(၁၇၃)
အမျိုးသား ညီလာခံကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဆက်လက်တတ်ရောက်ခြင်း မပြုဘဲ … တွေ့ဆုံ ဆွေးနွေးရေး ဖြစ်မြောက်သည်အထိ စောင့်ဆိုင်းနေခဲ့သည့် နောက်ပိုင်းတွင် …. စစ်အုပ်စုသည် အဖွဲ့ချုပ်ကို ထိုးနှက်တိုက်ခိုက်မှုများစွာနှင့် တုံ့ပြန်လာခဲ့၏။ မန္တလေးမှ … လူရွှင်တော် ဦးပါပါလေးနှင့် ၃ ဦးကို အဖွဲ့ချုပ်မှ ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြက်လုံးထုတ်မှုဖြင့် တရားစွဲ၏၊ ရုံးတင်၏။ ၁၉၉၆ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် စီရင်ချက်ချ၏။ စီရင်ချက်ချသည့် တရားရုံးသို့က …. ဦးပါပါလေးတို့၏ ဥပဒေအကျိုးဆောင်ရှေ့နေများပင် တက်ရောက်ခွင့် မရရှိခဲ့….။ နှစ်ရှည်ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်၏။ ပြီးလျှင် …. ထောင်အတွင်း အကျဉ်းချထားခြင်း ခံနေကြရသည့် ဦးဝင်းတင် (အတွင်းရေးမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့) ဒေါက်တာ ဇော်မြင့်မောင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမရပူရ မဲဆန္ဒနယ်အမှတ် - ၁)၊ ဒေါက်တာ မြင့်နိုင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကန့်ဘလူမြို့နယ် မဲဆန္ဒနယ်အမှတ် -၂) အပါအဝင် အခြား ၂၃ ဦးကို ‘အကျဉ်းထောင်များ အက်ဥပဒေ’ ကို ချိုးဖောက်သည်ဟု စွပ်စွဲ၍ … ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ ထောင်တွင်း၌ပင် ရုံးတင်စစ်ဆေးစေ၏။ ဥပဒေကြောင်းအရ လိုက်ပါ ဆောင်ရွက်ခွင့်များ မပေး….။ အကျိုးဆောင်ရှေ့နေများနှင့် ခုခံချေပခွင့်ကို အဖွဲ့ချုပ်က တောင်းဆိုသော်လည်း စစ်အုပ်စုက ခွင့်မပြု….။ သူသည်ပင် စွပ်စွဲ…။ သူသည်ပင် အမှုတည်ဆောက်…။ သူသည်ပင် ရုံးတင်…။ သူသည်ပင် တရားစီရင်ခြင်းတို့ကို လုပ်ဆောင်၍နေ၏။ ၁၉၉၆ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင်မူ …. ဦးဝင်းတင်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင်တို့ ၂၃ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ၍ ချမှတ်လိုက်၏။ ၅ နှစ်မှ ၁၂ နှစ်အထိ…။
