သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၅၇)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၅၇)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


(၂ဝ၁)
ထိုင်းနိုင်ငံတွင် အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသည့် The Nation သတင်းစာက …. ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာခဲ့ပြီးသည့်နောက် ပထမဆုံး အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ အယ်ဒီတာချုပ် ကိုယ်တိုင် လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် သတင်းစာတစောင် ဖြစ်သည်။

ယခုလည်း …. The Nation က ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တွေ့ဆုံခွင့် ရနိုင်မယ့် နေ့ရက်နှင့် အချိန်အား ချိန်းဆို၍ နေသည်။ ဒေါ်အောင်ဆန်းစုကြည်မှ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ ပြည်ထောင်စုနေ့အလွန်…. ၁၃၊ ၁၄၊ ၁၅ တရက်ရက်တွင် လာရောက်၍ တွေ့ဆုံနိုင်ပါကြောင်း .. အကြောင်းပြန်လိုက်သည်။ ဤအတွက် …. The Nation သတင်းစာမှ အယ်ဒီတာတဦး၊ အကြီးတန်း သတင်းထောက်တဦးနှင့် ဓာတ်ပုံဆရာတို့ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာခဲ့ကြသည်။

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း….။
၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်….။
တနင်္ဂနွေနေ့…။
The Nation သတင်းစာမှ သတင်းစာဆရာများအား နေအိမ်၏ ဧည့်ခန်းအတွင်း၌ပင် ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံ၏။ နှုတ်ဆက်ကြ၏။ တဦးနှင့်တဦး …မိတ်ဆက်ကြ၏။ ပြုံးပြုံးရွှင်ရွှင်နှင့်…။

Nation သတင်းစာ အယ်ဒီတာက … ဒေါ်အောင်ဆန်းစုကြည်အား ပထမဦးစွာ မေးခွန်းတခု ထုတ်၏။ မေးခွန်းက မြန်မာပြည်၏ လက်ငင်းဖြစ်ရှိနေသည့် စီးပွားရေး၊ လူမှုရေး အခြေအနေနှင့် ပတ်သက်၏။

“အချိန်တွေ ကြာလာတာနဲ့အမျှ မြန်မာပြည်သူတွေဟာ ပိုပြီး ဆင်းရဲကျပ်တည်းလို့ လာကြတယ်။ အခုလို…. ခက်ခဲကျပ်တည်းနေတဲ့ အချိန်မှာ နောက်တကြိမ် ဆန္ဒပြမှုတွေ ဖြစ်လာနိုင်ပါသလား…”

Nation သတင်းစာ အယ်ဒီတာ၏ အမေးအား ဒေါ်အောင်ဆန်းစုကြည်က ….. “ရှင်းရှင်းပြောရရင် ကျမလည်း မသိဘူး။ တနေ့မှာ အပြောင်းအလဲ ရှိမယ်ဆိုတာကို ကျမ အပြည့်အဝ ယုံကြည်ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲ ဘယ်လို ပေါ်ပေါက်လာမယ်ဆိုတာကိုတော့ အတိအကျ၊ ကျမလည်း မသိဘူး။ ဒါပေမဲ့ … သေချာတာကတော့ ပြည်သူတွေရဲ့ မကျေနပ်မှုဟာ အင်မတန်မှ အရေးပါမှာ ဖြစ်ပါတယ်…”

ဒေါ်အောင်ဆန်းစုကြည်သည် စကားအား ခဏငယ်မျှရပ်ပြီး လေးလေးနက်နက် ဆက်၍ ဆို၏။

“အချိန်တွေ ကြာလာတာနဲ့အမျှ လက်ရှိအခြေအနေတွေဟာ ပိုပြီး ဆိုးဝါးလာမယ်ဆိုတာကို ပြည်သူတွေက ပိုမိုနားလည် သိမြင်လာကြမှာပါ။ ပြီးခဲ့တဲ့ နှစ်ကာလများအတွင်းမှာ စီးပွားရေးဟာ သိသိသာသာ ဆိုးဝါးလာခဲ့ပါတယ်။ တကယ်တော့ ကျမ အကျယ်ချုပ်က လွတ်မြောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်ကစလို့ စီးပွားရေး အခြေအနေ ဒီလိုဖြစ်လာလိမ့်မယ်လို့ ကျမ ပြောခဲ့ပါတယ်…”

