ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသမီးများအနေဖြင့် နိုင်ငံရေး စွမ်းရည် မြှင့်တင်ရန်၊ ဒီမိုကရေစီ ရရှိရေး တိုက်ပွဲ၌ အင်တိုက် အားတိုက် ပါဝင်လာစေရေး ရည်ရွယ်ချက်၍ ၁၉၉၅ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သော မြန်မာ့ အမျိုးသမီး သမဂ္ဂ BWU ၏ သက်တမ်းမှာ ယမန်နေ့တွင် ၁၅ နှစ် ပြည့်သွားပြီဖြစ်သည်။
BWU ၏ လှုပ်ရှားမှုများ၊ အားနည်းချက်၊ အားသာချက်များနှင့် နိုင်ငံရေးအတွေးအမြင် ခံယူချက်များကို သိရှိနိုင်ရန် စတင်ဖွဲ့စည်းစဉ်ကတည်းက ပါဝင်ခဲ့ပြီး လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထားသော မိဆူးပွင့်ကို မဇ္ဈိမသတင်းထောက် ကျော်ခက မေးမြန်းတင်ပြထားသည်။
၂ဝဝ၈ အခြေခံဥပဒေထဲမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးတဲ့ ဥပဒေတွေ ဘယ်နှစ်ခုလောက် ရှိပါသလဲ။
၂ဝဝ၈ ဖွဲ့စည်းပုံထဲမှာ အပေါ်ယံစာသားအရ ပုဒ်မတွေလောက်ပဲ ရှိတယ်။ အသေးစိပ် ဘာမှမရှိဘူး။ အမျိုးသမီး အမျိုးသား ခွဲခြားမှုမရှိစေရတို့။ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေး အပြည့်အဝ ရှိစေရမည်တို့ အဲဒီလိုမျိုး ပုဒ်မတွေပဲ ပါတယ်။
ကျမတို့အနေနဲ့ အဓိကပြောချင်တာက ၂ဝဝ၈ ဖွဲ့စည်းပုံထဲမှာ အမျိုးသမီးနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ၁ ထောင်၊ ၁ သောင်းလောက်ပဲ ထည့်ချင်ထည့်ထားပါစေ။ ၂ဝဝ၈ ဖွဲ့စည်းပုံကိုက ဖြစ်ပေါ်လာတဲ့ လမ်းကြောင်းအရ အတင်းအကျပ် တဖက်သတ် လုပ်ယူထားတဲ့ လမ်းကြောင်းဖြစ်နေတဲ့အတွက် နိုင်ငံရေး ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူး။ အဲဒီအတွက် အမျိုးသမီးတွေ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူလူထု တရပ်လုံးကို ကျမတို့က စည်းရုံးလှုံ့ဆော်နေတာ ဖြစ်တယ်။
လက်ရှိမှာရော မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အနေအထားကရော ဘယ်လိုရှိလဲခင်ဗျ။
နိုင်ငံရေးစံနစ်က ဒီလူငယ်တွေရဲ့ ပညာရေးနဲ့ အနာဂတ်ကောင်းမွန်ဖို့ ဖွင့်ပေးတဲ့ နိုင်ငံရေးစနစ်မျိုး မဟုတ်ဘူး။ တဖက်သတ် ဖိနှိပ်အုပ်ချုပ်ပြီးတော့ လူတစုကောင်းစားရေးအတွက်ပဲ။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေ သယံဇာတတွေကို ဖြုန်းတီးနေတဲ့ စစ်အင်အား ဖြည့်ဆည်းဖို့ကိုပဲ ဦးစားပေးနေတဲ့ စစ်အာဏာရှင်အစိုးရ ဖြစ်နေတဲ့အတွက် ဒီနေ့ အမျိုးသမီးတွေ၊ လူငယ်တွေ အပါအဝင်ပေါ့နော် ပြည်သူလူထု တရပ်လုံးက ဒုက္ခရောက်နေတာ ဖြစ်တယ်။
