ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > အော်စကာနဲ့ လွဲခဲ့ရတဲ့ Burma VJ

အော်စကာနဲ့ လွဲခဲ့ရတဲ့ Burma VJ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


နေ့စဉ်နံနက် ပြုလုပ်နေကျ မဇ္ဈိမ သတင်းသမားများ သတင်းအစည်းအဝေး ထိုင်နေရာက အော်စကာဆုပေးပွဲ တိုက်ရိုက် ထုတ်လွှင့်ပြသနေသည့် တီဗီအစီအစဉ်က Burma VJ ဟု အသံထွက်လာသည်နှင့် တိုင်ပင်ထားသလို အားလုံး တီဗီဘက်ကို လှည့်လိုက်ကြသည်။

စိတ်ဝင်တစားနှင့် စောင့်ကြည့်နေရင်းက အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ကားဆုကို The Cove သို့ ပေးလိုက်သည်ဟု ဆုံးဖြတ်လိုက်တော့ ခေတ္တအသံတိတ်သွားကြပြီး တယောက်တမျိုး မှတ်ချက်ပေးသံများ  ထွက်ပေါ်လာတော့သည်။ 

အမေရိကန် ရုပ်ရှင် ဝိဇ္ဇာနှင့် သိပ္ပံအသင်းကြီးမှ ကြီးမှူးကျင်းပသော ၈၂ ကြိမ်မြောက် အော်စကာဆု ပေးအပ်ချီးမြှင့်ပွဲကို ယခုလ ၇ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ် ဟောလီးဝုဒ် ရုပ်ရှင်မြို့တော်ရှိ လူပေါင်း ၃၄ဝဝ ဝင်ဆံ့သည့် Kodak ကဇာတ်ရုံကြီး၌ ကျင်းပခဲ့သည်။  

အော်စကာဆု ဆန်ခါတင် စာရင်းထဲတွင် ရွှေဝါရောင်တော်လှန်ရေးဟူ၍ ခေါ်တွင်ခဲ့သော ၂ဝဝ၇ ခုနှစ်က သံဃာတော်များ ဦးဆောင်သော မေတ္တာသုတ်ရွတ်ဆို စုရုံးလမ်းလျှောက်ခြင်းကို စစ်အစိုးရက ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းနှင့် နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB ၏ လျှို့ဝှက်သတင်းထောက်များက စွန့်စွန့်စားစား သတင်းရယူပေးပို့ခဲ့ပုံကို ဇာတ်လမ်းဖော် ရိုက်ကူးထားသော Burma VJ ဇာတ်ကား ပါဝင်ခဲ့သဖြင့် ပြည်တွင်းပြည်ပ မြန်မာများ စိတ်ဝင်စားခဲ့သည်။  

သို့သော် ဂျပန်နိုင်ငံ ဝါကာယာမာ အမျိုးသားပန်းခြံရှိ လင်းပိုင်များအား နှစ်စဉ် ဖမ်းဆီးသတ်ဖြတ်ခြင်း အကြောင်းကို ရိုက်ကူးခဲ့သော The Cove မှတ်တမ်းရုပ်ရှင်က ၈၂ နှစ်ကြိမ်မြောက် အော်စကာ ဆုပေးပွဲတွင် ဆွတ်ခူးသွားသည်။

ယင်း ရုပ်သံမှတ်တမ်းသည် အန္တလန္တိတ် သမုဒ္ဒရာအတွင်း၌ သတ်ဖြတ်ခံနေရသည့် ဝေလငါးများ၏ အရေအတွက်ထက် လင်းပိုင်များက ပိုမိုသတ်ဖြတ်ခံနေရသည်ကို ဇောင်းပေးရိုက်ကူးထားခြင်း ဖြစ်သည်။ ဂျပန်နိုင်ငံတွင် တနှစ်လျှင် လင်းပိုင်အကောင်ရေ ၂၃ဝဝဝ ခန့် သတ်ဖြတ်ခံနေရသည်။

The Cove ရုပ်သံမှတ်တမ်း၏ ဒါရိုက်တာမှာ ယခင်က National Geographic မှ ဓာတ်ပုံဆရာဟောင်း Louie Psihoyos ဆိုသူ ဖြစ်သည်။ ဆွဲအားမြင့် ကင်မရာများ၊ ရေအောက်သုံး မိုက်ခရိုဖုန်းများနှင့် လျှို့ဝှက်စွာ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

