လူပေါင်း ၁ သိန်း ၄ သောင်းနီးပါး သေဆုံးခဲ့ရသော ကြေကွဲဖွယ်ရာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခဲ့သော ၂ နှစ်မြောက်အခါသမယတွင် ဒေးဒရဲမြို့သို့ လှည့်လည်ခဲ့သော မဇ္ဈိမသတင်းထောက်က တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
"အကိုရဲ့ သားတယောက် အသက် ၁ဝ နှစ် ၊ သမီးတယောက် အသက် ၂ နှစ် ဆုံးတယ်၊ အသက် ၈၀ကျော် အဖွါး တယောက် ဆုံးတယ် ၊ သူတို့တွေကို ရည်စူးပြီးတော့ မနှစ်ကတော့ မုန့်ဟင်းခါးအလှူ ကျွေးပြီးတော့ ဘုန်းကြီးတွေပင့်ပြီး တရားနာ ပြုလုပ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကျတော့ ဘုန်းကြီးကျောင်းကိုပဲ ဆွမ်းတပွဲလှူလိုက်ပါတယ်၊ ကျွန်မတို့ မိသားစုလည်း ဘောက်လုပ်တာဆိုတော့ အခြေအမြစ်ရှိတဲ့ငွေရတဲ့ လုပ်ငန်း မရှိဘူးလေ၊ နာဂစ်ကတော့ ဘယ်အချိန်ရောက်ရောက် အတိတ်ဆိုးကြီး ဖြစ်နေအုံးမှာပါ”
"မုန်တိုင်းမတိုက်ခင်က ကျမတို့က ဟာလာဆန်စက်လုပ်ငန်း လုပ်ပါတယ်။ကျမက အပ်ချုပ်စက် ၃ လုံး နှင့် တပည့်တွေ ခေါ်ပြီးတော့ အဝတ်ချုပ်ပါတယ်၊ အိမ်မှာလည်း ဆိုင်ဖွင့်ထားပါတယ်။ မုန်တိုင်းတိုက်တဲ့ညက လေတိုက်တာကိုတော့ မပြောပြတတ်တော့ပါဘူး၊ ရေတွေကလည်း တက်လာတော့ အိမ်အမိုးတွေက မရှိတော့၊ရေတွေ နဲ့မျော ပါသွားပြီ ၊ လှိုင်း တွေကရိုက်တော့ အုန်းပင်ကိုပဲ ဖက်ထားကြတာ ၊ လှိုင်းတလုံး ပုတ်လိုက်တော့ ခလေးက လွင့်ထွက်သွားတယ်။ မနက်လင်းမှ အလောင်းတွေ့ရတော့တယ်။ အခုတော့ သူများဆီက ငွေလေး ချေးငှားပြီးတော့ အကြော်စုံ ရောင်းနေပါတယ်”
"နာဂစ်တိုက်တော့ ဦးလေးက ပင်လယ်မှာ ငါးဖမ်းနေတာ။ အဲဒါနဲ့ မုန်တိုင်းသတင်းကြောင့် ပြန်ပြေးလာရတာပေါ့ ။ ကံကောင်းလို့ အသက် မသေပေမယ့် အိမ်ပြန်ရောက်တော့ ဘာမှ မတွေ့တော့ဘူး၊ မိသားစုတွေလည်း အရူးတပိုင်း ဖြစ်ရတာပေါ့၊ ဦးလေးက အိမ်ထောင်ဦးစီးဆိုတော့ အိမ်ရဲ့စီးပွါးရေးကို ပြန်ပြီး ဘယ်လို လုပ်မလဲဆိုတာကိုပဲ တွေးတော့တာပေါ့။ မနှစ်ကတော့ နဲနဲရသေးတယ်။ဦးလေးကလည်း ငါးပဲရှာတတ်တာလေ။ ဒီနှစ်ကတော့ နည်း တယ် ၊ ရှာရဖွေရ ခက်တယ် ၊ ငါးတွေလည်း ဘယ်ရောက်နေလဲ မသိဘူး၊ အရင်းအနှီးက နာဂစ်မှာ ကျန်ခဲ့တဲ့ရွှေလေးငွေလေးကို ပြန်ပြီး ထုခွဲရောင်းချပြီး လိုတာလေးကို အတိုးနှင့်ချေးငှားလုပ်ရတာ အရင်က ငါးရှာတဲ့ လှေ ၊စက် ၊ ပိုက် တန်ဖိုး ၁၅ သိန်းလောက်ရင်းရတယ်၊ အခု တော့ လုံးလယ် လိုက်နေတာပဲ”
"နာဂစ်ကိုတော့ ပြန်မပြောချင်ဘူး၊ နောက်ကြောင်း မပြန်ချင်ဘူး၊အဲဒီညက အိမ်ကပြိုပြီဆိုတော့ အိမ်ရှေ့ပိုင်းမှာ ချည်ထားတဲ့လှေက ကျန်နေတော့ ကလေးတွေကို လှေပေါ်မှာတင်ပြီးတော့ ဖော့နေကြတာ ၊ လှိုင်းက ပုတ်လိုက်တော့ ကလေးတွေ ပြုတ်ကျကုန်တယ်၊ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တယ်။ ကလေးရောလူကြီးတွေ ဘယာတွေ ဖြစ်ကုန်မှန်းလည်း မသိတော့ဘူး။ ကိုယ့်အသက်ကို လုပေါ့လေ ၊ နောက်တော့မှ ကလေးက မြေးလေး အသက် ၈ နှစ် တယောက် ၊ ၃နှစ် တယောက်။၂ နှစ် တစ်ယောက် နှင့် အမ တစ် ယောက်အန်တီမှာ ဆုံးရှုံးခဲ့ရပါတယ်။ ”
"ဘာ့ကြောင့် ဘဘ က မသေဘဲကျန်နေရတာလဲမသိဘူး၊ အမှန်ဆို ဘဘ ကသေရမှာပါ၊ အသက်ကလည်းကြီးပြီလေ ၊ နာဂစ်မှာ ဘ ဘ ရဲ့ သား၂ ယောက် သေသွားပါတယ်၊ချွေးမတယောက် သေ သွားပါတယ် ၊ အခုတော့ သားရော ချွေးမပါ သေသွားတော့ကျန်ခဲ့တဲ့ မြေးယောင်္ကျားလေး အသက် ၁၂ နှစ် လေး နှင့်အတူတူနေပါတယ်၊ မြေးလေးကပဲ ငါးရှာကျွေး၊ ဘောက် လုပ်ကျွေး တာပေါ့လေ၊ဒီနေ့မှာ နာဂစ် ဆိုတဲ့မုန်တိုင်း တိုက်တာ ၂ နှစ် ပြည့် တာပေါ့၊ ဘဘ သားတွေကို ရော ချွေးမကိုပါ သတိရနေတယ်၊”






