ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အင်တာဗျူး > လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့

လူမသာတွေကို လမ်းထဲ အဝင်မခံတာမျိုး မလုပ်ကြပါနဲ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(ကျော်သူနှင့် ဆက်သွယ်မေးမြန်းချက်)
နယူးဒေလီ (မဇ္ဈိမ)။     ။ နာရေးကူညီမှုအသင်းကို ၂ဝဝ၁ ခုနှစ်ကတည်းက တည်ထောင်ခဲ့သူ ရုပ်ရှင်မင်းသား ဦးကျော်သူကို ပြည်တွင်း ပြည်ပရောက် မြန်မာများက အွန်လိုင်းမှတဆင့် ပြည်သူ့ဂုဏ်ရည်ဆုပေး ရွေးချယ်လိုက်ကြသည်။

အမေရိကန်နိုင်ငံ မြို့ပေါင်း ၁၄ မြို့မှ မြန်မာမိသားစုများက မြန်မာပြည်တွင်းရှိ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ လုပ်ကိုင်နေသူများအား ပြည်ပရောက် မြန်မာများ၏ ဆန္ဒမဲများဖြင့် ဧပြီ ၂၄ ရက်နေ့က ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်သည်။
kyawthu
ဆုရတဲ့အပေါ် ခံစားချက် ပြောပြပေးပါ။

“ပြည်တွင်းက လူမှုရေးသမားတွေကို ပြည်ပမှာရောက်နေတဲ့ မြန်မာလူမျိုးတွေက အခုလို  အသိအမှတ်ပြု အားပေးလို့ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ကျနော် ဆုရတဲ့အကြောင်း မူဆယ်နာရေးကူညီမှု အသင်းက ဖုန်းဆက်ပြီး ဝမ်းသာကြောင်းပြောလို့ သိရပေမယ့် သိပ်မယုံခဲ့သေးဘူး။ အိမ်ပြန်လို့ အီးမေးလ် ဖွင့်ကြည့်တော့မှ တကယ်ရတာကို သိရတာ။ ညနေလောက်ကျမှ ဖုန်းဆက်ပြီး အကြောင်းကြားတယ်”

ဘာကြောင့်ချီးမြှင့်ခံရတယ်လို့ ယူဆလဲရှင့်။

“ကျနော်ကတော့ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ်တာဝန်ကျေအောင် လုပ်တာပဲ။ ကိုယ့်သီလ ကိုယ်လုံအောင် နေပြီးတော့မှ လုပ်တဲ့အတွက် ချီးမြှင့်ခံရတယ်လို့ ထင်ပါတယ်။ ဆုရတဲ့အတွက် ကျနော့်စိတ်ကိုလည်း အားဖြစ်စေပါတယ်။ ထက်မြက်တဲ့ အားဆေးတခွက် သောက်လိုက်ရသလိုပါပဲ။ လူမှုရေးအလုပ်ကို ပိုပြီး ဇောက်ချပြီး လုပ်ဖို့ ဖြစ်စေပါတယ်”

ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ရုပ်ရှင်အကယ်ဒမီဆုအပေါ် ဘယ်လိုများ ခွဲခြားပြီး မြင်မိလဲ။

“အကယ်ဒမီဆုနဲ့ ပြည်သူ့ဂုဏ်ရည်ဆုက မိုးနဲ့ မြေလို ကွာပါတယ်။ အကယ်ဒမီဆုက ကိုယ့်အတ္တအတွက် လုပ်လို့ ရတဲ့ ဆု၊ အခု ပြည်သူ့ဂုဏ်ရည်ဆုက ပရဟိတလုပ်ငန်းအတွက် ရတဲ့ ဆုပါ”