အဲဒီအထဲမှာမှ အမျိုးသမီးတွေရဲ့ဘဝကို ပြောရမယ်ဆိုရင်တော့ ပိုဆိုးတာပေါ့။ အမျိုးသမီးဆိုတာ စစ်ပွဲအတွင်းမှာလည်း ပိုပြီးတော့ စစ်ပွဲရဲ့ဒဏ်ကို ခံစားရတယ်။ အလုပ်အကိုင် ရှားပါးတာတွေ၊ လုပ်ငန်းခွင်တွေမှာ အမျိုးသမီးမို့လို့ ခွဲခြားခံရတာတွေ။ ဒီလိုအခြေအနေတွေကလည်း မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်အောက်မှာ ကျရောက်နေတဲ့ နိုင်ငံတခုမှာ ပိုပြီးပိုပြီးတော့ ဖြစ်ပွားနေတယ်။ ဥပမာ - တခါတလေ တချို့ကုမ္ပဏီတွေကနေပြီးတော့ အမျိုးသမီးတွေမို့လို့ ရွေးပြီး ခေါ်တာမျိုးတွေ ရှိရင်ရှိမယ်။ သို့သော်လည်း ဒါတွေကလည်း တကယ်အမျိုးသမီးတွေရဲ့ အတွင်းသဏ္ဍာန် တန်ဖိုးပေါ့၊ စိတ်ဓာတ်တွေ၊ ခွန်အားတွေ၊ အရည်အချင်းတွေကို အသိအမှတ်ပြုပြီးတော့ ခေါ်တဲ့ပုံစံတွေ မဟုတ်ဘဲနဲ့ အမျိုးသမီးတွေရဲ့ ရုပ်ရည် ရူပကာပေါ်မှာ မူတည်ပြီးတော့ ရွေးချယ်တဲ့ အလုပ်တွေကိုပဲ အမျိုးသမီးတွေက ရင်ဆိုင်နေရတယ်။
နောက်ပြီး နာဂစ်မုန်တိုင်းတွေလိုမျိုး တိုင်းပြည်ထဲမှာ သဘာဝဘေးအန္တရယ် ကြီးကြီးမားမားနဲ့ ရင်ဆိုင်လာရရင်လည်း အမျိုးသမီးတွေ အဲဒီဒဏ်ကို ခံရတယ်။ အိုးမဲ့အိမ်မဲ့ စီးပွားပျက်၊ သားပျောက်၊ လင်ပျောက် စသည်ဖြင့် မိဘတွေနဲ့ သေကွဲရှင်ကွဲကွဲရတဲ့ အမျိုးသမီးတွေဟာဆိုရင်လည်း ဘဝဆိုး မျိုးစုံထဲမှာ မဖြစ်မနေ တွန်းပို့ခံလိုက်ရတယ်။
လောလောဆယ် BWU က ဘာလုပ်ငန်းစဉ်တွေ လုပ်တာလဲခင်ဗျ။
BWU ကတော့ ၁၉၉၅ ခုနှစ်မှာ စပြီးတော့ ဖွဲ့စဉ်ကတည်းက ကျမတို့ရဲ့ ရည်ရွယ်ချက်က အမျိုးသမီးတွေကို နိုင်ငံရေးစွမ်းရည်မြှင့်တင်ဖို့၊ ဒီမိုကရေစီ ရရှိရေးတိုက်ပွဲမှာ အမျိုးသမီးတွေ အင်တိုက်အားတိုက် ပါဝင်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်က အဓိကပဲ။ အမျိုးသမီးတွေကို နိုင်ငံရေးအရ စွမ်းရည်မြှင့်တင်တယ်။ အဲလိုမျိုး တင်တဲ့နေရာမှာလည်း အရင်တုန်းကဆိုရင် အလွယ်တကူပေါ့နော်၊ နီးနီးကပ်ကပ် စည်းရုံးလို့ရနိုင်တဲ့ ဒုက္ခသည်စခန်းတွေကို ရောက်လာတဲ့ အမျိုးသမီးတွေကို အရင်ဆုံးစည်းရုံးတယ်။ ပြီးရင် ထိုင်း၊ တရုတ်၊ အန္ဒိယ နယ်စပ်တွေ အဲဒီနိုင်ငံတွေထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ်နဲ့ ရောက်လာတဲ့ အမျိုးသမီးတွေကို ကျမတို့ စည်းရုံးတယ်။