ထိုမျှနှင့် မရပ်သေး ….။ အဖွဲ့ချုပ်အဖွဲ့ဝင်များဖြစ်သည့် …. ဦးစောလှိုင်၊ ဦးသိန်းထွန်း၊ ဦးမြင့်ကြွယ်၊ ဦးဝင်းနိုင် …. တို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြန်၏။ ဦးသိန်းထွန်း၊ ဦးမြင့်ကြွယ်၊ ဦးဝင်းနိုင်တို့က အင်းစိန်အဖွဲ့ချုပ်မှ မြို့နယ်ခေါင်းဆောင်များ ဖြစ်သည်။ သူတို့ကို ပုဒ်မ ၅ (ည) နှင့် အင်းစိန်မြို့နယ် တရားရုံးတွင်ပင် ပထမနေ့ရက်၌ ရုံးတင်၏။ ဒုတိယနေ့တွင်မူ ထောင်ဒဏ် ၇ နှစ် ချလိုက်၏။ ရှေ့နေမရှိ၊ ဥပဒေအရ ခုခံချေပခွင့်မရှိ…။ ၄၈ နာရီအတွင်း စီရင်ခြင်း….။ ဦးစောလှိုင်ကို တရားစီရင်ရာတွင်မူ …. တောင်ငူမြို့နယ် တရားရုံးသို့ပင်မတင်။ တောင်ငူမြို့နယ်အတွင်းရှိ ‘ကျွန်းကုန်း’ ရဲစခန်းအတွင်း၌ပင် စီရင်ပြီး ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်၏။
(၁၇၄)
အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း။၁၉၉၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်။
ရန်ကုန်၏ နွေလယ်နေ့ရက်များက ပူပြင်းခြောက်သွေ့စွာနှင့် ဖြတ်သန်းကျော်ဖြတ်လျက်…။ သင်္ကြန်မိုးက …. တဖြိုက်၊နှစ်ဖြိုက်မျှပင် မစွေ….။ ရွှေရည်လူးသည့် ပိတောက်ဝါတို့က နှစ်ကူးအတာသင်္ကြန်တွင် ဖူးပွင့်၍ ဝါဝါလွင်လွင် ဝေစီနိုင်ကြပါ့မည်လား….။
သင်္ကြန် အကျနေ့…။
စနေနေ့…။
အခါတွင်းဖြစ်သော်လည်း လူထုက …. ညနေ ၄းဝဝ နာရီထိုးလျှင် ….. ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ စုပြုံ၍ စုရုံးရောက်ရှိလာကြသည်ပင်….။ လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ၍ ဟောပြောရှင်းလင်းသည့် အစီအစဉ်က …. အပတ်စဉ် စနေ၊ တနင်္ဂနွေ ညနေခင်းတိုင်း အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း၌ မပျက်ကွက်ခဲ့….။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခဲ့ရာမှ ယနေ့ထိ တပတ်မျှ မပျက်ခဲ့….။ အပတ်စဉ်ပင် တွေ့၏။ လူထုက မေး၏။ ဒေါ်စုက ဖြေသည်။ ဒေါ်စုက ရှင်းလင်းပြောပြသည်။ လူထုက ထက်သန်စွာနှင့် နားထောင်၏။
လူထုသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ တက္ကသိုလ်ရိပ်သာလမ်းထက်တွင် ရောက်ရှိ၍ နေလေပြီ။ အချို့က …. သင်္ကြရေကြောင့် စိုစိုရွဲ၍နေသည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့ ခြံအဝတွင် ထွက်၍ မတ်တပ်ရပ်လိုက်သည်နှင့် လမ်းမထက်ရှိ လူထုသည် လက်ခုပ်များတီး၍ ကြိုဆိုကြ၏။ လက်ခုပ်သြဘာသံများက မစဲတော့….။ ဒေါ်အောင်ဆန်းစုကြည်က သြဘာသံများ စဲသွားသည်အထိ စောင့်ပြီး လူထုကြီးကို နှုတ်ဆက်၏။ ပြီးလျှင် …..