ဒေါ်အောင်ဆန်းစုကြည်၏ အဖြေစကား အဆုံးတွင် Nation သတင်းစာ၏ သတင်းထောက်ချုပ်မှ မေးခွန်းတခု ထပ်၍ မေးသည်။

“အာဏာဖီဆန်မှုတွေ ပေါ်ပေါက်လာအောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စည်းရုံးလှုံ့ဆော်ဆောင်ရွက်သွားမယ့် အစီအစဉ်တွေများ ရှိပါသလား” Nation သတင်းစာ သတင်းထောက်ချုပ်၏ အမေးအား …

“ဆန္ဒပြပွဲများလို … အာဏာဖီဆန်မှုမျိုးကို ဆိုလိုတာလား” …. ဟူ၍ ရှင်းလင်းစေရန် ဒေါ်အောင်ဆန်းစုကြည်က ပြန်မေး၏။ ပြီးမှ … အမေးအား ပြန်၍ ဖြေသည်။

“ဒီလိုမျိုး ကျမတို့ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါဘူး။ ဒီလိုလုပ်ရပ်မျိုးကို စဉ်းစားဖို့ အချိန်ကိုလည်း မကြုံခဲ့ရပါဘူး။ ပြည်သူ့လှုပ်ရှားမှုတွေက… မဖန်တီးဘဲ အလိုအလျောက် ဖြစ်ပေါ်ရလိမ့်မယ်လို့ ကျမတို့ ထင်ပါတယ်။ ဒီမိုကရေစီအတွက် ကျမတို့အနေနဲ့ ဘာတွေ ဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ် ဆိုတာကိုသာ ကျမတို့က ပြည်သူတွေကို ပြသဖို့ပဲ ရှိပါတယ်။ ကျမတို့ရဲ့ လူတွေဟာ အတတ်နိုင်ဆုံး လုပ်ကိုင်ကြဖို့ အဆင်သင့် ရှိတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါပေမဲ့ ဒီလူတွေဟာ တချိန်လုံးပဲ ထောင်ချခံနေကြရပါတယ်။ ထောင်ကျခံပြီး လုပ်နေကြတာဟာ အချည်းအနှီးတော့ မဟုတ်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်၏ စကားမဆုံးမီမှာပင် Nation သတင်းစာ သတင်းထောက်ချုပ်က ထပ်၍ မေးခွန်းဆင့်ထုတ်၏။

“ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ဖန်တီးစီစဉ်ခြင်း မရှိဘဲ …. အလိုအလျောက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာခဲ့ရင် … NLD အနေနဲ့ ဘယ်ဘိုတုံ့ပြန်မလဲ…”

“ကျမတို့ဟာ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ရဲ့ လူတွေကို စည်းရုံးရင် စည်းကမ်းတကျ ရှိစေခြင်းတို့ကို ခွင့်ပြုနိုင်တဲ့ အနေအထားမှာ ရှိပါတယ်…”

ဒေါ်အောင်ဆန်းစုကြည်က တိုတိုရှင်းရှင်းပင် အဖြေပေးလိုက်၏။ အဖြေစကားဆုံးသည်နှင့် တဆက်တည်းမှာပင် … ဒေါ်အောင်ဆန်းစုကြည်က …. ဧည့်သည်များအား …..

“နေ့လည်စာနဲ့ တည်ခင်းဖို့ စီစဉ်ပါသေးတယ်။ ဒါပေမဲ့ …. အခြေအနေ မပေးခဲ့လို့ … ကော်ဖီနဲ့ပဲ ဧည့်ခံပါရစေ။ ကော်ဖီသုံးဆောင်ကြပါ” …. ဟူ၍ ဧည့်သည်များအား ဒေါ်အောင်ဆန်းစုကြည်မှ ကော်ဖီနှင့်ပင် ဧည့်ခံ၏။

သတင်းစာဆရာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုက ဟိတ်ဟန်မပါ။ တင်းတင်းတောင့်တောင့်ကြီး ဖြစ်၍မနေ…။ ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ်ပင် ….။ မေးသူက မေး၏။ ဖြေသူက အဖြေပေး၏။

