ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၄

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၄

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


(၁၁၉)
အဖွဲ့ချုပ်၏ ဂန္ဒီညီလာခံက နဝတ ၏ ၁/၉၀ ကြောင့် ကသိကအောက်တော့ ဖြစ်ရ၏။ နဝတ က အဖွဲ့ချုပ်၏ ဂန္ဒီညီလာခံမစမီ …. တရက်ကြို၍ ဇူလိုင်လ ၂၇ ရက်နေ့တွင် ကြေညာချက်အမှတ် ၁/၉၀ အား ထုတ်ပြန်၏။

ဂန္ဒီညီလာခံအား ကြို၍ဟန့်တား၊ ခြိမ်းခြောက်လိုက်ခြင်းဖြစ်၏။ ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့ ရွေးကောက်ပွဲအပြီး ရက်ပေါင်း ၆၀ အတွင်း ပထမဦးစွာ စစ်အုပ်စုမှ ၎င်းတို့၏ သဘောထားအား တရားဝင် ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။

နဝတ ၏ ကြေညာချက်အမှတ် ၁/၉၀ ၏ အနှစ်သာရက …..

“….. ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃ တွင် …. လွှတ်တော်ကို မဲဆန္ဒနယ်မှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟူ၍ ပြဋ္ဌာန်းပါရှိသည်။ ယင်း ပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေးမည်။”

“…. နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် စစ်အစိုးရတရပ် ဖြစ်သည်နှင့်အညီ မာရှယ်လော (Martial Law) ဥပဒေကို ကိုင်စွဲကျင့်သုံးနေသည့် အစိုးရ ဖြစ်သည်။ ဥပဒေပြုမှု အာဏာ၊ စီမံခန့်ခွဲမှု အာဏာ နှင့် တရားစီရင်မှု အာဏာ…..။ အာဏာသုံးရပ်အား ကိုင်စွဲကျင့်သုံးသည့် အစိုးရဖြစ်သည်”

“ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များ ဖြစ်သည်။

နိုင်ငံတော် အာဏာရယူရေးအတွက် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့် နည်းနှင့်အမျှ လက်ခံနိုင်မည် မဟုတ်သည့်အပြင် ထိုသို့ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်းနှင့် ပြည်သူ့ဆန္ဒနှင့်အညီ ခိုင်မာသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ပေါ်ပေါက်လာမည့် အစိုးရတရပ် မဖွဲ့စည်းမီ ကြားကာလတွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အနေဖြင့် …. နိုင်ငံတော်အာဏာအား ရယူထားမည်ဖြစ်သည်”… ဟူ၍ အဓိပ္ပာယ်ရ၏။

၁/၉၀ ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ကိုယ်စားလှယ်များက ဂန္ဒီတွင် ၎င်းတို့၏ အယူအဆ၊ အမြင်သဘောထားနှင့် လုပ်ဆောင်ဖွယ်ရာ ရှေ့လုပ်ငန်းစဉ်များအား ပွင့်ပွင့်လင်းလင်း ….။ ရဲရဲတင်းတင်း ….၊ ဖြောင့်ဖြောင့်မတ်မတ် …. နှင့်ပင် ဆွေးနွေးကြ၏။ ၁/၉၀ အား စောင်းငဲ့၍မျှ မကြည့်ကြ။

၂ ရက်ကြာ ဆွေးနွေးခဲ့ပြပြီးသည့်နောက် …. အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အမည်နှင့်ပင် “ဂန္ဒီခန်းမ ကြေညာစာတမ်း” အား ထုတ်ပြန်၏။ ဂန္ဒီခန်းမ ကြေညာစာတမ်း၏ အရေးကြီးသည့် အချက်တို့အား ကောက်နုတ်ကြည့်ပါက ….

