စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့ထံပေးစာ > မဲဆန္ဒကို ဘယ်လို လှည့်စားနိုင်သလဲ

မဲဆန္ဒကို ဘယ်လို လှည့်စားနိုင်သလဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သို့

အယ်ဒီတာ

ကျနော်က ဦးဘိုဘိုကျော်ငြိမ်းရဲ့ '၂၀၁၀ ရွေးကောက်ပွဲနှင့် ကျနော့်အမြင်' ဆောင်းပါးကို ဖတ်ပြီး သိပ်သဘောကျပါတယ်။ တွေးခေါ်မြော်မြင်သုံးသပ်တာတွေ အကွက်ကျကျနဲ့ ထိထိမိမိ ရှိလှပါတယ်။

အခွင့်အရေးပေါ်ခိုက် ရအောင်ယူတတ်ရမယ်၊  ယူတတ်တဲ့ ခေါင်းဆောင်ဟာ အောင်မြင်မှုရမယ်၊ မယူတတ်ရင် ရွာလည်သွားနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး  စစ်ဗိုလ်ချုပ်ကြီးတွေဟာ အခွင့်အရေးမပေါ်ရင် ပေါ်အောင် ဖန်တီးရာမှာ ပိပိရိရိ၊ သေသေသပ်သပ်နဲ့ ဖန်တီးတတ်ပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်ပြီး နားမလည်ပေမယ့် ကျနော်ထင်တာပြောရရင် ဒေါ်အောင်ဆန်းစုကြည်သာ တကယ်ဝင်ပြိုင်ရင်၊ ဝင်ပြိုင်ခွင့်ရရင် နိုင်မှာသေချာပါတယ်။ မဲပေးတာနဲ့ ပတ်သက်လို့ လှည့်စားမှုတွေ မရှိဖို့အတွက် နိုင်ငံတကာ ကြီးကြပ်မှုမျိုး ရှိမယ်ဆိုရင်ပေါ့။

ကျနော့်အနေနဲ့ ရွေးကောက်ပွဲ အတွေ့အကြုံမရှိတော့မယ့် လှည့်စားမှုပုံစံကို မသိဘူး။ ဒါပေမဲ့ ၂ဝဝ၈ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲရဲ့ စစ်တပ်မဲလိမ်ပုံလေးကိုတော့ ဦးအနေနဲ့ အသုံးဝင်လိုဝင်ညား လက်ဆောင်ပါးလိုက်ပါရစေ။

ဆန္ဒခံယူပွဲမတိုင်မီ ၂ လ အလိုလောက်မှာ တပ်တွေမှာရှိတဲ့ မဲပေးမယ့် အမည်စာရင်းတွေ ကောက်ပါတယ်။ ကောက်ပုံက ဒီလိုပါ။

၁။ စစ်သည် မဲဆန္ဒရှင် (တပ်ရင်းမှူးမှ တပ်သားအဆင့်ထိ)
၂။ မှီခိုသူ မဲဆန္ဒရှင် (က) (မဲပေးမည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်မည့်သူနှင့် အထက်စစ်သည် သား/သ္မီးများ)
၃။ မှီခိုသူ မဲဆန္ဒရှင် (ခ) (တပ်ရင်းမှူးမှ တပ်သားအဆင့်ထိ စစ်သည် ဇနီးမယားများ)
၎။ မှီခိုသူ မဲဆန္ဒရှင် (ဂ) (စစ်သည်နှင့်အတူနေ ညီ/ ညီမ၊ ခယ်မ/ ယောက်ဖ၊ မိဘ/ ယောက္ခမ)

အထက်ပါ စာရင်းများ ပြုစုပြီးပါက တပ်ရင်းမှူး (သို့) တပ်ရင်း ကျန်အဆင့်အမြင့်ဆုံး အရာရှိဟာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေမှာ ကိုယ်တိုင်သွားရောက် စာရင်းပေးသွင်းရပါတယ်။

တိုင်းစစ်ဌာနချုပ် (သို့) တပ်မဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးပွဲမှာ အထက်ပါ မဲစာရင်းအားလုံး ထောက်ခံမဲ ဖြစ်ရမယ်။ ကန့်ကွက်မဲ လုံးဝ (လုံးဝ) မရှိစေရ။ ဒါဟာ နိုင်ငံတော်တခုလုံးနဲ့ ဆိုင်တဲ့အတွက် ဒီသတင်းပေါက်ကြားပြီး ဆန္ဒခံယူပွဲ ပျက်ခဲ့ရင် ရာထူးပြုတ်တဲ့အပြင် ထောင်ပါ တသက်တကျွန်း ကျနိုင်တယ်ဆိုပြီး အပြတ် ခြိမ်းခြောက်ထားပါတယ်။