“ကျနော်တို့ မေးခွန်းလေး တခု၊ နှစ်ခုလောက် ထပ်ပြီး မေးပါရစေ …. တကယ်လို့ … စစ်အုပ်စုအနေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ တွေ့ဆုံဆွေးနွေးတဲ့ NLD ဘက်က ကိုယ်စားလှယ်အဖွဲ့ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရဘူးလို့ ကန့်သတ်ချက် ထားခဲ့မယ်ဆိုရင် … ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို သဘောထားမလဲ”

“ကြိုတင်စည်းကမ်းသတ်မှတ်ချက်ကင်းတဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုကို ကျမတို့ လိုလားပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုမှာ တန်းတူရည်တူဆိုတာ ပါဝင်ပါတယ်။ အဓိပ္ပာယ်က သူတို့က သူတို့ကိုယ်စားလှယ် ရွေးချယ်သလို ကျမတို့က ကျမတို့ကိုယ်စားလှယ်ကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ ကိုယ်စားလှယ်ရော ကျမတို့ရဲ့ ကိုယ်စားလှယ်တွေကိုပါ ရွေးချယ်ခဲ့ရင်တော့ … ဒါဟာ တူညီတဲ့ အခြေခံပေါ်မှာ ဆွေးနွေးခြင်း မဟုတ်ပါဘူး။ အဲဒီအကြောင်းရပ်ကြောင့် ကျမတို့က လက်မခံတာ ဖြစ်ပါတယ်။ ကျမတယောက်ထဲ ကိစ္စကိုသာ ပြောတာမဟုတ်ပါဘူး။ သူတို့တွေအနေနဲ့ NLD ဥက္ကဋ္ဌ ဦးအောင်ရွှေ ပါဝင်ခြင်း မရှိစေရဘူးလို့လည်း မပြောနိုင်ပါဘူး။ နောက်ပြီး NLD ရဲ့ ပြဋ္ဌာန်းချက်အရ ဦးအောင်ရွှေနဲ့ ကျမတို့ဟာ ဒီကိစ္စကို အတူတကွ ရင်ဆိုင်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်…”

“တကယ်လို့ …. စစ်အုပ်စုက NLD နဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့လိုတယ်လို့ ပြောလာရင် …. ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သဘောတူ လက်ခံနိုင်ပါသလား….” ဟု Nation သတင်းထောက်ချုပ်က ဝင်၍မေး၏။

“ကျမတို့ကတော့ ရွေးပိုင်ခွင့်အားလုံးကို ဖွင့်ထားပါတယ်။ နိုင်ငံရေးမှာ ဘယ်တော့မှ မလုပ်ဘူးလို့ ဘယ်တော့မှ မပြောဖို့ အင်မတန်မှ အရေးကြီးလှပါတယ်။ ကျမတို့ကတော့ ရွေးပိုင်ခွင့် အမျိုးမျိုးကို စဉ်းစားဖို့ အမြဲပဲ အဆင်သင့်ရှိပါတယ်”

ဒေါ်အောင်ဆန်းစုကြည် အဖြေစကားအဆုံးတွင် … Nation သတင်းစာ အယ်ဒီတာက ဒေါ်အောင်ဆန်းစုကြည်အား ဓာတ်ပုံရိုက်ခွင့် တောင်း၏။ Nation သတင်းစာ ဓာတ်ပုံဆရာက ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းနေကြသည့်ပုံအား ရိုက်၏။ ပြီးလျှင် …. ဧည့်ခန်းမအတွင်းရှိသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်လုံးအပြည့်ပုံကြီး၏ အရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ရပ်စေပြီး ဓာတ်ပုံရိုက်ပြန်သည်။ အားလုံးက ရွှင်ရွှင်ပြပြ…။ ဒေါ်အောင်ဆန်းစုကြည်၏ ပြက်လုံးများကြောင့် Nation သတင်းစာဆရာများ ရယ်မော၍ နေကြ၏။

အားလုံး စားပွဲတွင် ပြန်ထိုင်ကြပြီး … တွေ့ဆုံမေးမြန်းမှုအား ပြန်၍ စပြန်၏။ Nation သတင်းစာ အယ်ဒီတာက နောက်ဆုံးအနေနဲ့ …

“အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ အစိုးရတွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြောကြားလိုတာ ရှိပါသလား”