“ယနေ့ ပြည်သူတို့ ရင်ဆိုင်နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသော အကျပ်အတည်းများသည် ပြည်သူတို့က ယုံကြည်ကိုးစားစွာ ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသော ပြည်သူ့လွှတ်တော်ကသာ ဦးဆောင်၍ ပြည်သူ့ဆန္ဒနှင့်အညီ ဖြေရှင်းအပ်ပေသည်။

သို့ဖြစ်ရာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၂ ၊ ပုဒ်မ ၃ ၌ ပြဋ္ဌာန်းထားသော … လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည် ….. ဟူသော ပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူ့လွှတ်တော်ကို အမြန်ဆုံး ခေါ်ယူဖွဲ့စည်းပေးရန် အရေးတကြီး လိုအပ်နေပေသည်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁ ၊ ပုဒ်မ ၂ (က) တွင် …. လွှတ်တော်ဆိုသည်မှာ ပြည်သူ့လွှတ်တော်ကို ဆိုသည်ဟု ပြဋ္ဌာန်းထားချက်အရ ယခုပေါ်ပေါက်လာမည့် ပြည်သူ့လွှတ်တော်သည် တိုင်းပြုပြည်ပြု လွှတ်တော်မဟုတ်ကြောင်းကိုလည်း ကျွန်ုပ်တို့ အလေးအနက် ခံယူထားပေသည်။

ဥပဒေနှင့်အညီ ဖြစ်အပ်သော အာဏာ (သို့တည်းမဟုတ်) ဥပဒေနှင့်အညီ ဖြစ်အပ်သော အာဏာလွှဲပြောင်းရေး ကိစ္စတို့နှင့် ပတ်သက်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အသင့်ရေးဆွဲထားရှိပြီးဖြစ်ကြောင်း သိရှိရ၍ ကျွန်ုပ်တို့က ကြိုဆိုပေသည်။

အဆိုပါ ၁၉၉၀ ပြည့်နှစ်၊ ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း) ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အခြားအဖွဲ့အစည်း အသီးသီးနှင့် ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်ကိုလည်း ကျွန်ုပ်တို့က ထောက်ခံပေသည်။

ဤယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအားဖြင့် ဥပဒေနှင့်အညီ အာဏာလွှဲပြောင်းရေးကို ဖြစ်မြောက်အပ်သည်ဟု ကျွန်ုပ်တို့က တညီတညွှတ်တည်း ယူဆကြပေသည်”

“ပြည်သူ့ကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးရန် တောင်းဆိုပိုင်ခွင့်မှာ ပြည်သူလူထု၏ အခြေခံမူအကျဆုံးသော တရားဝင် ပိုင်ခွင့်တရပ် ဖြစ်ပေသည်။

သို့ဖြစ်ရကား ပြည်သူလူထုကြီး၏ ဆန္ဒနှင့်အညီ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၂ ၊ ပုဒ်မ (၃) အရလည်းကောင်း၊ ဒီမိုကရေစီစနစ်၏ အနှစ်သာရများအရလည်းကောင်း၊ နိုင်ငံတကာ ကျင့်ထုံးကျင့်နည်းများနှင့် လျော်ညီစွာလည်းကောင်း၊ ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြကုန်သော ကျွန်ုပ်တို့က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အား ဤနေ့ဤရက်မှစ၍ တညီတညွှတ်တည်း တောင်းဆိုလိုက်ပြီဖြစ်ကြောင်း ကြေညာအပ်ပေသည်။”

ပြီးလျှင် …. ဂန္ဒီကြေညာစာတမ်းက …. တွေ့ဆုံဆွေးနွေး အဖြေရှာရေးကိုလည်း …. လမ်းဖွင့်၏။ အဖွဲ့ချုပ်က …. တွေ့ဆုံဆွေးနွေးရေး တံခါးအား ဖွင့်ကာ ကြိုဆို၏။