ပြည်သူ့ဂုဏ်ရည်ဆု မဲပေးရွေးချယ်တဲ့ စနစ်ကိုရော ဘယ်လိုမြင်လဲ။

“အင်မတန်ကောင်းတဲ့ စနစ်ပါ။ ကမ္ဘာမှာလည်း ဒီလိုစနစ်ကို ကျင့်သုံးတာပါ။ မြန်မာပြည်တခုထဲမှာ မရှိတာပါ။ ဥပမာ - ကျနော်တို့ အကယ်ဒမီပေးပွဲပေါ့၊ အော်စကာဆုပေးတဲ့ စနစ်အတိုင်း ကျင့်သုံးသင့်တယ်။ အကယ်ဒမီ ပေးတဲ့အခါမှာ ပေးချင်တဲ့လူကို ကောက်ပေးတာပေါ့။ အခုက ၂၄ ဦးထဲက ပရိသတ်ကို မဲပေးခိုင်းပြီး ဆန်ကာတင် ၅ ဦး ရွေးခိုင်းတယ်။ အဲဒီထဲက တဦးကို မဲပေးရွေးတာပေါ့လေ”

ဒီဆုရတဲ့အတွက် ဘယ်သူတွေကို ကျေးဇူးတင်စကား ပြောချင်လဲ။

“ကျနော် ဒီလူမှုရေးလုပ်ငန်း လုပ်ဖြစ်ခဲ့တာ ကျနော့်ဇနီး ရွှေဇီးကွက်က လုပ်ချင်လို့ ရုပ်ရှင်မင်းသား ဘဝက ဒီဘက်ကို ပြောင်းလာတာ။ ကျနော် ဘာသာရေးနဲ့ လူမှုရေးတွေ လုပ်ဖြစ်လာအောင် ကျနော့်သား ပြည်သိမ်းကျော်နဲ့ ကျနော့်သမီး မြင့်မိုရ်ကျော်သူတို့ကြောင့် စိတ်ဝင်စားလာပြီး လုပ်ဖြစ်သွားတာ။ ဒါကြောင့် သူတို့ကို ကျေးဇူးတင်ပါတယ်။ ကျနော့်ကို မဲပေးရွေးချယ်ကြတဲ့ ပြည်သူတွေ၊ ဆုပေးနိုင်အောင် စီစဉ်ကြတဲ့ ပြည်ပရောက် မြန်မာလူမျိုးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်”

ဦးကျော်သူ လုပ်ကိုင်နေတဲ့ လူမှုရေး လုပ်ငန်းတွေကိုလည်း တဆက်ထဲ မေးလိုပါတယ်။ ပြောပြပေးပါအုံး။

“၇ ရက်သားသမီး ဆင်းရဲချမ်းသာမရွေး အခမဲ့ ကူညီလိုက်ပါဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်း။ ဆရာတော် သံဃာတော်တွေ ပျံလွန်တော်မူရင်လည်း ဆောင်ရွက်ပေးတယ်။ နောက်ပြီး ဆင်းရဲနွမ်းပါးတဲ့ ၇ ရက် သားသမီးတွေ  ဆေးဝါးကုသနိုင်တဲ့ သုခ ကုသိုလ်ဖြစ်ဆေးခန်း ဖွင့်ထားပါတယ်။ နောက်ပြီး ကလေးတွေအတွက် နွေရာသီ အင်္ဂလိပ်စာ သင်တန်းတွေလည်း ဖွင့်ပေးပါတယ်။ နောက်ပြီး လူငယ်တွေ ဘဝတက်လမ်းအတွက် စာပေတွေ လေ့လာနိုင်ဖို့ သုခအလင်း စာကြည့်တိုက် ဖွင့်ထားပါတယ်”