အမေရိကားရောက် မြန်မာပရိသတ်တဦးက “အခုရွေးချယ်ရေးအဖွဲ့က လူတွေက အနုပညာသမားဖြစ်လို့ အနုပညာရှုထောင့် တခုထဲကပဲ ကြည့်ပြီး ဇာတ်ကားရဲ့ ကွာလတီ၊ တင်ပြမှု၊ စသဖြင့် သုံးသပ်သွားကြတာ။ ဒီမှာ ထောက်ပြချင်တာက.. Burma VJ က ခိုးပြီး သက်စွန့်စံဖျား ရအောင် လုပ်ထားရတာ” ဟူ၍ မကျေနပ်ချက်ကို  ပြောကြားသည်။

Burma VJ ၏ တွဲဘက်ထုတ်လုပ်သူတဦးဖြစ်သော ထိုင်းနိုင်ငံ ချင်းမိုင်မြို့နေ မစ္စတာ ဆမ်က “The Cove ကို ကြည့်ပြီးသွားရင် ဘာကြောင့် အော်စကာဆု ရသွားလဲဆိုတာ ခင်ဗျား သဘောပေါက်ပါလိမ့်မယ်” ဟု ဆိုသည်။

ရွှေဝါရောင် တော်လှန်ရေးအပြီး ဒိန်းမတ်နိုင်ငံသား ဒါရိုက်တာတဦးက ပြန်လည်ရိုက်ကူးခဲ့ရာက Burma VJ ပေါ်ထွက်လာသည်။ ဒီဗီဘီ သတင်းထောက်များအနက် မလှလှဝင်းက ထောင်ဒဏ် အနှစ် ၂၇ ကျခံနေရပြီး ကိုဝင်းမော်က ၁၇ နှစ်၊ ကိုငွေစိုးလင်းက ၁၃ နှစ် ကျခံနေရသည်။

မစ္စတာ ဆမ်က ထောက်ပြသော အားနည်းချက်များအနက် မြန်မာနိုင်ငံတွင် ရိုက်ကူးရန် မဖြစ်နိုင်သည့်အတွက် ရိုက်ကွင်းတချို့ကို ချင်းမိုင်တွင် ပြန်လည်တည်ဆောက် ရိုက်ယူရခြင်းကြောင့်ဟုလည်း ပါရှိသည်။ 

“ရိုက်ကွက်တော်တော်များများကို ပြန်တည်ဆောက်ပြီး ရိုက်ရတာတွေကို ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေက ဖော်ပြခဲ့ခြင်း မရှိပါဘူး။ သူတို့ပြောတာက ၁ဝ ရာခိုင်နှုန်းလောက်ကိုပဲ ပြန်တည်ဆောက်ပြီး ရိုက်ခဲ့ပါတယ်လို့၊ အော်စကာ ဂျူရီလူကြီးတွေကို တင်ပြခဲ့ပါတယ်။ မနေ့က အော်စကာဆု ကြေညာပြီးပြီးချင်းပဲ ဇာတ်ကားကို နောက်တခေါက် ပြန်ရေကြည့်ပြီးတော့ ဇာတ်ကားရဲ့ ၄ဝ ကျော်၊ ၅ဝ ရာခိုင်နှုန်း နီးပါးလောက်ကို ပြန်တည်ဆောက်ထားတဲ့ အခန်းတွေနဲ့ ရိုက်ကူးခဲ့တယ်ဆိုတာ သိရပါတယ်” ဟု မစ္စတာ ဆမ်က ပြောသည်။

သီးလေးသီး ဆေးရောင်စုံအဖွဲ့မှ ဒါရိုက်တာ တဦးဖြစ်သူ ကိုဂေါ်ဇီလာကတော့ ဆုမရသော်လည်း မြန်မာပြည်၏ လက်ရှိ နိုင်ငံရေးအခြေအနေကို ကမ္ဘာ့ပြည်သူအများ သိရှိသွားခြင်းက အကျိုးရှိသည်ဟု ပြောသည်။  