“လောလောဆယ်ဆယ် အခြေအနေအရ ကျွန်ုပ်တို့နိုင်ငံတွင် တပါတီစနစ်မှ ပါတီစုံ ဒီိမိုကရေစီစနစ်သို့ ကူးပြောင်းရမည်ဖြစ်သဖြင့် ဖြေရှင်းဆောင်ရွက်ကြရမည့် အကျပ်အတည်း၊ အခက်အခဲ ပြဿနာများရှိမည်ကို ကျွန်ုပ်တို့ ကောင်းစွာ သတိမူမိကြပေသည်။ ယင်းပြဿနာများ၊ အခက်အခဲ အကျပ်အတည်းများကိုလည်း ဒီမိုကရေစီ အခြေခံတရားများကို မထိပါးမပျက်ယွင်းစေဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့တို့သည် တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေး ဦးတည်ချက်ဖြင့် တွေ့ဆုံဆွေးနွေးမှု အဖြေရှာခြင်းအားဖြင့် မုချဖြေရှင်းနိုင်ရမည်ဟု ကျွန်ုပ်တို့ မျှော်လင့်ကြပေသည်။ ယင်းသို့ တွေ့ဆုံရာတွင် …..

၁။ ပွင့်လင်းရိုးသားမှုနှင့် အပြန်အလှန် လေးစားလိုက်နာရေးမူ
၂။ တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေးမူ
၃။ ငြိမ်းချမ်းချောမွေ့သော နည်းကို အသုံးချရေးမူ
၎။ အာဃာတကင်းစင်သော အထွေထွေသဟဇာတဖြစ်မှုကို ရှေးရှုရေးမူ စသည့်တို့ကို ကိုင်ဆွဲရမည်ဟုလည်း ကျွန်ုပ်တို့ ခံယူပေသည်။

(၁၂ဝ)
ရွေးကောက်ပွဲလွန် မြန်မာ့နိုင်ငံရေး အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်သည် လှိုင်းတိုလေဒီယိုမှ တဆင့်သာ သိရ …. ကြားရ၏။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဂန္ဒီခန်းမကြီးတွင် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့တို့ အစည်းဝေးကြီးတရပ် ပြုလုပ်မည်ကိုမူ ….. ဂန္ဒီညီလာခံကြီး မကျင်းပမီ တပတ်ခန့်ကတည်းက ဘီဘီစီ မြန်မာပိုင်းအစီအစဉ်၏ သတင်းကြေညာချက်တပုဒ်အရ သိထားခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲ ပြီးစီးခဲ့သည်က …. ရက်ပေါင်း ၆၀ အတွင်းသို့ပင် ဝင်ရောက်ခဲ့ပြီ။ နဝတ စစ်အုပ်စုက ရွေးကောက်ပွဲ ပြီးသည့်နောက်တွင် လုပ်ဆောင်မည့် လုပ်ငန်းစဉ်နှင့် သဘောထားအား မည်သို့မျှ မဖော်ပြသေး….။ ရေငုံ၍နေ၏။ နှုတ်ပိတ်၍ထား၏။

လွှတ်တော်ခေါ်ယူရေး ….။
အာဏာလွှဲပြောင်းရေး ….။
အစီအမံတို့အား မည်သို့မျှ ထုတ်ဖော်မပြော။ ရွေးကောက်ပွဲမတိုင်မီ ပြောခဲ့သည့် စစ်ခေါင်းဆောင်များ၏ ပြောကြားခဲ့သည့် မိန့်ခွန်းများမှ သဘောထားအတိုင်းပင်လား ….။

သို့တည်းမဟုတ် …. အစီအစဉ်အသစ်အတွက် ရွှေဥာဏ်တော် ထုတ်နေကြဆဲဖြစ်၍ …. ဆိတ်ဆိတ်ငြိမ်နေခြင်းလား ….။

၄၄ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် အာဏာသိမ်းစစ်ခေါင်းဆောင်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ဗိုလ်ချုပ်ကြီးစောမောင် ပြောကြားခဲ့သည့် မိန့်ခွန်းထဲမှ ရွေးကောက်ပွဲအလွန် အခြေအနေအား ညွှန်းဆိုခဲ့သည့် စကားအချို့အား သတိရမိပြန်၏။