ကျော်ကြားတဲ့ ရုပ်ရှင်မင်းသားအဖြစ်ကနေ လူမှုရေးလုပ်ငန်းဘက် လှည့်လာတာလဲ။

“ကျနော် ရုပ်ရှင်မင်းသား လုပ်နေစဉ်မှာ လူပေါင်းစုံနဲ့ ဆက်ဆံရတဲ့အတွက် စိတ်ညစ်လာတယ်။ အဲဒီအခါမှာ ဘဘ ဦးသုခဆီ သွားပြီး စိတ်ညစ်တဲ့အကြောင်း သွားပြောတယ်။ အဲဒိအခါမှာ ဘဘက 'မောင်ကျော်သူ .. မင်းကို ဘဘ မေးချင်တယ်။ ပြင်သစ်ဝန်ကြီးချုပ်နာမည် သိလားဆိုတော့ ကျနော်က မသိပါဘူး။ အီတလီ ဝန်ကြီချုပ်နာမည် သိလားဆိုတော့ မသိပါဘူ။ ဒါဆို ချာလီချက်ပလင်ကို သိလားဆိုတော့ သိတယ်ဆိုတော့ .. ဒါ အဖြေပဲ' တဲ့။ 'နိုင်ငံကျော် သရုပ်ဆောင်တယောက်က အများအတွက် အကျိုးရှိတဲ့လုပ်ငန်း လုပ်ရင် ပိုပြီး လူသိတယ်။ အောင်မြင်တယ်' လို့ ပြောခဲ့တယ်။ အဲဒီကတည်းက အနုပညာရှင်အဖြစ် အောင်မြင်နေတဲ့  ကျနော့်နာမည်ကို ခုတုံးလုပ်ပြီး လူမှုရေးလုပ်ငန်းကို ဇောက်ချလုပ်နေတာ ဖြစ်ပါတယ်”

“ကျနော့်မိဘတွေက ရုပ်ရှင်လုပ်ငန်း လုပ်ပါတယ်။ ဒါရိုက်တာတွေနဲ့လည်း သိနေတော့ အိမ်ထောင်ကျပြီးနောက် 'ချစ်ကြိုးလေး တမျှင်' ကားနဲ့ အောင်မြင်လာတာ။ ကျနော် ရုပ်ရှင်ရိုက်လာတာ နှစ်အစိတ်လောက်ကြာတော့ ငြီးငွေ့လာတယ်။ ကျနော့်သားသမီးတွေ ၄-၅ တန်းလောက်မှာ အင်းစိန်က အောင်ဆန်းတောရ ဆရာတော်ဆီမှာ တရားစခန်း သွားနာပြီး၊ ရုပ်ရှင်သရုပ်ဆောင်လုပ်တဲ့ လူတွေက ငရဲကျလားလို့ မေးတာကို ကြားပြီး တုန်လှုပ်သွားပြီး ဘာသာရေး လုပ်ဖြစ်ခဲ့တယ်။ ဆရာတော်ကြီးရဲ့ စာအုပ်တွေ ဖတ်၊ ဆရာတော်ကြီးရဲ့ ဆုံးမမှုတွေကြောင့်၊ နောက်ပြီး ဘဘ ဦးသုခရဲ့ ညွှန်ပြမှုတွေကြောင့် လူမှုရေးထဲကို ဝင်လာတာ”

ဒီလို ပရဟိတလုပ်ငန်းတွေ လုပ်နေတုန်း ဘယ်လိုအခက်အခဲတွေ ကြုံရလဲရှင့်။

“အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ကျနော်တို့ လူမှုရေးအလုပ်ကို ဖြောင့်ဖြောင့်တန်းတန်း မလုပ်ရဘူး၊ ကျနော်တို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ပါဘူး။ တချို့က ကျနော်တို့ကို အငြိအစွန်းတွေ လုပ်နေတာလို့ မြင်ကြတယ်။ ပြောရရင်တော့ အများကြီးပါပဲ။  အနှောင့်အယှက်ပေးတာတွေ၊ တရားစွဲမယ့်အဆင့် ထောင်ချခံရမယ့် အဆင့်တွေတောင် ရောက်ခဲ့ပါတယ်။ ဒါကို ကျနော်တို့က ကြံ့ကြံ့ခံပြီး မှန်တဲ့အတိုင်း လုပ်တဲ့အတွက် အခုအချိန်ထိ ရှိနေတာပါ။ ၂ဝဝ၁ ခုနှစ် ကတည်းက လူမှုရေးကို လုပ်လာတဲ့အခါ အလှူငွေထဲက ပိုက်ဆံတပြားမှ မယူပါဘူး။ ကျနော်တို့က နာရေးအသင်းရှိတဲ့ နေရာကို ကိုယ့်စရိတ်နဲ့ ကိုယ်သွားတယ်။ ရောက်ရင် အလုပ်လုပ်ပြီး ကိုယ်စရိတ်နဲ့ကိုယ် ထမင်းဝယ်စားတာပါ။ လခစား ဝန်ထမ်းတွေလောက်ပဲ လစာပေးပါတယ်”