ပြီးတော့မှ အခု ၂ဝဝ၇/၂ဝဝ၈ ပတ်ဝန်းကျင်မှာဆိုလို့ရှိရင် ကျမတို့က ပြည်တွင်းမှာရှိတဲ့ အမျိုးသမီး လူငယ်ထုတွေ ပညာတတ် အမျိုးသမီးတွေအထိပါ တိုးချဲ့ပြီးတော့ စည်းရုံးတယ်။ နိုင်ငံရေး နိုးကြားတဲ့ လူငယ်တွေ ဖြစ်လာအောင် အထူးသဖြင့် မတရားတဲ့ စနစ်တခုကို ခုခံတွန်းလှန်တဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အင်အားတွေ အများကြီး ပါဝင်ရမယ်ဆိုတာမျိုး ယုံကြည်သက်ဝင်ပြီးတော့ ကိုယ်တိုင် ပါဝင်လှုပ်ရှားလာအောင် စည်းရုံးလှုံ့ဆော်တဲ့ အလုပ်မျိုးတွေကို ကျမတို့ အဓိက လုပ်ပါတယ်။
ဒီနေ့ဟာ BWU ရဲ့ ၁၅ နှစ်မြောက်ပြည့်တဲ့နေ့ ဖြစ်တယ်။ ဖြတ်သန်းလာတဲ့ ၁၅ နှစ်မှာ ဘယ်လို အားနည်းချက်၊ အားသာချက်တွေ ရှိလဲ။ အဲဒါတွေကိုရော သုံးသပ်ဆွေးနွေးဖြစ်ကြလားခင်ဗျ။
BWU ရဲ့ အားနည်းချက်၊ အားသာချက်ဆိုတာတွေကို ကျမတို့တွေက နှစ်စဉ်နှစ်စဉ်ပေါ့နော်။ မျက်နှာစုံညီ အစည်းအဝေးတွေမှာ ပြန်လည်သုံးသပ်တယ်။ အပြန်အလှန် ပြုပြင်ပြောင်းလဲနိုင်မယ့် နည်းလမ်းတွေကို ဝိုင်းရှာတယ်။ အပြန်အလှန်အားပေးတဲ့ စနစ်တွေကို တောက်လျှောက် ကျင့်သုံးခဲ့တာတွေ ရှိတယ်။ အဲဒီလိုပဲ တဖက်မှာ လူငယ်တွေကို လမ်းဖွင့်ထားပေးတယ်။ တွဲခေါ်တယ်။ လူငယ်တွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခွင့်တွေကို ရုံးတွင်း၊ ဌာနတွင်း၊ လုပ်ငန်းခွင်တွေမှာ တလတကြိမ် အစည်းအဝေးခေါ်တယ် ခေါ်ပြီးတော့မှ ပွင့်ပွင့်လင်းလင်း ဝေဖန်ခွင့်တွေ၊ လူကြီးတွေရဲ့ အားနည်းချက်တွေ၊ အမှားကွက်တွေကို ထောက်ပြခွင့်တွေ ပေးထားတယ်။
ထောက်ပြတဲ့ နေရာမှာလည်း အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေးနဲ့ နားဝင်ခံမယ့် စကားလုံးမျိုး သုံးခြင်းအားဖြင့် လူကြီးလူငယ် အပြန်အလှန် လက်တွဲနိုင်မယ့် နည်းလမ်းတွေကို ကျမတို့က လမ်းကြောင်းပေးတာတွေ၊ သွန်သင်ပြတာတွေ ရှိတယ်။ ဝေဖန်တာတွေကို ကျမတို့က လက်ခံတယ်။ ဝေဖန်မှုတွေကို ပွင့်ပွင့်လင်းလင်း ဖိတ်ခေါ်တယ်။ ဆိုတော့ လူကြီးနဲ့ လူငယ်တွေကြားမှာ နားလည်မှုတွေ ပိုရလာတာတွေ ရှိတယ်။
BWU ဆိုတဲ့ အဖွဲ့ထဲမှာပေါ့နော် တကယ့်အမျိုးသမီးရေးကို လက်ခံတဲ့ လူငယ်ထုတွေ အင်အား တိုးပွားလာတာက ကျမတို့အတွက် အင်မတန်မှ အားတက်ဝမ်းသာစရာ ဖြစ်တယ်။ တဖက်မှာ ဆုံးရှုံးမှုကို ပြန်ကြည့်မယ်ဆိုရင် ဆုံးရှုံးမှုတွေ ရှိခဲ့တာကလည်း ဒီဘက်နယ်စပ်ဒေသရဲ့ မလုံခြုံမှုပေါ့နော်။ အနာဂတ်အတွက် မသေချာ မရေရာမှုတွေကြားထဲမှာ သူတို့ရဲ့ အနာဂတ်အတွက်၊ ပညာရေးအတွက်၊ ဘဝ အာမခံချက်အတွက် ပညာဆက်သင်ဖို့ ဒါမှမဟုတ် တတိယနိုင်ငံကို ထွက်သွားဖို့ ဆုံးဖြတ် ခဲ့ကြတာတွေလည်း ရှိတယ်။ အဖွဲ့အစည်းကနေပြီးတော့ နှစ်နဲ့ချီ ပညာတွေသင်ကြားပေးပြီး အဖွဲ့အစည်းထဲမှာ အလုပ်မလုပ်နိုင်ဘဲနဲ့ ထွက်သွားကြတဲ့ လူငယ်တွေလည်း ရှိတာပေါ့နော်။ ဒါတွေကတော့ ဆုံးရှုံးမှုတွေပေါ့။ သို့သော်လည်း ဒီလိုထွက်သွားကြတဲ့ လူငယ်တွေကိုလည်း တဖက်တလမ်းက နည်းလမ်း တမျိုးနဲ့ အဆက်အသွယ် အပြန်အလှန် ယူတယ်။