“ရွေးကောက်ပွဲတွေပြီးရင် လိုအပ်တာတွေ ဆောင်ရွက်ပြီးတဲ့နောက် ပြည်သူဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ် ပေါ်ပေါက်လာမှာ ဖြစ်တယ်။ အဲဒီအစိုးရအသစ်အနေနဲ့ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ဖော်ဆောင်သွား နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်။ တို့တပ်မတော်သားတွေ အဖို့ကတော့ စစ်တန်းလျားကို ပြန်သွားပြီး တို့ရဲ့ မူလတာဝန်ကြီးတွေကို ဦးလည်မသုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမှာ ဖြစ်တယ်” ပြီးလျှင် …

သူမအား နေအိမ်အကျယ်ချုပ်နှင့် ယခုကဲ့သို့ ထိန်းသိမ်းလိုက်ခြင်းမပြုမီ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ….. နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင် ပြောခဲ့သည့် မိန့်ခွန်းစကားအား ပြန်၍ ဒေါ်အောင်ဆန်းစုကြည် အမှတ်ရ၏။

“…… ရွေးကောက်ပွဲပြီးရင် …. ကျနော် လွှတ်တော်ကို တင်ပြမယ်။ ကျနော့်မှာ တာဝန်ရှိတယ်။ ကျနော် အာဏာကို ဥပဒေနဲ့အညီ လွှဲမယ်။ (Majority Vote Government Form Up) လုပ်နိုင်ရင် လွှဲပေါ့ဗျာ။ ကျနော် သဘောတူပါတယ်။ Constitution အသစ်ဆွဲချင်သလား၊ ဆွဲလို့လည်း ကျနော်တို့ ပြောတယ်။ ကျနော် ဘာငြင်းစရာ ရှိသလဲဗျာ။ ဘယ် Constitution ကို ယူမလဲ။ ဘယ်ဟာကို Recognize လုပ်မလဲ။ Amendment လုပ်မလား။ ဒါတွေကတော့ ပါတီတွေ စဉ်းစားရမယ့် ကိစ္စဗျ ….။”

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမောင် ယမန်နှစ်က ပြောခဲ့သည့် စကားနှင့် ယခု … ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက် ၁/၉၀ က …… တလမ်းစီ …. လမ်းလွဲ၍နေပြီဟု ဒေါ်အောင်ဆန်းစုကြည် ထင်မိ၏။ နဝတ က ရှေ့စကားနှင့် နောက်ကြေညာချက် … မညီ၊ ဖြစ်၍နေလေပြီ။

၁/၉၀ ၏ အပိုဒ် ၂၀ နှင့် ၂၁ တို့တွင်က …..
“ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်။နိုင်ငံတော် အာဏာရယူရေးအတွက် ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်ခံမည် မဟုတ်သည့်အပြင် ထိုသို့ဆောင်ရွက်ပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း” ဟူ၍ ပါရှိပြီး ….

ဗိုလ်ချုပ်ကြီးစောမောင်ကမူ …

“ဘယ် Constitution ကို ယူမလဲ။ နိုင်ငံတခုရှိရင် အစိုးရတခု ရှိရမယ်။ သူ့မှာ အခြေခံ Constitution ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိရမယ်။ ဘယ်ဟာကို recognize လုပ်မလဲ။ amendment လုပ်မလား။ ဘာညာ။ ဒါတွေကတော့ ပါတီတွေ စဉ်းစားရမယ့်ကိစ္စဗျ ……”

ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်မိ၏။ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အောင်မြင်မှုက စစ်အုပ်စုအတွက် လုံးဝ မမျှော်လင့်ထားသည့် ရလဒ်ဖြစ်နေ၏။ ဤတွင် စစ်ခေါင်းဆောင်တို့ အရင်စကားကို မေ့ပစ်ပြီး ….. ၁/၉၀ အား ထုတ်လိုက်ကြခြင်း ဖြစ်သည်။ ၁/၉၀က …. စစ်အုပ်စုအတွက် … နောက်ထပ်သော “ဂျော့ခ်ျအိုဝဲလ်” ၏ ခေါင်းစဉ်လှလှတခုပင် …..။

