ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အင်တာဗျူး > ကိုညီညီအောင်ကို ပြစ်ဒဏ်ချမှုနှင့် ပတ်သက်၍ သူတို့အမြင်

ကိုညီညီအောင်ကို ပြစ်ဒဏ်ချမှုနှင့် ပတ်သက်၍ သူတို့အမြင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။     ။ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသော ကိုညီညီအောင်ကို ထောင်ဒဏ် ၃ နှစ် ယနေ့ ချမှတ်လိုက်သည့်အပေါ် ဥပေဒအတိုင်ပင်ခံ ဦးအောင်သိန်း၊ ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု (အန်ဒီဒီ) ဥက္ကဋ္ဌ မခင်ဥမ္မာနှင့် အကျဉ်းသားများအား ကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) – AAPP မှ အတွင်းရေးမှူး ကိုတိတ်နိုင်တို့နှင့် ဆက်သွယ်၍ စုစည်း တင်ဆက်ထားခြင်း ဖြစ်သည်။

ဦးအောင်သိန်း
(ဥပဒေအတိုင်ပင်ခံ)

မေး။    ။ ကိုညီညီအောင်အနေနဲ့ ဥပဒေအကာအကွယ်ကို ခံယူပိုင်ခွင့် အပြည့်အဝ ရခဲ့တယ်လို့ ယူဆပါသလား။

ဖြေ။    ။ ဥပဒေအရ open court အများပြည်သူ ကြားနာနိုင်ခွင့် မရှိတာကလည်း တရားဥပဒေအရ အကာ အကွယ်တခု ဆုံးရှုံးတာပေါ့လေ။ သူသက်သေပြချင်တဲ့လူတွေကို အကုန်အပြည့် အဝ ရမရဆိုတဲ့ အပေါ်မှာလည်း မူတည်တာပေါ့နော်။ နောက်တခုက အထောက်အထားတွေကို သူကိုယ်တိုင် ရှာဖွေ စုဆောင်းနိုင်၊ တင်ပြနိုင်တဲ့ အနေအထားမျိုး ခွင့်မပြုနိုင်တာကလည်း လွတ်လပ်မှုတခု ထိခိုက်တာပေါ့။ ဒီလိုပုဒ်မတွေက အပြင်တရားရုံးမှာ စစ်လေ့စစ်ထ ရှိတယ်။ စစ်နေတဲ့အမှုတွေ ရှိပါတယ်။ သို့သော် ကိုညီညီအောင်အမှုနဲ့ ပတ်သက်ပြီးတော့ ထောင်တွင်းတရားရုံးမှာ သီးသန့်ထိုင်ပြီး စစ်လိုက်တဲ့ အတွက်ကြောင့် လွတ်လပ်စွာ ခုခံချေပပိုင်ခွင့်ဆိုတဲ့ ဥစ္စာ၊ ရှေ့နေ ငှားရမ်းပိုင်ခွင့်ရသည့် တိုင်အောင် အခွင့်အရေးတရပ် ဆုံးရှုံးနေတယ်ဆိုတာ ပေါ်ပေါက်တာဘဲ။ ဒါကြောင့် ဥပဒေအရ ကာကွယ်မှု အပြည့်အဝ ကာကွယ်မှု မရဘူးလို့ ပြောလို့ရမှာပါ။

မေး။    ။ ဥပဒေအရ တပေါင်းတည်း ကျခံရမည်ဆိုတာက ဘယ်လိုလဲရှင်။

ဖြေ။     ။ ချွင်းချက်အနေနဲ့ အမြင့်ဆုံး ပြစ်ဒဏ်ထဲက တပေါင်းတည်းနှစ်ကာလဘဲခံ ဆိုတဲ့သဘောပါ။ အင်းစိန်ထောင်မှာ ဒီလို တပေါင်းတည်း ကျခံစေဆိုတာ ပေးလေ့ပေးထ မရှိဘူး။ အခုလို တပေါင်းတည်း ကျချခံစေ ဆိုတဲ့အပေါ် အထူးအခွင့်အရေး သီးခြားအခွင့်အရေး ပေးထားလိုက်တယ်လို့ ပြောရမှာဘဲ။ ကိုမင်းကိုနိုင်တို့ အမှုတွေမှာတောင် အီလက်ထရောနစ် အက်ဥပေဒနဲ့ ပတ်သက်ပြီးတော့ တမှုချင်းဆီ ချသွားတဲ့ ပုံစံမျိုးတွေရှိတယ်။ ဒါဟာ ထူးခြားတဲ့ အခြေအနေတရပ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။
မခင်ဥမ္မာ (အန်ဒီဒီ ဥက္ကဋ္ဌ)
ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု

မေး။   ။ ဒီနေ့ ကိုညီညီအောင်ကို ပြစ်ဒဏ် ၃ နှစ်ချမှတ်လိုက်သည့်အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။    ။ မြန်မာပြည်သားတွေက အပြင်မှာရောက်ပြီးတော့ ဒုက္ခသည်အဖြစ်နေနေကြတယ်။ သူတို့ပြည်သူလို့ အသိအမှတ် မပြု၊ ဒုက္ခသည်တွေကို ရှိတယ်လို့လည်း မပြော။ အခုတခါ ဒီမိုကရေစီအရေးကနေ ပါဝင်ပြီးတော့မှ နိုင်ငံအပြင်ကို ထွက်လာ၊ အခုအမေရိကန်နိုင်ငံသားအဖြစ် ခံယူထားပြီးပြီ။ သူတို့ စားရင်းထဲတောင် ထည့်ထားတာ မဟုတ်ဘူး။ အခုကျတော့ သူတို့လိုချင်ရင် လိုသလို သွင်းပြီးတော့ ပြောနေတာ။ တမင်သတ်သတ် လုပ်တယ်ဆိုတာ ပိုတောင် ပေါ်လွင်တာပေါ့။ ဘယ်လိုမှ မတရားဘူး။ သူတို့ ဗီဇာပေးလို့ တရားဝင် ဝင်လာတာဘဲ။

မေး။    ။ အမေရိကန် အစိုးရကို ဘယ်လို တောင်းဆိုချင်ပါသလဲ။

ဖြေ။       ။ အမေရိကန်အစိုးရကို အားတက်သရော လုပ်ခိုင်းစေချင်တယ်။ ဂျွန်ယက်ထော တုန်းက ၇ နှစ်ချတယ်။ Mr Web က သူတို့နိုင်ငံသားကို သူတို့လာခေါ်တာပဲ။ အခုလည်း ညီညီလဲ နိုင်ငံသားတယောက် ပဲလေ။ သူ့အစိုးရရဲ့ နိုင်ငံသားတွေကို စောင့်ရှောက်ပိုင်မှုကို ခံစားခွင့်ရှိရမယ်။ အမေရိကန် အစိုးရကို တောင်းဆိုချင်တာက ရအောင် ပြန်ထုတ်ရမယ်။ နိုင်ငံသားတဦးအတွက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ရဖို့ ကြိုးစားပေးဖို့။
ကိုတိတ်နိုင်
အတွင်းရေးမှူး - (AAPP)
နိုင်ငံရေး အကျဉ်းသားများအား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)


မေး။  ။ ကိုညီညီအောင်အပေါ် စီရင်ချက်ချလိုက်တဲ့အပေါ် သုံးသပ်ချက်လေး ပေးပါလားရှင်။

ဖြေ။     ။ သူတို့ပြောထားတဲ့ထဲမှာ တကယ့်အခြေအမြစ်မရှိတဲ့ ကိစ္စတွေ ပါပါတယ်။ ဥပမာ ပုဒ်မ ၄၆၈ ဆိုရင် မှတ်ပုံတင်အတု လုပ်တယ်ဆိုပြီး စွတ်စွဲတာ ဖြစ်ပါတယ်။ အဲဒီမှတ်ပုံတင်အတု လုပ်တယ်ဆိုတာ ကလည်း ဧရာဝတီတိုင်းက ဆိုက်ကားသမားလား သက်သေခေါ်ပြီးတော့ သူ့မှတ်ပုံတင်ပျောက်ပါတယ် ဆိုပြီး လာဆိုင်တာ။

နောက် ဒေါ်လာ ၂၀၀၀ ကိစ္စက တကယ်တန်းကျတော့ ပြည်ဝင်ခွင့်ပေးထားတယ်ဆိုတော့ ဘယ်သူ မဆို နိုင်ငံခြားငွေ ဒေါ်လာ ပါလာမှာဘဲ။ အမေရိကန် နိုင်ငံသားဖြစ်တဲ့အပေါ် သူတို့ကို အကြောင်းမကြား ဘူးဆိုတဲ့ ကိစ္စလည်း ပါတယ်။ အဲဒါက မြန်မာနိုင်ထဲကိုတောင် ပြန်ဝင်လာပေးပြီ ဆိုတော့၊ တကယ်ကို တရားမဝင်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။

ပထမတော့ လက်နက်ကိုင်တဲ့လူတွေနဲ့ ဗုံးဖောက်ခွဲမှုတွေနဲ့ စွပ်စွဲထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါတွေက သူတို့ ဘယ်လိုမှ လုပ်လို့မရနိုင်တော့တဲ့ အခါကျတော့ ထောင်ချရရင်ပြီးရောဆိုတဲ့ အခြေအနေဖြစ်တယ်။ တရားမျှတတယ်လို့ ပြောလို့မရပါဘူး။ တမင်သက်သက် ထောက်မကျကျအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဘဲ။

(ကိုဝိုင်း တည်းဖြတ်သည်။)