“တကယ်တမ်းပြောရရင်တော့ တကမ္ဘာလုံးက လူတော်တော်များများက ရွှေဝါရောင် တော်လှန်ရေးအကြောင်း၊ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ မြန်မာပြည်သူတွေအကြောင်း သိသွားတာဟာ အော်စကာ ဆုဆိုတာထက် ပိုပြီးတော့မှ တန်ဖိုးရှိပါတယ်” ဟု သူက ပြောသည်။ 

ဟိုးလေးတကျော်ဖြစ်ခဲ့သော မှတ်တမ်းရုပ်ရှင်ကြောင့် ဝေမခွဲနိုင်သည့် ခံစားမှုဖြစ်ရသူမှာ သံဃာ့တပ်ပေါင်းစုမှ ဆရာတော် ဦးဣသရိယ ဖြစ်သည်။ 

“ဒီကားက ကျယ်ပြန့်လာတော့ တချို့ သံဃာတော်တွေလည်း ပုန်းရှောင်နေရတာမျိုး ရှိတယ်။ အဲဒီကားထဲမှာလည်း ရုပ်တွေ ပါသွားတော့ တချို့တွေက ပိုပြီး ကြောက်သွားတာမျိုးလည်း ရှိတာပေါ့” ဟု သူက မိန့်ဆိုသည်။  

သို့သော်လည်း မြန်မာနိုင်ငံမှ သံဃာတော်များ စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရေး ဦးဆောင်ခဲ့သော ၂ဝဝ၇ ခုနှစ် အရေးအခင်းကို ထင်ဟပ်သည်ကို ကမ္ဘာတဝှန်းမှ သိခွင့်ရသည်ဟု ဆရာတော်က ပြောသည်။ 

Burma VJ ရုပ်သံမှတ်တမ်းသည် နောက်ဆုံးတွင် အော်စကာဆု မရခဲ့သော်လည်း နိုင်ငံတကာမှ ပေးအပ်ခဲ့သော ဆုပေါင်း ၄ဝ ကျော် ရရှိခဲ့ပြီးဖြစ်သည်။

မြန်မာပြည်တွင်းမှ နာမည်ကျော် ရုပ်ရှင်ဒါရိုက်တာ စိုးမိုးကတော့ Burma VJ ဇာတ်ကားအကြောင်း ပြည်တွင်းနေသူ အများအပြား ကျယ်ပြန့်စွာ မသိကြသော်လည်း ဆုရစေချင်ကြကြောင်း ပြောသည်။

“ကိုယ့်တိုင်းပြည်က ဘယ်လိုပွဲမျိုးပြိုင်ပြိုင်၊ ကိုယ့်တိုင်းပြည်ကိုပဲ ရစေ၊ နိုင်စေချင်တာပေါ့။ ကျနော့်အနေနဲ့ကတော့ ကိုယ့်ဆီက ဆုရတယ်၊ အနုပညာ ပြောင်မြောက်တယ်ဆိုရင် ကျနော်ကတော့ ဝမ်းသာမိမှာပဲ။ ဘာပဲပြောပြော ဖိုင်နယ်ရောက်သွားတဲ့ ကားတကားမှာတော့ သူ့အရည်အချင်းနဲ့သူ ရှိပြီးသားပဲ” ဟု ပန်းချီ စိုးမိုးက ပြောသည်။  

ယခုနှစ် အော်စကာဆုပေးပွဲတွင် အီရတ်ရောက် အမေရိကန် ဗုံးရှင်းလင်းရေးအဖွဲ့အကြောင်းကို ရိုက်ကူးထားသော The Hurt Locker ဆိုသည့် ဇာတ်ကားက အကောင်းဆုံး ဇာတ်လမ်းအော်စကာဆုကို ဆွတ်ခူးသွားခဲ့သည်။

၂ဝဝ၉ ခုနှစ်အတွက် အမျိုးသား အော်စကာဆုကို “Crazy Heart” ဇာတ်ကားမှ ''Jeff Bridges'' က ရရှိခဲ့ပြီး၊ အမျိုးသမီး အော်စကာဆုကို ဝါရင့်မင်းသမီး ''Sandra Bullock'' က ''The Blind Side'' ဇာတ်ကားဖြင့် ရရှိသွားခဲ့သည်။