(၁၂၁)
ဂန္ဒီကြေညာစာတမ်းအား မြန်မာပိုင်း အသံလွှင့်ချက်များမှတဆင့် ဒေါ်အောင်ဆန်းစုကြည် ကြားသိရ၏။
ဂန္ဒီကြေညာချက်အရ …. အဖွဲ့ချုပ်၏ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များအား တွေ့ရ၏။

“ဥပဒေနှင့်အညီ ဖြစ်အပ်သော အာဏာလွှဲပြောင်းရေးကိစ္စတို့နှင့် ပတ်သက်ပြီး အဖွဲ့ချုပ်မှ ၁၉၉ဝ ခုနှစ် ယာယီဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အား ရေးဆွဲထားပြီးဖြစ်၏။ ရေးဆွဲပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ယာယီ (မူကြမ်း) အား အခြား၊ အခြားသော တိုင်းရင်းသား နိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးညှိနှိုင်းမှုများ၊ ပြင်ဆင်မှုများ ပြုလုပ်မည်။ ပြီးလျှင်မူ …. ဥပဒေကြောင်းအရ …. ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်အား တက်လှမ်းမည် …..”

“ဤအတွက် …. အာဏာသိမ်းစစ်အုပ်စုအား …. ၁၉၉၀ ခုနှစ် စက်တင်ဘာလအတွင်း နောက်ဆုံးထား၍ လွှတ်တော်အား ရွေးကောက်ပွဲဥပဒေ အခန်း ၂ ၊ ပုဒ်မ - ၃ နှင့်အညီ ခေါ်ပေးရန် တောင်းဆိုထား၏”

ပြီးလျှင် …. စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးရေး လမ်းကိုလည်း ဖွင့်ထား၏။ ကမ်းလှမ်းထား၏။ တွေ့ဆုံဆွေးနွေးရာတွင် ထားရှိအပ်သော အဖွဲ့ချုပ်၏ မူများကိုလည်း ဒေါ်အောင်ဆန်းစုကြည် သဘောကျနှစ်သက်၏။

- ပွင့်လင်းရိုးသားမှုနှင့် အပြန်အလှန် လေးစားလိုက်နာရေးမူ
- တမျိုးသားလုံး ပြန်လည်သင့်မြတ်ရေးမူ
- ငြိမ်းချမ်းချောမွေ့သော နည်းကို အသုံးချရေးမူ
- အာဃာတကင်းစင်သော အထွေထွေ သဟဇာတဖြစ်မှုကို ရှေးရှုရေးမူ ….။

ကိုးကား …..

- နွေဦးအိုးဝေ ဂျာနယ်များ
- ရွှေခမောက် ဂျာနယ်များ
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက မြန်မာပြည်
- ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- ၄၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားတွင် ပြောကြားသည့် ဗိုလ်ချုပ်ကြီးစောမောင်၏ မိန့်ခွန်း
- ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ပြုလုပ်သည့် ဗိုလ်ချုပ်ကြီးစောမောင်၏ သတင်းစာရှင်းလင်းပွဲ
- ဦးခင်ကျော်ဟန်၏ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မှတ်တမ်း
- ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းတည်ထောင်ခြင်း ၁ဝ နှစ်မြောက် အထိမ်းအမှတ် စာစောင်
- နဝတ၏ ကြေညာချက်အမှတ် ၁/၉ဝ
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဂန္ဒီခမ်းမ ကြေညာစာတမ်း
- အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည့် ယာယီဥက္ကဋ္ဌ ဦးကြည်မောင်၏ မိန့်ခွန်း


ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၃

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၂

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃၁

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၃ဝ

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၉

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၈

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၇

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ- အပိုင်း - ၂၆

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၅

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၄

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၃

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၂)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၁)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၂၀)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၉)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၈)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၇)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၆)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၅)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၄)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၃)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၂)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၁)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ - (အပိုင်း ၁၀)

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၉)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၈)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ …" အပိုင်း (၇)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၆)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၅)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၄)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၃)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း (၂)

“ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ...” အပိုင်း(၁)