၁ဝ နှစ်တာကာလ အောင်မြင်တိုးတက်မှု အခြေအနေကို ဘယ်လိုမြင်မိလဲ။

“ကျနော်တို့ စစလုပ်တုန်းက လူ ၂ဝ ၊ အစိတ်လောက်နဲ့ စခဲ့တာ။ အခုဆိုရင်  စေတနာ့ဝန်ထမ်း အပါအဝင် အယောက် ၂ဝဝ ကျော် ရှိသွားပြီ။ နိဗ္ဗာန်ယာဉ်ဆိုရင်လည်း အရင်က  တစီးနှစ်စီးကနေ အခု ၁၇ စီး၊ ၁၈ စီး ဖြစ်နေပါပြီ။ အသင်းကလည်း အခုဆိုရင် စနစ်တကျနဲ့ လုပ်နေပါပြီ။ မော်တော်ယာဉ်ဌာန၊ ဆေးဌာန စသဖြင့် လုပ်ဆောင်နေပါတယ်”

ရန်ပုံငွေကိုရော ဘယ်လို ရှာလဲရှင့်။

“ကျနော်တို့က ရန်ပုံငွေ မရှာပါဘူး။ ကျနော်တို့က အလှူရှင်တွေက လာလှူတဲ့ ငွေနဲ့ပဲ သုံးတာပါ။ ကျနော်တို့ NGO က နိုင်ငံခြားမှာ လုပ်တဲ့ NGO လို Proposal  တင်ပြီး လုပ်တာ မဟုတ်ဘူး။ ဘယ်မှာ Proposal မတင်ပါဘဲ လာလှူတဲ့ လူတွေရဲ့ ငွေနဲ့ပဲ စနစ်တကျ လုပ်တာပါ”

ဒါဆို စစတုန်းက ဘယ်လိုမတည်ခဲ့ကြလဲ။

“စလုပ်တုန်းက ပါတဲ့လူတွေကပဲ ငွေကြေးစိုက်ထုတ် မတည်ပြီး၊ နိဗ္ဗာန်ယာဉ် ဝယ်ပြီး လုပ်ခဲ့တာပါ။ နောက်ပိုင်း ပြည်တွင်းပြည်ပက အလှူရှင်တွေက  လှူတဲ့ငွေနဲ့ လုပ်ဖြစ်ပါတယ်။ ပြည်တွင်းနဲ့ ပြည်ပက အလှူတွေက မျှမျှတတပဲ ရှိပါတယ်။ ပြည်ပကတော့ တနှစ်တခါ စုပေါင်းလှူတာတို့၊ ဓာတ်မှန်ခန်း ဆောက်မယ်ဆိုရင် စုပေါင်းပြီး လာလှူတာတို့ ရှိပါတယ်။ နောက်ပြီး သင်္ဘောသားတွေ ပြန်တက်လာတဲ့အခါ လာလှူကြတာတို့ ရှိပါတယ်”

လစဉ်၊ နှစ်စဉ် ကုန်ကျစရိတ်တွေကိုရော သိလို့ရမလား။ အလှူငွေ လုံလောက်မှု ရှိမရှိ အခြေအနေလေးပါ သိချင်ပါတယ်။

“နာရေးကူညီမှုအသင်းနဲ့ ဆေးခန်းအတွက်ပဲ တလကို သိန်း ၃ဝဝ ကျော် ရှိပါတယ်။  တနှစ်ကို သိန်း ၃၆ဝဝ ကျော် ရှိပါတယ်။ လုံလောက်မှု ရှိပါတယ်။ မျှတအောင် ကုန်သင့်ကုန်ထိုက်တာကိုပဲ အကုန်ခံတယ်။ မလိုအပ်တဲ့ နေရာမှာ အကုန်မခံပါဘူး။ အခုချိန်ထိတော့ အချိုးညီပါတယ်”