မဲပေးရာမှာ နိုင်ငံသား စိစစ်ရေးကဒ်ရှိမှ ပေးနိုင်တာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ လဝက အဖွဲ့တွေကို တပ်တွေမှာ အရေးပေါ် နိုင်ငံသား စိစစ်ရေးကဒ်များ ပြုလုပ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

မဲလိမ်တာနဲ့ ပတ်သက်လို့ ရယက ဥက္ကဋ္ဌနဲ့ မဲရုံမှူးတွေဟာ တပ်လူတွေပါ မဲပုံးဖွင့်ပြီး မဲရေတွက်တဲ့အခါ ကန့်ကွက်မဲတွေ့ရင် လက်မနဲ့ မသိမသာတွန်းလိုက်၊ ပြဲသွားရင် မဲအင်္ဂါရပ်နဲ့ မညီတဲ့အတွက် ပယ်မဲပါ။ မဲခိုးနည်း၊ လိမ်နည်းတွေကို အစည်းအဝေးမှာ လက်တန်းထိုးပို့ချပါတယ်။ ဒီလိုနဲ့ ကန့်ကွက်မဲအားလုံးကို ပယ်မဲလုပ်ခဲ့ကြပါတယ်။ တပ်မှာတော့ လူ ၇၀၀ ရှိရင် မဲ ၁၀၀၀ ထုတ်ယူပါတယ်။

မဲဆန္ဒရှင် ၇၀၀ အတွက် ထောက်ခံမဲ ၇၀၀ ကို တပ်ရင်းမှူးက အာမခံပြီး တပ်ရေးဗိုလ်ကြီးက အားလုံးအတွက် ဒိုင်ခံပြီး ထောက်ခံမဲ ပေးခဲ့ရပါတယ်။ ကျန်တဲ့ မဲ ၃၀၀ ကိုတော့ လူရှေ့သူရှေ့မှာ ဟန်ပြမဲပေးခဲ့ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အထက်ဌာနကို ဓာတ်ပုံတွေ ပေးပို့ရပါတယ်။

အစတုန်းကတော့ တပ်မတော်သားတွေကို အရပ်ဝတ်နဲ့ နီးစပ်ရာ မဲရုံတွေမှာ မဲပေးစေဖို့ပါ။  ဒါပေမဲ့ အရပ်သားတွေနဲ့ တရုန်းရုန်း ဖြစ်မှာစိုးတာရယ်၊ တပ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ ပေါက်ကြားမှာ စိုးတာရယ်ကြောင့် တပ်တွင်းမှာပဲ မဲရုံတွေကို သီးခြားထားရှိစေခဲ့ပါတယ်။ တပ်တွေက မဲဆန္ဒရှင် အရေအတွက် ၅၀၀ စာရင်းပေးထားရင် အမှန်တကယ်ရှိတဲ့ အရေအတွက်က ၅၀၀ မပြည့်ပါဘူး။

တပ်ပြေးနဲ့ တပ်မှာ စာရင်းရှိပြီး အမှန်တကယ် မနေတဲ့သူက ၁၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ တပ်မတော်ရဲ့ မဲပေးမှုကို ထိမ်ဝှက်ထားခြင်း ရှိ/မရှိ မသိပေမယ့် တပ်မှာရှိတဲ့ မဲဆန္ဒရှင် အရေအတွက် အားလုံးကိုတော့ ထောက်ခံမဲအနေနဲ့ ရယူခဲ့ကြပါတယ်။ တပ်မတော်တရပ်လုံး အတိုင်းအတာနဲ့ ရယူခဲ့တဲ့ ထောက်ခံမဲ အတိုင်းအတာကို ခန့်မှန်းနိုင်စေဖို့ပါ။

ရေးမြို့နယ် တခုတည်းမှာတင် လူထုကန့်ကွက်မဲ ၇၅ ရာခိုင်နှုန်း ရှိတယ်လို့ တိုးတိုးတိတ်တိတ် သိရပါတယ်။ တပ် ၁ဝ တပ်လောက်ရှိတဲ့ ထောက်ခံမဲရယ်၊ ကန့်ကွက်မဲဟူသမျှ ပယ်မဲလုပ်ကြဆိုတဲ့ နည်းဗျူဟာတွေရယ်ကြောင့် တမျိုးတဖုံ ခြားနားတဲ့ အဖြေတွေကို ဖန်တီးနိုင်ခဲ့တာပါ။

စစ်နည်းဗျူဟာအရ တိုက်စစ်ဖြစ်ဖြစ်၊ ခံစစ်ဖြစ်ဖြစ် အခြေအနေ ဖန်တီးနိုင်ခွင့် အသာရသူဘက်မှာ အနိုင်ရှိတတ်ပါတယ်။ နိုင်ငံရေးမှာ အခြေအနေ ဖန်တီးပိုင်ခွင့် များများလိုချင်ရင် အာဏာကို အရင်ရအောင်ယူဖို့ လိုပါလိမ့်မယ်။ အာဏာရဖို့က ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့ နည်းက သေချာပါတယ်။

မင်းလွင်