ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အင်တာဗျူး > ဦးတင်ဦး လွတ်မြောက်မှု CRPP အတွင်းရေးမှူး ကြိုဆို

ဦးတင်ဦး လွတ်မြောက်မှု CRPP အတွင်းရေးမှူး ကြိုဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အကျယ်ချုပ်မှ လွတ်မြောက်လာသည့်အပေါ် လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က ဝမ်းပန်းတသာ ကြိုဆိုလိုက်သည်။

ထို့ပြင် အရေးကြီးနေသော မျက်မှောက် မြန်မာ့နိုင်ငံရေး အခြေအနေတွင် လွတ်မြောက်လာခြင်း ဖြစ်သောကြောင့် အန်အယ်ဒီနှင့် နိုင်ငံရေး အင်အားစုအားလုံးအတွက် ကြိုးပမ်းဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

ဦးတင်ဦး လွတ်မြောက်လာသည့်အပေါ် CRPP အတွင်းရေးမှူး၏ သုံးသပ်ပြောဆိုချက်များကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

CRPP အတွင်းရေးမှူး ဦးအေးသာအောင်နှင့် ဆက်သွယ်မေးမြန်းချက်

မေး။ ။ အန်ကယ် ဦးတင်ဦး လွတ်မြောက်လာတဲ့အပေါ်မှာ ဘယ်လိုခံစားရပါသလဲခင်ဗျ။

ဝမ်းသာတာပေါ့။ တကယ်တော့ ဦးတင်ဦးတို့ဟာ ဒီလိုအကျယ်ချုပ်ကို ကျခံရမယ့် ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို အချိန်မှာ လွတ်လာတယ်ဆိုတော့ အန်အယ်ဒီအတွက်ရော၊ အားလုံး နိုင်ငံရေး အင်အားစုတွေအတွက်ရော ဝမ်းပမ်းတသာ ကြိုဆိုရမယ့် အနေအထား ဖြစ်ပါတယ်။ ပြီးတော့ ဦးတင်ဦးကလည်း ကျနော်နဲ့ CRPP မှာ နှစ်ပေါင်းများစွာ လက်တွဲလာတဲ့ ပုဂ္ဂိုလ်တယောက်လည်း ဖြစ်တယ်၊ CRPP အဖွဲ့ဝင်တယောက်လည်း ဖြစ်တဲ့အတွက်ကြောင့် CRPP အတွင်းရေးမှူးတယောက်အနေနဲ့လည်း အထူး လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြိုဆိုပါတယ်။

မေး။ ။ ဘာကြောင့် ပြန်လွှတ်ပေးတယ်လို့ ထင်ပါသလဲဗျ။

လွှတ်ပေးတယ်ဆိုတာကတော့ သူတို့ မတရားသဖြင့် ချုပ်နှောင်ထားတဲ့ ကာလတွေကလည်းပဲ တဖြည်းဖြည်းနဲ့ လွန်လာပြီလေ။ သူတို့ ဥပဒေပုဒ်မအရပဲကြည့်ကြည့်၊ ဘယ်လိုနည်းကပဲကြည့်ကြည့် သူ့ကို လွှတ်ပေးရမယ့် အနေအထားတွေ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြံအဖန် လုပ်ပြီးတော့ တရားမစွဲတာကတော့ ဒီလိုလုပ်ဖို့ ဦးတင်ဦးကို မလိုအပ်ဘူး ထင်ပြီးတော့ လွှတ်ပေးတာလို့ပဲ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။

မေး။ ။ အခုလို လွတ်လာပြီးနောက် အန်ကယ်ဦးတင်ဦးအနေနဲ့ ရှေ့လျှောက် ဘာတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါသလဲ။

လောလောလတ်လတ် ရှေ့မှာ ရင်ဆိုင်ရမယ့် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲမတိုင်ခင်ကာလ၊ ရွေးကောက်ပွဲအပြီး အန်အယ်ဒီရော နိုင်ငံရေးအင်အားစုတွေရော အများကြီး ရင်ဆိုင်ရမယ့် အနေအထားတွေ ရှိပါတယ်။ ဦးတင်ဦးလို ခေါင်းဆောင်တယောက်အနေနဲ့ ပါဝင်ပြီးတော့ ကြိုးပမ်းဆောင်ရွက်လာမှာဟာ အန်အယ်ဒီအတွက်ရော၊ နိုင်ငံရေး အင်အားစု အားလုံးအတွက် အထူးလိုအပ်နေတဲ့ ကာလတခုဖြစ်ပါတယ်။ သူလည်း အများကြီး ကြိုးပမ်းဆောင်ရွက်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မျှော်လင့်ပါတယ်။

မေး။ ။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲခင်ဗျ။

ဦးတင်ဦးကို လွှတ်ပေးသလိုပဲ တကယ့် နိုင်ငံရေး ပတ်ဝန်းကျင်ကောင်းတခုကို ဖန်တီးပေးတဲ့အနေနဲ့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ မင်းကိုနိုင်၊ ကိုကိုကြီး အားလုံးကို လွှတ်ပေးဖို့ လိုမယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်။ သူတယောက်ထဲကို လွှတ်ပေးရုံနဲ့တော့ နိုင်ငံရေးအခြေအနေ ကောင်းလာမယ်လို့တော့ ကျနော့်အနေနဲ့ မပြောချင်သေးဘူး။ ဒီပုဂ္ဂိုလ်တွေကို ဆက်ပြီးတော့ လွှတ်ပေးမယ်၊ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်မယ်ဆိုရင်တော့ တိုင်းပြည်အတွက်၊ ပြည်သူအတွက် ဝမ်းပန်းတသာ ကြိုဆိုရမယ့် အနေအထားမျိုး ရောက်လာမယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ အန်ကယ် ဦးတင်ဦး လွတ်လာပြီဆိုတော့ သူ့အပေါ်ကို ဘယ်လိုမျိုး ဆန္ဒပြုချင်တာ ရှိပါသလဲ၊ သူနဲ့ပတ်သက်ပြီး ဘာတွေ ပြင်ဆင်ထားပါသလဲ။

ဦးတင်ဦးဟာ အန်အယ်ဒီ CEC တယောက်ဖြစ်သလို၊ CRPP အဖွဲ့ဝင်တယောက်လည်း ဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို ရှင်းပြမယ်၊ သူ အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ ကာလမှာ မသိသေးတဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေ ဒါတွေကို အန်ကယ်တို့က ပြောပြမယ်။ ပြီးတော့ ရှေ့ဆက်ပြီးတော့ လက်တွဲဆောင်ရွက်နိုင်မယ့် အကြောင်းအရာတွေကိုလည်း ထပ်ပြီးတော့ သူနဲ့ ဆွေးနွေးရင်းနဲ့ သူ့အပေါ်မှာ ကျနော်တို့ ဖြစ်စေချင်တဲ့ အချက်အလက်တွေကိုလည်း ပိုပြီးတော့ ပြောပြနိုင်မယ့် အနေအထားတွေကို ပြောပြနိုင်ဖို့ အန်ကယ့်အနေနဲ့ ပြင်ဆင်ထားပါတယ်။