လတ်တလောမှာ ဘာလိုအပ်ချက်တွေ ရှိနေလဲ။

“အဆောက်အဦးတွေ ပြန်ဆောက်နေတာ ရှိတယ်။ ဓာတ်မှန်ခန်းက  ဇွန်လဆိုရင် ဖွင့်နိုင်ပြီ။ နာရေးရုံးခန်း မရှိသေးဘူး။ ဆေးခန်းထဲမှာ အခန်းတခန်းယူပြီး ဖွင့်နေရတယ်။ လူနာ နားနေဆောင် ပြန်ဆောက်ရမယ်။ ကားဂိုဒေါင်ရုံ ဆောက်ဖို့ရှိမယ်။  မီးစက်ဝယ်ရမယ်။ အဝီစိရေတွင်း တူးရမယ်။ အဲဒါတွေအတွက် လိုအပ်နေပါသေးတယ်”

ပိတ်ပင်ခံထားရတဲ့ အနုပညာလုပ်ငန်း ပြန်လုပ်ခွင့် ရမယ်ဆိုရင်ရော … ။

“ကျနော့်ကို ၂ဝဝ၇ ခုနှစ်ကတည်းက ပိတ်ထားတာ၊ သရုပ်ဆောင်ခွင့် စာရေးခွင့် ဘာမှ လုပ်ခွင့် မရပါဘူး။ ပြန်လုပ်ခွင့် ရရင်တောင် မလုပ်တော့ပါဘူး။ အဲဒီအလုပ်ကိုလည်း မနှစ်မျို့တော့ဘူး။ အများနဲ့လုပ်ရတဲ့ ကိစ္စ၊ ကုသိုလ်မရတာ များတယ်။ ကုသိုလ်ရတဲ့ အလုပ်ပဲ လုပ်တော့မယ်။ အခြေအနေ ပေးလာခဲ့ရင် သမိုင်းအဖြစ်မှန်တွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖြစ်မယ်။ ပရဟိတ အလုပ်ကိုပဲ ဇောက်ချလုပ်တော့မယ်”

ဦးကျော်သူရဲ့ Facebook က သုံးရတာ အခက်အခဲ ရှိနေတယ်လို့ ကြားမိတယ်။

“ဟုတ်တယ်။ ကျနော် လုပ်ထားတာတော့ မဟုတ်ဘူး။ ကျနော့်မိတ်ဆွေ အင်္ဂလန်က တယောက်၊ စင်္ကာပူက တယောက်ရယ် လုပ်ပေးတာ။ ကျနော်လည်း အဲဒီမှာ ကျနော့်လုပ်ဆောင်ချက်တွေကို ရေးပြီး တင်တယ်။ fan ပရိသတ် တသောင်းကျော်လာတဲ့အခါမှာ ဘယ်သူက သွားပြီး Facebook ကုမ္ပဏီကို ပြောလိုက်တယ်မသိဘူး။ ပိတ်လိုက်တယ်။ ကျနော်ရေးချင်တဲ့ ဆောင်းပါးတွေ ရေးမရတော့ဘူး။ comment  ပေးလို့ မရတော့ဘူး။ အခုတော့ comment ပေးလို့ ရတယ်။ ဒါပေမဲ့ ကျနော် ရေးချင်တဲ့ အကြောင်းအရာ အသစ်တွေတော့ တင်လို့ မရသေးဘူး။ အခမဲ့ နာရေးကိစ္စ ကူညီနေတဲ့၊ အခမဲ့ ဆေးကုသပေးနေတဲ့ လူတွေကို ဒီလိုလုပ်တာ မကောင်းပါဘူး။ မလုပ်သင့်ပါဘူး”