BWU ကရော ဘယ်အဖွဲ့တွေနဲ့ ဆက်စပ်ပြီး လုပ်နေတာလဲခင်ဗျ။
BWU က နယ်စပ်မှာအခြေစိုက်တဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးနဲ့ လက်တွဲပြီးတော့ လုပ်နေတာပါ။ အဓိကကျတဲ့ အဖွဲ့တွေကို ပြောရမယ်ဆိုရင်တော့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ပေါ့နော်။ စတင် တည်ထောင်စဉ်ကတည်းက ပါဝင်လာသလိုမျိုး လက်ရှိမှာလည်း အဖွဲ့ဝင်တခုအဖြစ် တောက်လျှောက် တက်တက်ကြွကြွ ပူးပေါင်းပါဝင်လုပ်ဆောင်လာသလို တဖက်မှာလည်း FDB မြန်မာပြည် ဒီမိုကရက်တစ် အင်အားစုမှာ အဖွဲ့ဝင်တဖွဲ့အဖြစ် ပါဝင်ပြီးတော့ ၈၈ နောက်ပိုင်းမှာ ထွက်လာတဲ့ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေ ကြားထဲမှာ ဒီမိုကရေစီ အပြောင်းအလဲဖြစ်ဖို့အတွက် တိုက်ပွဲဝင်တဲ့ နေရာမှာ ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်သွားရင် ရှိရမယ့် စံချိန်စံညွန်းတွေ၊ ပြုပြင်ပြောင်းလဲရမယ့် အချက်အလက်တွေကို သတိမူရမယ့် အခက်အခဲတွေ ဒါတွေအားလုံးနဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ ချနိုင်တဲ့အထိ လှုပ်ရှားပါဝင်နေတာတွေ ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံ့ခေါင်းဆောင် အမျိုးသမီး တယောက်အနေနဲ့ ဘယ်လိုမျိုး အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာမျိုးတွေရှိလဲ ခင်ဗျ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးသမီးဖြစ်လို့ ဆိုတာမျိုးထက် သူက ပါဝါရှိလာတယ်။ လူထု ခေါင်းဆောင် ဖြစ်လာတဲ့အပေါ်မှာ စစ်အစိုးရက သူ့ကို နည်းလမ်းပေါင်းစုံနဲ့တော့ နှိမ်နှင်းတယ်၊ နှိပ်ကွပ်တယ်၊ အကြမ်းဖက်တယ်၊ အရေးယူတယ်။ ဖြစ်နိုင်ရင် သူ့ကို မြန်မာပြည်မှာ မရှိနေစေချင်တဲ့ သဘောထား ရှိတယ်ဆိုတာ ရှင်းရှင်းကြီးပဲ။ ဒါပေမဲ့ တဖက်မှာ အမျိုးသမီးဖြစ်တဲ့အတွက် သူ့အပေါ်မှာ နိုင်ငံရေးအရ အကောက်ကြံမှုတွေက တကယ့်ကို မတရားတဲ့ နည်းလမ်းတွေ အဆင့်အတန်းမရှိတဲ့ နည်းလမ်းတွေ သုံးပြီးတော့ အကောက်ကြံတာတွေကို သူတောက်လျှောက်ခံရတဲ့ အပေါ်တွေမှာ တကယ်အတိုက်အခံ ခေါင်းဆောင်ဆိုပေမယ့်လည်း တကယ်တမ်း အမျိုးသားတယောက်ဖြစ်ရင် ဒီလိုနည်းလမ်းမျိုးတွေ သုံးပြီးတော့ နအဖ စစ်အစိုးရအနေနဲ့ လုပ်ချင်မှ လုပ်မယ်။ သို့သော် အမျိုးသမီးတဦး ဖြစ်နေတဲ့ အခါကျတော့ သူ့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေအောင်၊ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ အများကနေပြီးတော့ အပြစ်မြင်လာနိုင်အောင် ဆိုတဲ့ အချက်မျိုးတွေကို ဖန်တီးပြီးတော့ ထောက်ချောက်ဆင် ဝါဒဖြန့်တာမျိုးတွေ လုပ်တာကိုတော့ တောက်လျောက် တွေ့နေရတာပေါ့နော်။