“ဒီနေ့တော့ ကျမ အရှေ့တိုင်းက မဟုတ်ဘဲ အနောက်တိုင်းက ဥပမာလေးတွေ ယူပြီးတော့ အနောက်တိုင်းရော အရှေ့တိုင်းရော ဘယ်မှာပဲမဆို တရားမျှတမှုမရှိတဲ့ စနစ်အောက်မှာဆိုရင် လူထုဟာ ဘယ်လိုလှုပ်ရှားရတယ်။ ဘယ်လိုရုန်းကန်ရတယ်၊ နောက်ပြီးတော့လည်း ဒီလိုရုန်းကန်းခြင်း၊ လှုပ်ရှားခြင်းအားဖြင့် မိမိတို့ လိုရာပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာကို ကျမပြောချင်ပါတယ်။ ချက်နိုင်ငံနဲ့ပတ်သက်လို့ ကျမပြောချင်ပါတယ်…”
ချက်နိုင်ငံဟူသည်က … ယခင်က ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ဖြစ်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီအထိ ချက်ကိုစလိုဗက်ကီးယားနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတခု ဖြစ်ခဲ့၏။ စစ်ပြီးသည့် နောက်တွင်မူ ….. ကွန်မြူနစ်နိုင်ငံ ဖြစ်လာခဲ့ပြီး လူထုသည် ကွန်မြူနစ် တပါတီအာဏာရှင်စနစ်အောက်၌ ပိတ်လှောင်၍ နေခဲ့ရသည်။ လူ့အခွင့်အရေးက ဆိတ်သုဉ်း…။ ဒီမိုကရေစီဟူသည်က နတ္တိ….။
ဤသို့နှင့် … ၁၉၇၇ ခုနှစ်တွင် ပညာရှင်များ ဦးဆောင်သည့် လူ့အခွင့်အရေးလှုပ်ရှားမှုများ စတင်ခဲ့၏။ လှုပ်ရှားသူများအတွင်း ယခုသမ္မတကြီး ဖြစ်နေသည့် ‘မစ္စတာ ဗားကလက်ဟာဗယ် (လ်) ’ သည်လည်း တတ်ကြွစွာနှင့် ရှေ့ဆုံးမှ ပါဝင်ခဲ့၏။ ဗားကလက်ဟာဗယ်(လ်)က ဒဿနိကဗေဒ ပညာရှင်တဦး၊ သူက ကွန်မြူနစ် အာဏာရှင်အစိုးရယန္တရားအတွင်း၌ ဝန်ထမ်းမလုပ်။ ပြဇာတ်ရေးဆရာ လုပ်၏။
နိုင်ငံရေးဆောင်းပါးများ ရေး၏။ သူကဲ့သို့ပင်…ပညာတတ်များက …. တက္ကသိုလ်၊ကောလိပ်များ၌ ဆရာများအဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်ကြပါလျက်နှင့် ကျောင်းဆရာများအဖြစ် အမှုမထမ်း …. အထက်က သင်ခိုင်းသည့်အတိုင်း သင်ကြားပေးရမည်ကို စိုးရွံ့ကြ၍ဟု ဆို၏။ မမှန်ကန်သည့် အတွေးအခေါ်များကို ကျောင်းသားလူငယ်လေးများ၏ ခေါင်းအတွင်းသို့ ထည့်မပေးနိုင်ကြ….။ ဤအတွက် အချို့က …. ပန်းရံအလုပ်သမားအဖြစ် လုပ်ကြ၏။ အချို့ကမူ ….. သန့်ရှင်းရေးလုပ်သားများအဖြစ် လုပ်ကြ၏။ ဤသို့ ခိုင်ခိုင်ကြည်ကြည်နှင့် ပညာတတ်တို့မှ အံတုခဲ့ကြသည်။
“အဲဒီလိုနည်းနဲ့ ချက်ကိုစလိုဗက်ကီးယားမှာဆိုရင် ပညာရှင်များဟာ ဒီလူ့အခွင့်အရေးလှုပ်ရှားမှုကို ရှင်သန်အောင် လုပ်ခဲ့တယ်။ အဲဒီလို ရှင်သန်အောင် လုပ်ခဲ့တာကြောင့်မို့လို့ အခုနောက်ပိုင်း ၁၉၈၉ ခုနှစ် ဒီမိုကရေစီရတဲ့ အခါကျတော့ ချက်ကိုစလိုဗက်ကီးယားဟာ အဲဒီနောက်ပိုင်းမှာ ချက်ရီပတ်ဘလစ်နိုင်ငံဟာ အရင်တုန်းက