ဒုက္ခသည်စခန်းထဲမှ ပျော်ရွှင်မှု

 

ဒီဇင်ဘာလသည် အနာဂတ်မရေရာသူတို့ စုဝေးရာ စစ်ရှောင်စခန်းသို့ ကြည်နူးမှုများ သယ်ဆောင်လာသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ရွှေဇက်စစ်ရှောင်စခန်းတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့က ခရစ္စမတ်ပွဲတော် ဆက်လက် ကျင်းပနေသည်ကို တွေ့ရသည်။  

၂၀၁၁ ခုနှစ်က စတင် ပေါ်ပေါက်လာသည့် ရွှေဇက်စခန်းတွင် အိမ်ထောင် ၉၅ စု၊ လူဦးရေ ၅၅၃ ဦး ခိုလှုံ နေထိုင်လျက်ရှိသည်။ အများစုမှာ တာလောကြီး ၊ အင်ပေါင်၊ နန်ဆန်ယန် ဒေသတို့မှ ရောက်ရှိလာကြသူများဖြစ်သည်။ မိဘများ နေရပ်ရင်း မတူညီကြသော်လည်း ကလေးငယ် အများအပြားမှာ ဤစခန်းတွင် မွေးဖွားလာသူများ ဖြစ်သည်။

စစ်ရှောင်စခန်းတွင် ခရစ္စမတ်ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိသည်။ ပွဲတော်အတွင်း တရားဒေသနာ ဟောကြားခြင်း၊ ပျော်ပွဲရွှင်ပွဲများ၊ ပြဇာတ်၊ ကလေးငယ်တို့၏ဖျော်ဖြေမှုများ၊ ကချင်ရိုးရာအကများ၊ ကချင်တိုင်းရင်းသား အဆိုတော်တို့၏ တင်ဆက်မှုများကို တွေ့ရသည်။

ဒီဇင်ဘာ၂၅ မှ ၃၁ အထိကို ပွဲတော်ကာလဟု သတ်မှတ်ထားကြောင်း သိရသည်။ ဒီဇင်ဘာ၂၅ ခရစ်စမတ်နေ့ အစီအစဉ်ကို ခရစ်ယာန်အသင်းတော်က ဦးဆောင် ပြုလုပ်ပြီး ကျန်နေ့များတွင် ကူညီလှူဒါန်းသူ ရှိပါက ပွဲတော်ကို စည်စည်ကားကား ပြုလုပ်နိုင်မည်ဖြစ်သည်။

နေရပ်စွန့်ခွာ တိမ်းရှောင်သူတို့ ခိုလှုံရာစခန်းတွင်း အနာဂတ် မရေရာသောကြောင့် နေရပ်ပြန်ရမည့်နေ့ကို ခန့်မှန်းနိုင်ကြခြင်း မရှိပေ။ ပျော်ရွှင်စရာ နည်းပါးသည့် စစ်ရှောင်စခန်းတွင် နေထိုင်သူ ကလေး၊ လူကြီးတို့အတွက် ခရစ်စမတ်အချိန်ကာလသည်  ကြည်နူးဝမ်းသာမှုများနှင့်အတူ ရောက်ရှိလာလေသည်။