“ကျမအနေနဲ့ သူတို့ကို ပန်ကြားလိုတာကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စိုးမိုးနိုင်ရေးအတွက် အတတ်နိုင်ဆုံး အကူအညီပေးဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ပွင့်လင်းပြီး ပြည်သူ့အတွက် တာဝန်ရှိတဲ့ အစိုးရမျိုး ရရှိတာနဲ့ ကျမတို့ စီးပွားရေးအခြေအနေကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နိုင်သလို အာရှဒေသ အကျိုးအတွက်လည်း ကျမကိုက အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီတော့ ဒေသအတွင်းမှာ ဘာပြဿနာပဲ ပေါ်ခဲ့ပေါ်ခဲ့ မြန်မာနိုင်ငံက ပြဿနာသာ မဟုတ်ဘဲ အကူအညီပေးနိုင်တဲ့ အနေအထားရှိမှာ ဖြစ်ပါတယ်။ လောလောဆယ်ဆယ်မှာတော့ ကျမတို့က အကူအညီ လိုအပ်နေပါတယ်။ ဒါပေမဲ့ အာရှဒေသအတွင်းမှာ တိုးတက်မှုနဲ့ ငြိမ်းချမ်းမှုတို့ကို တနေ့မှာ အထောက်အကူ ပြုနိုင်မယ့် အခြေအနေ ကျမတို့ အားလုံးက မျှော်လင့်ထားပါတယ်”

တွေ့ဆုံမေးမြန်းခြင်းက ပြီးပြီ။ Nation သတင်းစာဆရာများက၊ ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်၍ ပြန်သွားကြ၏။

ဧည့်ခန်း စားပွဲပေါ်ရှိ နာရီက … မွန်းလွဲ ၁ နာရီနှင့် ၃ဝ မိနစ်အား ညွှန်ပြ၍ နေသည်။ တနင်္ဂနွေလို နေ့များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် အနားယူချိန်ကားမရ….။

(၂ဝ၂)
အမှတ် ၉၇/ခ၊ အနောက်ရွှေဂုံတိုင်လမ်း…။
၁၉၉၈ ခုနှစ်၊ မတ်လ ၁၂ ရက်….။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်ရုံး၌ပင် ပြည်တွင်းပြည်ပ သတင်းစာဆရာများအား ဖိတ်ကြားပြီး သတင်းစာ ရှင်းလင်းပွဲတရပ်အား ဒေါ်အောင်ဆန်းစုကြည် ပြုလုပ်၏။ AP ၊ AFP ၊ ရိုက်တာ၊ NHK စသည့် နိုင်ငံခြား သတင်းဌာနများမှ မြန်မာနိုင်ငံရှိ ဌာနေကိုယ်စားလှယ်များ တက်ရောက်ကြ၏။ သတင်းစာ ရှင်းလင်းပွဲအား စသည်နှင့် ဒေါ်အောင်ဆန်းစုကြည်က ပဏာမနိဒါန်းစကား ဆို၏။

“သတင်းလောကက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြောကြားတယ် ဆိုတာဟာ ကျမအတွက် ပုံမှန် လုပ်ငန်းတာဝန်တခုလို ဖြစ်နေပါပြီ။ မကြာသေးမီ သတင်းပတ်တွေအတွင်း သတင်းစာဆရာအများက မေးလာကြတဲ့ အကြောင်းတရပ်ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးမူဝါဒတွေ အကြောင်းပါပဲ။ တယောက်နှစ်ယောက်ကဆိုရင် ကျမတို့အနေနဲ့ ဈေးကွက်စီးပွားရေးဆိုတာကို အယုံအကြည်ရော ရှိရဲ့လားလို့ မေးမြန်းခဲ့ကြပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွေအတွက် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေအကြောင်း သိရှိသူ နိုင်ငံခြားသား အနည်းအကျဉ်းပဲ ရှိမယ်ဆိုတာ တွက်လို့ ရနိုင်ပါတယ်။ ဒီကြေညာချက်ကို အင်္ဂလိပ်လို ဘာသာပြန်ထားတာလည်း မရှိတဲ့အတွက် ကြေညာချက် ရှိခဲ့ကြောင်းသိတဲ့ နိုင်ငံခြားသားတွေအတွက်တောင် ကြေညာချက်ထဲမှာ ဘာတွေပါလဲဆိုတာကို အတိအကျ သိကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် လောလောဆယ်အားဖြင့်တော့ သတင်းလောကက သိချင်နေတာတွေလည်း ပြောကြားသွားပြီးဖြစ်အောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီးပွားရေးမူဝါဒနဲ့ ပတ်သက်ပြီး အချက် ၁၁ ချက်နဲ့ သဘောထား ကြေညာစာတမ်း ထုတ်ပြန်ထားခဲ့တာကို ပြန်ပြီး ဖော်ပြလိုပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က မူဝါဒ ၁၁ ချက်အား တချက်ချင်း ရှင်းပြ၏။

