ဆေးတက္ကသိုလ်များ၏ Debar စာရင်းများ (စာမေးပွဲဖြေဆိုခွင့် ပိတ်ပင်ပြီး၊ တနှစ်ကျအဖြစ် သတ်မှတ်သည့် စာရင်း) သည် ယခုလ ၂၃ ရက်နေ့တွင် ထွက်ရှိလာပါသည်။
အတန်းအသီးသီးတွင် ကျောင်းသား/သူ ဆယ်ဂဏန်းခန့်သာ ရှိသော်လည်း ရန်ကုန် ဆေးတက္ကသိုလ် (၁) တွင် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) မှ ကျောင်းသား/သူ ၅၁ ဦး၊ ဆေးတက္ကသိုလ် (၂) မှ ၅၈ ဦး၊ ဆေးတက္ကသိုလ် (မန်း) မှ ၆၅ ဦး၊ ဆေး (မကွေး) မှ ၄၀ ဦးခန့် - စုစုပေါင်း ၂၀၀ ကျော် ဖြေဆိုခွင့် မရကြပါ။
ပြီးခဲ့သည့်နှစ်က ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ (ပ) နှစ်နှင့် (ဒု) နှစ် Debar စာရင်းတွင် ကျောင်းသား/သူ ၁၀၀ ခန့်စီ ထုတ်ပြန်ရာ လူကြီး သား/သမီးများ ပါဝင်နေသဖြင့် စာရင်းကို ပြန်လည် ပြင်ဆင်ပေးရပြီး၊ ပါမောက္ခချုပ် အငြိမ်းစား ယူလိုက်ရပါသည်။
ယခု နောက်ဆုံးနှစ် အပိုင်း (ခ) Debar စာရင်းကို ထုတ်ပြန်ရာ လူကြီး သား/သမီးများ (ကျန်းမာရေး ဒုဝန်ကြီးသမီး၏ ကျောင်းခေါ်ချိန်ကို အနိမ့်ဆုံးသတ်မှတ်) ချန်လှပ်၍ ထုတ်ပြန်ခဲ့ပြီး၊ ပါဝင်နေသည့် ကျောင်းသား/သူများကို တစုံတရာ သတိပေးခြင်း မရှိပါ။
ကျောင်းခေါ်ချိန် တခုတည်းကိုသာ ကြည့်ပြီး၊ ကျောင်းသား/သူများ၏ အကျင့်စာရိတ္တ၊ ကြိုးစားအားထုတ်မှု၊ စာမေးပွဲ ရမှတ်များနှင့် (ပ) နှစ်မှ နောက်ဆုံးနှစ်အထိ မှတ်တမ်းကို ထည့်သွင်းမစဉ်းစားဘဲ ပြုလုပ်ခဲ့ပါသည်။
ထို့ကြောင့် ဆရာဝန်ဖြစ်ရန် လပိုင်းသာလိုတော့သည့် ကျောင်းသားကျောင်းသူနှင့် မိဘများ ယူကြုံးမရ ပူဆွေးသောက ရောက်နေရပါသည်။
ကျောင်းခေါ်ချိန်တခုတည်းဟုသာ ဆိုသော်လည်း အဆိုပါ ကျောင်းသား/သူများနှင့် ကျောင်းတက်လျှင် အတူတူ၊ မတက်လျှင်လည်း အတူတူ ကျောင်းသား/သူများမှာ ယင်းစာရင်းတွင် မပါဝင်သဖြင့် ကျောင်းခေါ်ချိန်စာရင်း မည်သို့မည်ပုံ ပြုစုသည်ကို စဉ်းစားမရ ဖြစ်နေကြပါသည်။
ပို၍ဆိုးရွားသည်မှာ ယင်းစာရင်းကို မကျေနပ်သည့် ကျောင်းသား/သူများအနေဖြင့် အထက်သို့ ပြင်ဆင်ရန် တိုင်ကြားပါက ကျောင်းထုတ်ခံရနိုင်ကြောင်း ပါမောက္ခချုပ်က ခြိမ်းခြောက်ခြင်း ဖြစ်သည်။ ပါဝင်သော သူများမှာလည်း သာမန်အရပ်သားများ၏ သားသမီးများ ဖြစ်သောကြောင့် ကျောင်းသား/သူများနှင့် မိဘများသည် အားကိုးရာမဲ့နေပြီး အလွန့်အလွန်ပင် ပူဆွေးသောက ရောက်နေရပါသည်။
ပြီးခဲ့သည့်နှစ်က နောက်ဆုံးနှစ် အပိုင်း (ခ) Debar စာရင်းတွင် ကျောင်းသား/သူ ၁၀ ဦးခန့်သာ ရှိပါသည်။ နှစ်စဉ်လည်း ၁၀ ဦးခန့်သာရှိပြီး၊ ထိုသူများမှာ ဖြေဆိုခွင့်ရလျှင်လည်း ကျမည့်သူများကိုသာ စိစစ်ထုတ်ပြန်လေ့ရှိသည်။
ယခု နောက်ဆုံးနှစ် အပိုင်း (ခ) စာမေးပွဲကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ဖြေဆိုရမည် ဖြစ်ပါသည်။
ကျောင်းသားမိဘတဦး






