ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အင်တာဗျူး > မစ္စတာကွင်တားနား တိုင်းရင်းသား ခေါင်းဆောင်များကို တွေ့ဆုံသင့်

မစ္စတာကွင်တားနား တိုင်းရင်းသား ခေါင်းဆောင်များကို တွေ့ဆုံသင့်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(ဦးအေးသာအောင်နှင့် ဆက်သွယ်မေးမြန်းချက်)

ချင်းမိုင် (မဇ္ဈိမ)။    ။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံ မစ္စတာ ကွင်တားနားအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် ပြည်နယ်များမှ တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း တွေ့ဆုံသင့်ကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

နိုင်ငံရေးအရ ပြဿနာများကို ဖြေရှင်းနိုင်မှသာ လူ့အခွင့်အရေးကိစ္စများ ပြေလျော့သွားမည်ဖြစ်ကြောင်းနှင့် မစ္စတာကွင်တားနားအနေဖြင့်လည်း နိုင်ငံရေးအရ တွေ့သင့်တွေ့ထိုက်သူများနှင့် တွေ့ပြီး ကုလသမဂ္ဂမှတဆင့် တွန်းအားပေးမည်ဆိုလျှင် ယခု မြန်မာပြည်ခရီးစဉ်သည် မြန်မာ့နိုင်ငံရေးအတွက် အထောက်အကူ ဖြစ်မည်ဖြစ်ကြောင်း သူက ဆိုသည်။

မစ္စတာကွင်နားတား မြန်မာပြည်ခရီးစဉ်အပေါ် ထင်မြင်ချက်၊ ခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် ထင်မြင်ချက်၊ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ စသဖြင့် အဆိုပါ ကိစ္စရပ်များကိုပါ သိရှိနိုင်စေရန် မဇ္ဈိမ သတင်းထောက် စိုင်းဇွမ်ဆိုင်းက ဦးအေးသာအောင်ကို ဆက်သွယ် မေးမြန်းထားပါသည်။

အခု မစ္စတာကွင်တားနား လာတဲ့ကိစ္စမှာ တိုင်းရင်းသား ခေါင်းဆောင်တွေကို တွေ့ဖို့ အကြောင်းကြားထားတာမျိုး ရှိလား။

အကြောင်းကြားထားတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ တွေ့တာကတော့ ပိုကောင်းပါလိမ့်မယ်။ အခြားတိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်းပဲ တွေ့မယ်လို့ အကြောင်းကြားတာမျိုး ဒီနေ့အထိတော့ မကြားသေးပါဘူး။ နောက်ပိုင်းတော့ မသိဘူးပေါ့။

ဘာကြောင့် တိုင်းရင်းသားတွေနဲ့လည်း တွေ့သင့်တယ်လို့ ယူဆတာလဲ ခင်ဗျာ။

အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ကရင်၊ ရှမ်း၊ KNPP ၊ အစရှိတဲ့ စစ်နဲ့ပတ်သက်တဲ့ နေရာတွေမှာ ဒီတိုင်းရင်းသား လူမျိုးတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေဟာ ပိုပြီးတော့ ကြီးမားနေတယ်။ အဲဒီဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ရွာပြောင်း၊ ရွာရှောင် စသည်အားဖြင့်ပေါ့လေ။ ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ ပြောနိုင်ဆိုနိုင်မယ့် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပိုပြီးတော့ တွေ့သင့်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

မစ္စတာကွင်တားနားနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ဒီနေ့ တွေ့မယ်လို့ သိရပါတယ်။ သူတို့တွေ ဘာကိစ္စကို အဓိက ထားဆွေးနွေးကြမယ်လို့ ထင်လဲ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မတရားဖမ်းဆီး ချုပ်နှောင်ခံရတယ်။ ဒါဟာလည်းပဲ ကမ္ဘာသိ၊ တိုင်းပြည်သိ ပုဂ္ဂိုလ် တယောက်တောင် သူ့ရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်၊ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံရတယ်။ ဒါတွေကိုလည်းပဲ ပြောမှာပါပဲ။ ပြီးတော့ ယေဘုယျအနေနဲ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ မတရားတရားစွဲခံရတဲ့၊ မတရားထောင်ချခံရတဲ့၊ ထောင်ထဲမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ပြောကောင်းပြောနိုင်ပါတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပျက်နေတဲ့ အခြေအနေ တွေကို ပိုပြီးတော့ ပြောနိုင်မယ့် ဆိုနိုင်မယ့်လူတွေနဲ့ ထပ်တွေ့ဖို့ပြောချင် ပါတယ်။ ဒီရှေ့နေတွေကလည်းပဲ သူတို့သိသင့်သိထိုက်တာတွေကို သိထားပါတယ်။ သူတို့လဲ ပြောမှာပါ။

