်အစိုးရနဲ့ လူ့အခွင့်အရေးကိစ္စတွေ ပြောဆိုရာမှာ တိုးတက်မှုတွေ တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။

မကြာသေးခင်က ဥရောပ ပါလီမန်ဟာ တရုတ်၊ အိန္ဒိယနဲ့ ရုရှား အစိုးရတွေကို မြန်မာစစ်အစိုးရကို လက်နက်ရောင်းချမှုတွေ ရပ်ဖို့ တိုက်တွန်းခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးရကို ဂျက်တိုက်လေယာဉ် အစီး ၅ဝ ရောင်းချခဲ့ပါတယ်။ တရုတ်၊ ရုရှားနဲ့ အိန္ဒိယ နိုင်ငံတွေဟာ မြန်မာနိုင်ငံ စစ်အစိုးရကို လက်နက်ရောင်းချတာတွေရပ်တန့်ဖို့နဲ့ စွမ်းအင်ကဏ္ဍမှာ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတာတွေကို ရပ်တန့်ပစ်ဖို့ စိတ်မဝင်စားခဲ့ပါဘူး။ ဥရောပသမ္မဂ္ဂ အနေနဲ့ အဲဒီ့နိုင်ငံတွေရဲ့ လုပ်ဆောင်မှုကို ဘရပ်ဆဲလ်(စ်)ဥရောပပါလီမန်က စိတ်ပျက်ကြောင်း ပြသဖို့ ပမာဏ ခြေလှမ်းမျိုး လှမ်းနိုင်လိမ့်မယ်လို့ ထင်ပါသလား။


ကျနော့်အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို အဓိကထားပြီး ဖြေဆိုရမယ်ဆိုရင် ဥရောပသမ္မဂ္ဂဟာ တရုတ်နိုင်ငံနဲ့ ပြေလည်နေတဲ့ ဆက်ဆံရေးကို စွန့်ပစ်လိမ့်မယ်လို့ မထင်ပါဘူး။ တချို့က ပြောကြပါလိမ့်မယ်။ တရုတ်နိုင်ငံမှာ မိတ်ဆွေနိုင်ငံဆိုတာ မရှိဘူး။ အကျိုးစီးပွါးဆိုတာပဲ ရှိတယ်လို့ ပြောကြပါတယ်။ ပြီးတော့ ဥရောပသမ္မဂ္ဂအဖွဲ့ဝင် နိုင်ငံအများအပြားဟာ တရုတ်နိုင်ငံမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားကြပါတယ်။ ထောင်ပေါင်းများစွာသော ဖက်စပ်ကုမ္ပဏီတွေဟာ ဥရောပဈေးကွက်အတွက် တရုတ်နိုင်ငံမှာ ကုန်ပစ္စည်းတွေကို အလုံးအရင်းနဲ့ ထုတ်လုပ်နေကြပါတယ်။ ဥရောပ အနေနဲ့ တရုတ်နိုင်ငံမှာ စီးပွါးရေး ချဲ့ထွင်နေတာမို့ မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရက ဖိအားပေးလာဖို့ ထိထိရောက်ရောက် တိုက်တွန်းနိုင်မှာ မဟုတ်ပါဘူး။

အခု မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အများလက်ခံ လာနိုင်အောင် စစ်အစိုးရက ကြိုးစားမယ်ဆိုရင် သူတို့ အနေနဲ့ ဘာကို အရင်ဆုံး လုပ်သင့်တယ်လို့ လူကြီးမင်း ယူဆထားပါသလဲ။ လူကြီးမင်းရဲ့ အကြံပြုချက်ကို သိပါရစေ။

တကယ်လို့ စစ်အစိုးရ အနေနဲ့ အများ တကယ်လေးစားနိုင်လောက်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးချင်တယ် ဆိုရင် နိုင်ငံတကာက လေ့လာသူတွေကို ရွေးကောက်ပွဲ ဖြစ်စဉ်ကြီး တခုလုံးကို တရားမျှတမှု ရှိမရှိ စောင့်ကြည့် လေ့လာဖို့ ဖိတ်ခေါ်သင့်ပါတယ်။ ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာမယ့် ပါလီမန်ဟာ သူတို့ကို ချပေးထားသလောက် လုပ်ပိုင်ခွင့် အာဏာလေးနဲ့ ရောင့်ရဲနေလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ ပါလီမန် အသစ်ဟာ တချို့နေရာတွေမှာ ပါလီမန်တခုအနေနဲ့ ရသင့်ရထိုက်တဲ့ အာဏာတွေ ရရှိလာအောင် စစ်အစိုးရကို တောင်းဆိုသွားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ပါလီမန် အသစ်ဟာ စစ်ဘက်လွှမ်းမိုးမှုကို တဖြည်းဖြည်းချင်း စိန်ခေါ်လာလိမ့်မယ်လို့ အကောင်းဘက်ကနေပဲ ထင်မြင်ယူဆမိပါတယ်။