ပြည်ပမှရှိတဲ့ အင်အားစုတွေအနေနဲ့ မြန်မာနိုင်ငံ အမျိုးသမီးနေ့ကို ဘယ်နေ့အဖြစ် သက်မှတ်တာလဲ ခင်ဗျ။
မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ပတ်သက်ရင် ကျမတို့ တိတိကျကျပေါ့နော်၊ ဒီမိုကရေစီရတဲ့ အချိန်မှာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီး အင်အားစုတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေပေါ့နော်၊ ပါဝင်ပြီးတော့ သက်မှတ်ရမယ့် နေ့ရက်တခုအဖြစ် ကျမတို့ အဲလို ဆုံးဖြတ်ထားပါတယ်။ လတ်တလော ကာလမှာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အမျိုးသမီးများနေ့အဖြစ် ကျမတို့ရဲ့ BWU က အသိအမှတ်ပြုထားသလိုမျိုး အခြားတိုင်းရင်းသား အမျိုးသမီး အဖွဲ့အစည်းတွေ ကလည်း ဒီမိုကရေစီတိုက်ပွဲ ကာလအတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီရဲ့အပေါ်မှာ အထူးတလှယ် ပြောဆိုကန့်ကွက်ခြင်း မရှိဘူး။
ဒါပေမဲ့ အဓိက ဆွေးနွေးနေတဲ့အချက်က ဒေါ်စုမွေးနေ့ကို ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရတဲ့ နေ့ကို လုပ်သင့်တယ်ဆိုတာကို အမြင်သဘောထားအမျိုးမျိုးနဲ့ ကျမတို့တွေ ဆွေးနွေးနေတာတွေတော့ ရှိတယ်။ ဒါက မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသမီးထုကြီး တရပ်လုံးရဲ့ ဆန္ဒ သဘောထားတွေနဲ့ စစ်တမ်းတွေ ကောက်ယူပြီး လုပ်ရမယ့် သဘောထားတွေ ဖြစ်တယ်။ နိုင်ငံရေး ပါတီတခုခု ဒါမှမဟုတ် အဖွဲ့အစည်းတခုခုက နေပြီးတော့ ကမကထပြုပြီးတော့ အလွယ်လုပ်လိုက်လို့ မရဘူးဆိုတဲ့ အပေါ်တွေမှာ ကျမတို့တွေ ပြောဆိုဆွေးနွေးနေခဲ့တာတွေ အများကြီး ရှိပါတယ်။
ပြည်တွင်းမှာရော အမျိုးသမီးများနေ့ကို ဘယ်နေ့ကို သတ်မှတ်ထားတာလဲ ခင်ဗျ။
ပြည်တွင်းမှာကတော့ သူတို့ (နအဖ ဗိုလ်ချုပ်ကတော်များ ဦးစီးသည့်) အမျိုးသမီးရေးရာ စဖွဲ့တဲ့နေ့ပေါ့နော်။ ဇူလိုင် ၃ ရက်နေ့ကို သတ်မှတ်ထားတာ ရှိတယ်။ ဒါပေမဲ့ ကျမတို့အနေနဲ့ တကယ် အမျိုးသမီးရေးရာက စစ်အစိုးရရဲ့ ကျောထောက် နောက်ခံပြုပေးနေတဲ့ အဖွဲ့တခုပဲ ဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ အဲဒီရက်ကို မထောက်ခံထားပါဘူး။
(ကိုဝိုင်း တည်းဖြတ်သည်။)







