၂ဝ၁ဝ ခုနှစ် ကမ္ဘာ့ဖလားဘောပွဲ မစတင်မီ ပရိသတ်ကြီးကို နယ်လ်ဆင်မင်ဒဲလားနှင့် မိတ်ဆက် ပေးလိုက်သောအခါ ခတ္တမန်ဒူမြို့လယ်ခေါင်တွင် စုရုံးရောက်ရှိနေသော လူအုပ်ကြီးက တခဲနက် သြဘာပေးလိုက်ကြသည်။ နိုင်ငံရေးအရ သွက်ချာပါဒလိုက်နေသော အပြစ်ရှိသူများ အပြစ်ပေးမခံရသေးသော အခြေအနေများနှင့် ရင်ဆိုင်နေရဆဲမှာပင် ထိုသို့တုံ့ပြန်လိုက်ကြခြင်း ဖြစ်သည်။
ယင်းသည် နှစ်သက်ဖွယ် မြည်ဟိန်းနေသော အနုမာန အယူအဆတခုပင် ဖြစ်သည်။ သို့သော် လူ့အဖွဲ့အစည်းတခုအတွင်း လိုအပ်နေသော ပြုပြင်ပြောင်းလဲမှုများကို အရင်လုပ်ရမည်ဟူသော အယူအဆ အတိအကျမှန်ကန်ကြောင်း သက်သေပြရန်မူ လိုပါသေးသည်။
ပဋိပက္ခများနှင့် ပြည့်နှက်နေသော ဟွန်ဒူရပ်စ်လို နိုင်ငံမျိုး၌ပင်လျှင် ဘောလုံးပွဲက တိုင်းပြည်၏ ဒဏ်ရာအနာတရများကို ခဏပဲဖြစ်ဖြစ် မေ့ပျောက်နိုင်စွမ်းရှိစေသည်ဟု ပြောဆိုကြသည်။ သို့သော် မဟုတ်ပါ။ တိုင်းပြည်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် တနည်းအားဖြင့် မြောက်ကိုရီးယား နိုင်ငံတွင်း ဘာတွေ ဖြစ်ပျက်နေသည်ကို ပြသနိုင်သည့် ဘောလုံးပွဲတပွဲကို ကျနော်တို့ ကြည့်ခဲ့ရသည်။ ပေါ်တူဂီက ၇ ဂိုးပြတ်သွင်းပြီး အနိုင်ယူသွားသည်ကို တွေ့ခဲ့ရသည်။ ယင်းကို ခေါင်းဆောင်ကြီး ကင်ဂျုံအီး နှစ်လိုလိမ့်မည် မဟုတ်ပါ။
ယခုအခါ မြန်မာဘောလုံးအဖွဲ့ချုပ်ကလည်း လာမည့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေးအတွက် ကြိုးပမ်းနေသည်။ ထိုသို့ ကျင်းပခွင့်ပေးရန် ရွေးချယ်လိုက်ပါက အပယ်ခံနိုင်ငံနှင့် ထိုနိုင်ငံ၏ ခေါင်းဆောင်ကြီးများကို နောက်ထပ် တရားဝင်အသိအမှတ်ပြုရာ ရောက်ပါလိမ့်မည်။
ထိုဘောလုံးပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံများမှာ မြန်မာနိုင်ငံလိုပင် ပြဿနာများသည့် နိုင်ငံများပင် ဖြစ်သည်။ ကာဂစ်စတန်က Dordoi-Dynamo ၊ တာ့မေနီစတန်မှ HTTU Ashgabat Vaksh ၊ တာဂျစ်ကစ်စတန်မှ Qurghonteppa တို့ ပါဝင်ယှဉ်ပြိုင်ကစားကြလိမ့်မည်။ ကာဂစ်အသင်းဆိုလျှင် နိုင်ငံတွင်း ကာဂစ်-ဥဇဘက် လူမျိုးရေးပဋိပက္ခများ အပြင်းအထန် တောက်လောင်ပြီး လူပေါင်း သောင်းနှင့်ချီပြီး မိမိတို့ အိုးအိမ်များ စွန့်ခွါထွက်ပြေးနေရချိန်တွင် မြန်မာနိုင်ငံသို့ ဘောလုံးကစားရန် လာရောက်ရမည်။ တာ့က်မေနစ်စတန်ဆိုလျှင်လည်း သူ့ဘာသာ ရာသက်ပန်ခေါင်းဆောင်ကြီးအဖြစ် တင်မြှောက်ထားသော ခေါင်းဆောင်ကြီး Sapamurat Niyazov ၂ဝဝ၆ ခုနှစ်ထဲတွင် သေဆုံးသွားခဲ့သော်လည်း ဤဆင်းရဲမွဲတေစုတ်ပြတ်နေသော အလယ်အာရှနိုင်ငံမှ ပြည်သူများအတွက်မူ တစုံတရာ ထူးခြားမလာသေးပါ။