ပြီးလျှင် …. “စီးပွားရေးဆိုင်ရာ ရည်မှန်းချက်တွေကို ဒီလိုချပြလိုက်ဖို့က လွယ်ပါတယ်။ လုပ်ငန်းစဉ်တွေကို ဘယ်လို အကောင်အထည်ဖော်ယူနိုင်မလဲ ဆိုတာပဲ မေးစရာပြဿနာတခုပါ။ အဲဒီမှာ UNDP ခေါ် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ကို မြန်မာ့စီးပွာေးရးနဲ့ ပတ်သက်ပြီး အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ဟားဗတ်စ် တက္ကသိုလ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနရဲ့ သုတေသနပညာရှင် ဒေါက်တာ ဒေးဗစ်ဒါပိစ်ရဲ့ အယူအဆတွေဟာ NLD ရဲ့ သဘောထားနဲ့ အတော်ဆင်တူတာကို သွားတွေ့ရပါတယ်။ Prospects for Sustainable Growth in Myanmar ဆိုတဲ့ စာတမ်းမှာ ဒေါက်တာဒါပိစ်က စီးပွားရေး ပြုပြင်ပြောင်းလဲရေးဆိုတာဟာ အတိုးနှုန်းတွေ သတ်မှတ်ရုံ၊ ငွေကြေးလဲလှယ်နှုန်းတွေ သတ်မှတ်လိုက်ရုံတင် မဟုတ်ပါဘူး။ ဒီမူဝါဒတွေဟာ ဘယ်ဆီကို ဦးတည်နေသလဲဆိုတာနဲ့အတူ အားကိုးအားထား ပြုနိုင်လောက်အောင် ခိုင်ခိုင်မာမာရှိမှု၊ အယုံအကြည်ရှိမှု၊ ဒီအချက်တွေ ခြုံငုံပြီး ပါဝင်ရမှာ ဖြစ်တဲ့အပြင် လုပ်ငန်းစဉ်တိုင်းလိုလိုဟာ မှန်ကန်တဲ့ ဦးတည်မှုလမ်းကြောင်းမှာ ရှိနေရမှာ ဖြစ်တယ်လို့ သုံးသပ်တင်ပြထားပါတယ်။ အားကိုးအားထား ပြုနိုင်လောက်အောင် ခိုင်ခိုင်မာမာရှိမှုနဲ့ အယုံအကြည် ရနိုင်မှုဆိုတာဟာ ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတိုင်းအတွက် အခြေခံပါတယ်။ ဒါကြောင့် အောင်မြင်တဲ့ ဈေးကွက်စီးပွားရေး လုပ်ငန်းစဉ်တရပ်ကို တည်ဆောက်ဖို့ လိုတယ်ဆိုရင် ဒီအချက်ကိုပဲ ပထမဆုံး အခြေခံ ထူထောင်သွားရမှာ ဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးအပါဆုံးဟာ ဥပဒေစိုးမိုးမှုအပေါ်မှာ အခြေခံ အမြစ်တည်ဖို့ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယုံကြည်ထားတာဟာလည်း ဒီအကြောင်းကြောင့် ဖြစ်ပါတယ်''

''မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွေအပေါ် ဘယ်လို သဘောထားရှိသလဲလို့ ကျမကို မေးလာကြတဲ့ အခါမှာတော့ ဒီအချိန်ဟာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အချိန်မဟုတ်သေးဘူးလို့ပဲ ပြောကြားခဲ့ပါတယ်။ ဒါဆိုရင် အခု ရင်းနှီးမြှုပ်နှံကြစို့ဆိုတဲ့အစား တခြားနည်းလမ်း ဘာများရှိလဲလို့ ပြန်လည် မေးခွန်းထုတ်လာကြသူတွေကိုတော့ အနာဂတ် အရေးအတွက် ရင်းနှီးမြှုပ်နှံရေးဖြစ်တယ်လို့ ကျမ ဖြေခဲ့ပါတယ်။ သဘောကတော့ ကိုယ်ကျိုးတခုထဲ ကြည့်မယ်ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးအတွက် အရင်းအနှီး စိုက်ထုတ်ပေးကြပါလို့ ဆိုလိုတာပါ။ ဒီမိုကရေစီစနစ် ထွန်းကားလာတဲ့ မြန်မာနိုင်ငံဟာ စီးပွားရေးအရ နိုးကြားတတ်ကြွပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံလည်း ဖြစ်မှာ အမှန်ပါပဲ”

ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ စကားကို ခဏမျှ ရပ်နားပြီး သတင်းစာဆရာကြီးများအား ဝေ့ဝိုက်၍ ကြည့်လိုက်၏။ ပြီးမှ စကားကို ပြန်၍ ဆက်သည်။

“အခု စီးပွားရေးအကျပ်အတည်း ဖြစ်နေတာကတော့ ဘာမှ မထူးဆန်းပါဘူး။ ကျမ ၁၉၉၅ ခုနှစ် အကျယ်ချုပ်ကနေ လွတ်လာကတည်းကနေပြီးတော့ တချို့ စီးပွားရေးသမားများ၊ စီးပွားရေးပညာရှင်များနဲ့ ဆွေးနွေးပြီးတဲ့အခါမှာ စီးပွားရေးအခြေအနေဟာ မကောင်းဘူး။ ကြာရင် ပိုပြီးတော့ ဆိုးလာမယ်ဆိုတာကို သိပါတယ်။ ဒီကိစ္စကို ကျမတို့ ပြောခဲ့ပါတယ်။ ပြောပေမယ့် မယုံကြဘူး။ တချို့ကတော့ သူတို့ရဲ့ စီးပွားရေးလေးတွေက အဲဒီအချိန်မှာ အဆင်ပြေနေလို့ ဆက်ပြီးတော့ အဆင်ပြေမယ်။ ဆက်ပြီး ဖွံ့ဖြိုးမယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံမှာ မခိုင်မြဲဘူးဆိုရင် ဘယ်လိုမှ ဆက်ပြီးတော့ တိုးတက်ဖွံ့ဖြိုးမှုဆိုတာ ရှိမှာ မဟုတ်ဘူး''

''ကျမတို့ရဲ့ စီးပွားရေးပြဿနာတွေဟာ နိုင်ငံရေးပြဿနာနဲ့ ဒွန်တွဲနေပါတယ်။ နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းဘဲနဲ့တော့ စီးပွားရေး ဖွံ့ဖြိုးမှုရမယ်ဆိုတာ ကျမတို့ ဘယ်လိုမှ မျှော်လင့်လို့ မရပါဘူး။ စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ မြန်မာပြည်သူလူထု ဘယ်လောက်များများက နေပြီးတော့ ဘယ်လောက်များများ လေ့လာထားတယ် ဆိုတာကိုတော့ ပြောရခက်ပါတယ်။ အားလုံးသိတဲ့အတိုင်း ကျမတို့က သတင်းလွတ်လပ်ခွင့်လည်း ရှိတာမဟုတ်ဘူး။ ပြည်သူလူထုအနေနဲ့လည်း လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့် ရှိတာမဟုတ်ဘူး။ ဒါပေမဲ့လည်း အများပြည်သူ နားလည်စေချင်တာကတော့ စီးပွားရေးပိတ်ဆို့မှုဟာ တကယ်ကျတော့ အများပြည်သူကို လုံးလုံးမထိပါဘူး။ ထိတာဟာ အင်မတန်မှာ ချမ်းသာနေတဲ့ စီးပွားရေးသမား အုပ်စုလေး၊ အသေးစုလေးတခုပဲ ထိတာဖြစ်ပါတယ်''