ကွင်တားနားရဲ့ ခရီးစဉ်ထဲမှာ ဘာဖြစ်လို့ ရခိုင်ပြည်နယ်သွားဖို့ ပါနေတာလို့ ယူဆလဲ။

ရခိုင်ပြည်ကို သွားတာကတော့ ရခိုင်ပြည်မှာ အထူးသဖြင့် မွတ်စလင်တွေ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို လေ့လာဖို့ စုံစမ်းဖို့ သွားတာလို့ သိရပါတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ ပြောချင်တာက ဒီ မွတ်စလင်တွေလောက်ပဲ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ၊ အတင်းအဓမ္မ လုပ်အားပေးနေရတာ၊ မတော်မတရား လုပ်ခံနေရတာ အခြားအခြား ဖိနှိပ်ခံနေရတာ မဟုတ်ပါဘူး။ ရခိုင်ပြည်တခုလုံးအနှံ့ ရခိုင်တွေလည်းပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ခံနေရပါတယ်။ ဒါကြောင့်မို့လို့ လေ့လာတဲ့နေရာမှာ ဒါလေးတခုကိုပဲ ကွက်ပြီးတော့ စုံစမ်းပေးတာမျိုး မဟုတ်ဘဲနဲ့ ရခိုင်ပြည်သူတခုလုံးရဲ့ အခွင့်အရေး ချိုးဖောက်ခံနေရတာကို အာရုံစိုက်ပြီးတော့ လေ့လာပေးစေချင်တယ်။

အခုလောလောဆယ် ရခိုင်ပြည်နယ်က ဘယ်နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာလဲ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပျက်နေတာကတော့ ရခိုင်ပြည်အနှံ့ပါပဲ။ ရခိုင်ပြည် မြောက်ပိုင်းရော၊ တောင်ပိုင်းရော၊ အလယ်ပိုင်းမှာပါ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေပါတယ်။ အခုလောလောဆယ်မှာတော့ မြောက်ပိုင်းမှာ ပိုက်လိုင်းလုပ်တဲ့ ကိစ္စကြောင့် မြေယာသိမ်းတာတွေ၊ အတင်းအဓ္ဓမ လုပ်အားပေးခိုင်းစေတာတွေ ဖြစ်ပျက်နေပါတယ်။ အဲဒါကတော့ ပိုပြီးတော့ သိသာထင်ရှားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလို့ ပြောလို့ရပါတယ်။

ရခိုင်ပြည်နယ်ကို ရောက်ရင်ရော ကွင်တားနားအနေနဲ့ အမှန်အတိုင်း သိနိုင်၊ မြင်နိုင်မယ်လို့ ယူဆပါသလား။

ဥာဏ်အမြော်အမြင်ကြီးရင်တော့ ဘယ်လိုပဲ ပုံဖျက်ထား ပုံဖျက်ထား၊ ဘယ်လိုပဲ ဟန်ပြဖော်ဆောင်ထား ဖော်ဆောင်ထား၊ အတွင်းကို ဖောက်ပြီးတော့ တွေ့နိုင်မှာပါ။ ဥပမာ ကုလသမဂ္ဂကိုယ်စားလှယ်တွေ အင်းစိန်ထောင်ကိုလာတဲ့အခါမှာ အင်းစိန်ထောင်မှာ ပြုပြင်ပြောင်းလဲထားတာတွေ ရှိပါတယ်။ အကျဉ်းသားတွေကို နယ်တွေပို့ထားတာ၊ ခြေကျင်းခတ်ထားတဲ့ အကျဉ်းသားတွေကို ခြေကျင်းဖြုတ် ပေးထားတာ၊ ထမင်းတွေ ဟင်းတွေ ကောင်းအောင် ချက်ပေးထားတာ စသည်အားဖြင့် အပေါ်ယံ ပြုပြင်ပြောင်းလဲထားတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ တွေ့ရကောင်း တွေ့ရနိုင်ပါတယ်။ ဒီအပေါ်မှာ တွေ့သင့်တွေ့ထိုက်တဲ့ လူတွေနဲ့ တွေ့ပြီးတော့ အတွင်းကို မြင်အောင်ကြည့်၊ ဖြစ်ပျက်နေတဲ့ အခြေအနေကို ထိုးဖောက်ပြီး မြင်တတ်ဖို့ လိုပါတယ်။