မှန်ပါသည်။ ယခုပွဲသည် ကလပ်သင်းပွဲတခုသာ ဖြစ်သည်။ ကမ္ဘာ့ဖလားကဲ့သို့ နိုင်ငံကိုယ်စားပြုအသင်းများ ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများဆိုသည်မှာ နိုင်ငံရေး ပွဲလမ်းများ ဖြစ်မြဲဖြစ်နေပါသေးသည်။ ထို့ကြောင့် အဆိုပါဘောလုံးပွဲကို အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့် ရမည်ဆိုပါက နိုင်ငံရေးအကျိုးအမြတ် တစုံတရာရမည်ဟု မြန်မာစစ်အစိုးရ အကဲဖြတ်ရှုမြင်သည်မှာ မှန်ပါသည်။
သို့သော် နိုင်ငံတကာ အားကစားပြိုင်ပွဲတရပ်ကို လက်ခံကျင်းပခြင်းသည် လူမှုနိုင်ငံရေးအရ ခေတ်မီတိုးတက်လာမှု၏ ပြယုဂ်ဖြစ်သည်ဆိုသည်မှာ တနည်းအားဖြင့် ထိုနိုင်ငံ၏ ကိုယ်စားလှယ်နှင့် ဖွဲ့စည်းပုံဥပဒေအရ အာဏာနှင်းအပ်ထားခြင်း ခံရသော အာဏာပိုင်အဖြစ် ပြည်တွင်းကရော နိုင်ငံတကာကပါ ချက်ချင်းလက်ငင်းသော်၎င်း၊ နှိုင်းယှဉ်ချက်အားဖြင့်သော်၎င်း လက်ခံခြင်း မည်ပါသည်။
ယခုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခြင်းဖြင့် စစ်အစိုးရအဖို့ နိုင်ငံတကာ၏ ထောက်ခံချီးမွမ်းမှုကို အနိမ့်ဆုံးအားဖြင့် လက်ခံရရှိနိုင်မည်။ သို့သော် တိုင်းပြည်၏ ပြဿနာများကိုမူ ဖြေရှင်းကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပါ။ တိုင်းပြည်၏ ခေါင်းဆောင်ကြီးများသည်လည်း အမျိုးသားရေးအရ အကြောက်ရောဂါကြီး ဆက်လက်စွဲကပ်မြဲ စွဲကပ်နေဦးမည်သာ ဖြစ်သည်။ မကြာသေးခင်က ကျင်းပခဲ့သော ဂျပန်-မြန်မာ လက်ဝှေ့ပြိုင်ပွဲတွင်လည်း အိမ်ရှင်မြန်မာအသင်းမှ အနည်းဆုံး တဦးစနှစ်ဦးစ အနိုင်ရအောင် လုပ်ပွဲများ ဖန်တီးခဲ့ရသေးသည်။
နေပြည်တော်ရှိ အစိုးရက မြန်မာပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ဒီမိုကရေစီ ခေတ်မီတိုးတက်ရေးများကို ရှေးရှုသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အတိုင်းအတာတခုအထိ အာမ မခံနိုင်သေးသရွေ့ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သော်လည်း နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရနိုင်လိမ့်မည် မဟုတ်ပါ။ ထိုသို့သော အသိအမှတ်ပြုမှုမျိုးကို နိုင်ငံသားတိုင်းက အဆင့်အတန်းတူညီစွာဖြင့် တခုတည်းသော တိုင်းပြည်၏ အနာဂတ်ကို တွေးခေါ်မျှော်မြင်ပြီး ဝင်ရောက်ဆင်နွှဲနိုင်သည့် အခါမှသာ ရရှိနိုင်လိမ့်မည်။
ပြဿနာပေါင်းစုံ ရှုပ်ထွေးနေချိန်တွင် ဘောလုံးပွဲ ကျင်းပခြင်းဆိုသည်မှာ ဝရုန်းသုန်းကား အခြေအနေတွင် ဘောလုံးပွဲ ကျင်းပခြင်းပင် ဖြစ်သည်။ စက်တင်ဘာလတွင် ကျင်းပမည့် AFC ဥက္ကဋ္ဌ ဖလားပွဲသည် မြန်မာနိုင်ငံတွင်း အတွင်းကျိတ်လှိုက်၍ ဖြစ်ပေါ်နေသော တိုင်းပြည်၏ ပြဿနာများကို အထောက်အထား အစုံအလင်ဖြင့် ငေးမောကြည့်ရှုနိုင်မည့် အခွင့်အလမ်းတရပ် ဖြစ်သည် ဆိုသည်မှာတော့ သံသယဖြစ်ဖွယ် မရှိပါ။