''ဒီလို စီးပွားရေးပိတ်ဆို့မှုဟာတော့ တနည်းအားဖြင့် အခုလက်ရှိ အခြေအနေကို လက်မခံနိုင်ဘူးဆိုတာကို ဆန္ဒပြတဲ့အနေနဲ့ လုပ်တာဖြစ်တဲ့အခါကျတော့ ကျမတို့ ဒီမိုကရေစီလှုပ်ရှားမှုအတွက်တော့ အများကြီး အထောက်အကူ ဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်။ ပြည်သူလူထုအတွက်လည်း အထောက်အကူ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီရမှ၊ နိုင်ငံရေးအပြောင်းအလဲရမှ အခုလက်ရှိ စီးပွားရေးပြဿနာတွေ ကျော်လွှားနိုင်မှာပါ။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှုဟာ ရေရှည်မှာသာမက အခု ရေတိုမှာတောင်မှ ကျမတို့ တိုင်းပြည်အတွက် အကျိုးဖြစ်နိုင်တယ်လို့ ကျမထင်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်က ပဏာမနိဒါန်းစကားအား ရှင်းလင်းပြောဆိုပြီးသည့်နောက်တွင် …. တက်ရောက်လာခဲ့ကြသည့် သတင်းစာဆရာကြီးများအား မေးခွန်းများ မေးနိုင်ပါကြောင်း… ဖွင့်ပေး၏။ နိုင်ငံခြား သတင်းဌာနတခုမှ သတင်းထောက်တဦးက ထ၍ မေးခွန်းမေး၏။

“တချို့က ပြောကြတယ်။ စီးပွားရေးပိတ်ဆို့မှုဟာ ပြည်သူတွေကိုသာ နစ်နာစေတယ်လို့ ဆိုပါတယ်…၊ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ပြောလိုပါသလဲ…။”

ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်၏ အမေးအား ပြန်၍ အဖြေပေး၏။

“ကျမကတော့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု လုပ်တာကို ထောက်ခံခြင်းပါပဲ။ ဘာဖြစ်လို့လဲဆိုရင် စီးပွားရေးပိတ်ဆို့မှုဟာ အချမ်းသာဆုံး လူမျိုးများကလွဲပြီး ဘယ်သူ့ကိုမှ မနစ်နာစေခဲ့ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းများမှာ ချမ်းသာလာကြတဲ့ အဲဒီလူတွေကြောင့်လည်း စစ်မှန်တဲ့ တိုးတက်မှုကို ကျမတို့ မရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုဟာ ပြည်သူများကို ထိခိုက်ခြင်း မရှိဘဲ အချမ်းသာဆုံးသူတွေကိုသာ ထိခိုက်စေလို့ ဖြစ်ပါတယ်။ ဆင်းရဲတဲ့ လူတန်းစားနဲ့ ချမ်းသားတဲ့ လူတန်းစားအကြား ကွာဟမှုဟာ ပိုပြီး ကြီးထွားလို့ လာခဲ့ရာက စီးပွားရေး ပိတ်ဆို့မှုကြောင့် ကွာဟမှုကို ရင်ကြားစေ့ပေးလာနိုင်မှာ ဖြစ်ပါတယ်…”

ဒေါ်အောင်ဆန်းစုကြည်က သတင်းစာဆရာကြီးများ၏ အမေးအား ဖြေကြားပြီး …. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းစာရှင်းလင်းပွဲအား ရုပ်သိမ်းလိုက်၏။

တပေါင်းနွေက ပူပြင်းလှ၏။ တံလျှပ်တို့နှင့် အနောက်ရွှေဂုံတိုင် လမ်းမကြီးသည် ပဉ္စလက်ဆန်၍ နေ၏။ ဥသြငှက်၏ တွန့်ကျူးသံအား ကြားရ၏။ သဲ့သဲ့….။

ကိုးကား …

- ရွှေခမောက် မှတ်တမ်းလွှာ
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- အာဏာရှင်သို့ပေးစာ အတွဲ - ၁
- အာဏာရှင်သို့ပေးစာ အတွဲ - ၂
- ဒေါ်အောင်ဆန်းစုကြည်၏ အောင်မြင်သော ဈေးကွက်စီးပွားရေးစနစ်ဆီသို့ ဦးတည်စေမည့်    အဓိက သော့ချက်များ ဆောင်းပါး
- ဦးခင်ကျော်ဟန်၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်