Facebook စာမျက်နှာက ကိုကျော်သူရဲ့ ပရဟိတ လုပ်ငန်းကို တစုံတရာ အကျိုးဖြစ်စေလား။

“အများကြီး ဖြစ်စေပါတယ်။ Facebook ကပဲ အလှူငွေတွေ တက်လာတာပါ။ ကမ္ဘာအနှံ့မှာ ရောက်နေတဲ့ မြန်မာပြည်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ မြန်မာတွေက Facebook စာမျက်နှာကို ကြည့်ပြီး နာရေးကူညီမှု အသင်းရဲ့ လူမှုရေးလုပ်ငန်း လုပ်နေတာကို သိကြပြီး လှူကြတာ။ ထို့နည်တူစွာ ပြည်သူဂုဏ်ရည်ဆုကလည်း Facebook ကြောင့်  လူသိများလာတာလို့ ထင်ပါတယ်။ ဒါကြောင့် ကျနော့်ကို စာမျက်နှာလုပ်ပေးတဲ့ အင်္ဂလန်နဲ့ စင်္ကာပူက မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ်”

နာရေးကူညီမှုအသင်းက ရန်ကုန်အပြင် တခြားမြို့တွေမှာ ရှိသေးလား။


“တခြားမြို့က အသင်းတွေက ကျနော်တို့နဲ့ ပတ်သက်မှုတော့ မရှိဘူး။ သက်ဆိုင်ရာ မြို့တွေမှ ကျနော်တို့ကို အားကျပြီး ဖွဲ့တာတွေ ရှိပါတယ်။ အသင်းဖွင့်ပွဲတွေမှာ ကျနော့်ကို ဖိတ်လို့ ၂ဝဝ၇ မတိုင်ခင်က မြို့ပေါင်း ၅ဝ ကျော်မှာ ဖွင့်ပေးခဲ့တယ်။ ၂ဝဝ၇ နောက်ပိုင်းတော့ ခရီးသွားခွင့် အခက်အခဲရှိလို့ မသွားဖြစ်တော့ဘူး။ ညဘက်တွေဆိုရင် အယူသီးတာတွေ ပပျောက်အောင် ဟောပြောပွဲတွေ လုပ်ပါတယ်။ ကျနော်ကိုယ်တိုင် ကားမောင်းပြီး အလောင်းတွေ လိုက်ပို့ပေးပါတယ်”


ပရိသတ်ကို ပြောချင်တာရှိရင် ပြောပြပေးပါ။

''ကျနော် ဒီအလုပ်ကို တသက်လုံး လုပ်သွားမှာပါ။ ဒီအလုပ်က ၃၁ ဘုံမှာ ဘယ်ဘုံမှာမှ လုပ်လို့ မရဘဲ လူ့ဘုံမှာမှ လုပ်လို့ရတဲ့ အလုပ်ပါ။ အဲဒါကြောင့် ဒီအလုပ်ကို ဇောက်ချလုပ်သွားမှာပါ။ ကျနော်တို့ နာရေး အလုပ်လုပ်တဲ့အခါ  အယူသီးမှုတွေကို အများကြီး ကြုံရတယ်။ အဲဒါတွေကို ချွတ်ပေးကြပါ။ လမ်းထဲကို နိဗ္ဗာန်ယာဉ်ဝင်ရင် ဒီဘက်ထိပ်က မဝင်ရဘူး၊ ဟိုဘက်ထိပ်က မဝင်ရဘူး။ မင်္ဂလာမရှိဘူးလို့ ယူဆကြတယ်။ တချို့က လမ်းခင်းထားတာ အသစ်မို့လို့ မဝင်ခိုင်းတာတို့ ရှိတယ်။ ဒါတွေက မလုပ်သင့် မလုပ်ထိုက်တာတွေပါ။ ဒါဆိုရင် အဲဒီလမ်းက လူတွေရော မသေကြတော့ဘူးလား။ သေတဲ့လူတွေ ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်အောင် ကူညီပေးကြပါ။ တိရစ္ဆာန် မသာတွေကျတော့ ခုတ်ထစ်ပြီး ပါးစပ်ထဲ ထည့်ကြတယ်။ လူမသာတွေကျတော့ ရပ်ကွက်ထဲ၊ လမ်းထဲ အဝင်မခံဘူးဆိုတာမျိုး မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်''