အခုလို မစ္စတာ ကွင်တားနား မြန်မာနိုင်ငံကို သွားတဲ့အပေါ်မှာရော ဘယ်လိုထင်မြင်သလဲ။

ဒီလိုလာတာကတော့ ကောင်းပါတယ်။ အကျဉ်းထောင်တွေကိုလည်း သွားသင့်ပါတယ်။ ပြီးတော့ နယ်စပ်ဒေသတွေကို သွားသင့်ပါတယ်။ သူတို့ဘက်က ပြုပြင်တာ၊ ပြောင်းလဲတာက တကဏ္ဍပေါ့။ ဒါပေမဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကမ္ဘာက သိအောင် ကုလသမဂ္ဂသိအောင် တင်ပြဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေဟာ ဝေးလံတဲ့ ဒေသတွေကို အပို့ခံနေရတယ်။ ပြီးတော့ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို စိတ်ပိုင်းအရရော၊ ရုပ်ပိုင်းအရပါ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိနေပါတယ်။ ဒါတွေကိုသိအောင် အကျဉ်းသားတွေနဲ့ တွေ့ဖို့လည်း လိုပါလိမ့်မယ်။

မစ္စတာကွင်တားနား ပြန်သွားရင်ရော မြန်မာနိုင်ငံမှာ ဘာတွေဖြစ်ပြီး ကျန်ခဲ့မယ်လို့ ခန့်မှန်းထားလဲ။

အရင်တုန်းကလည်း လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ မြန်မာနိုင်ငံကို လာခဲ့ဖူးပါတယ်။ အဲလို ကိုယ်စားလှယ်တွေ လာပြီးတဲ့ နောက်ပိုင်းမှာလည်းပဲ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ အတင်းအဓမ္မ ခိုင်းစေတာတွေ၊ လယ်သိမ်း၊ ယာသိမ်း၊ မြေသိမ်းတဲ့ ကိစ္စတွေပေါ့၊ အဲလို မတရားခံရတာတွေဟာ အများကြီး ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုတာကို တွေ့နေရပါတယ်။ ကွင်တားနားလာပြီး ပြန်သွားရင်လည်းပဲ တွေ့ရှိချက်တွေကို အမည်ခံရုံ သက်သက်နဲ့တော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ပြဿနာတွေဟာ ပြီးဆုံးမသွားဘူး။ နိုင်ငံရေးအရ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မှသာ ဒီ လူ့အခွင့်အရေး ကိစ္စတွေ အပါအဝင် ပြဿနာတွေ တော်တော်များများ ပြေလျော့သွားမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ မစ္စတာကွင်တားနား အနေနဲ့လည်း နိုင်ငံရေးအရ တွေ့သင့်တွေ့ထိုက်တဲ့ လူတွေနဲ့ တွေ့ပြီးတော့ အတတ်နိုင်ဆုံး UN ကနေတဆင့် တွန်းအားပေးမယ်ဆိုရင်တော့ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မြင်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာ ဘာတွေကို ပြောချင်တာလဲ။

ဆိုလိုတာကတော့ ဥပမာ လုပ်ခမရဘဲနဲ့ လမ်းတွေ၊ တံတားတွေ စစ်တပ်အတွက် အလုပ်တွေ စသည်အားဖြင့်ပေါ့ ဒီလိုနေရာမျိုးတွေကို လုပ်ပေးရတာမျိုး။ တချို့နေရာတွေမှာလည်း တနေ့မှာ ငွေ ၂ဝဝဝ တောင်မှ မလောက်မင ဖြစ်နေတဲ့ နေရာမျိုးတွေမှာ လုပ်ခ ၅ဝဝ လောက်ပေးပြီး ခိုင်းတဲ့ ကိစ္စမျိုးတွေပေါ့။ မတော်မတရား ခိုင်းစေတယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီးတော့ တအိမ်တယောက် ထွက်ပြီးတော့ လမ်းဘေးဝဲယာတွေမှာ သစ်ပင်စိုက်ခိုင်းတာမျိုး အခုထိ ရှိနေပါတယ်။ အဲဒါတွေက နိုင်ငံတော်အစိုးရက လုပ်ပေးရမှာတွေပါ။ နောက် မော်တော်တွေ၊ လှေတွေကို အခကြေးငွေမပေးဘဲနဲ့ ချောဆွဲတာမျိုးတွေပေါ့။ အများကြီးပါ။

(ကိုဝိုင်း တည်းဖြတ်သည်။)