ကွန်မြူနစ် အာဏာရှင်နိုင်ငံကနေ … နေပြီးတော့ ဒီမိုကရေစီဘက် ကူးပြောင်းလာတဲ့ နိုင်ငံတွေထဲမှာ အတိုးတတ်ဆုံးနဲ့၊ အအောင်မြင်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ခေါင်းဆောင်တွေဟာ တစိုက်မတ်မတ် မှန်ကန်ရာဘက်ကို လိုက်ခဲ့တဲ့ ခေါင်းဆောင်တွေကိုး။ ဒါကြောင့်မို့လို့ ဒီမိုကရေစီရောက်တဲ့ အခါကျတော့လည်း ဒီမိုကရေစီကို မှန်မှန်ကန်ကန် ထိန်းသိမ်းသွားနိုင်တယ်”
ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုအောက်၌ လူထုကြီးသည့် ငြိမ်သက်စွာနှင့် နားထောင်၍နေကြသည်။
“ဒါပေမဲ့လည်း ချက်နိုင်ငံမှာလည်း ဒီမိုကရေစီ ရပြီးတဲ့အခါကျတော့ ပြဿနာတွေတော့ ပေါ်တာပဲ။ အဲဒီတော့ ပြဿနာမရှိဘူးလို့တော့ မထင်ပါနဲ့၊ ပြဿနာတွေကတော့ ရှိတာပဲ။ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့သာ အရေးကြီးတယ်။ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်။ စီးပွားရေး ပြဿနာကိုလည်း စီးပွားရေး၊ နိုင်ငံရေး နှစ်ခုစလုံး ဒွန်တွဲပြီးတော့ ဖြေရှင်းရမယ်။ အဲဒီဟာကို အစိုးရကနေ နားလည်ပြီး ပြည်သူလူထုရဲ့ ဆန္ဒကို တန်ဖိုးထားရမယ်။ အလေးထားရမယ်။ လေးစားရမယ်ဆိုတာ နားလည်ပြီဆိုရင် ကျမတို့ ဒီပြဿနာတွေကို ရင်ဆိုင်နိုင်ပါတယ်။ ပြဿနာတွေကို အချိန်ကာလ၊ သိပ်မကြာတဲ့ ကာလအတွင်းမှာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ချက်ချင်း ကျော်လွှားနိုင်မယ်လို့တော့ ကျမ မပြောလိုပါဘူး။ တခုပဲ ဖြစ်ပေါ်လာတဲ့ ပြဿနာမှန်သမျှကိုတော့ ဒီမိုကရေစီအစိုးရဟာ ပြည်သူလူထုနဲ့အတူ ရင်စည်းပြီးတော့ လက်တွဲပြီးတော့ ရင်ဆိုင်မယ်ဆိုတာတော့ အာမခံမယ်” ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကား အဆုံးသတ်လိုက်ပြီး …. နောက်အပတ် စနေနေ့တွင် ချက်နိုင်ငံ၌ သမတဖြစ်နေသည့် မစ္စတာဗားကလက်ဟာဗယ်(လ်)၏ အတွေးအခေါ်၊ ခံယူချက်နှင့် စည်းရုံးရေးဆိုင်ရာ အကြောင်းအရာများ ပြောပြမည့်အကြောင်း ပြောဆိုရင်း …. လူထုကြီးကို နှုတ်ဆက်၏။
နေမညိုမီမှာပင် ခြံရှေ့လူထုဟောပြောပွဲကို ဒေါ်အောင်ဆန်းစုကြည် အဆုံးသတ်လိုက်၏။ မနက်ဖြန်တွင်က …. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်း မဟာသင်္ကြန်ပွဲ ကျင်းပမည်။ ဤအတွက် ပြင်ဆင်ဆောင်ရွက်ဖွယ်ရာတို့ ရှိ၏။ အဖွဲ့ချုပ် ပြုလုပ်မည့် သင်္ကြန်ပွဲက …. ရေသဘင်ပွဲသက်သက်မျှ မဟုတ်….။ ဈေးရောင်းပွဲတော်နှင့် တွဲထား၏။ နိုင်ငံရေး အကျဉ်းသားများအတွက် ရန်ပုံငွေရှာဖွေရန်၊ သင်္ကြန်ပွဲတွင် အဖွဲ့ချုပ်က ဈေးရောင်းမည်ဖြစ်သည်။ အဖွဲ့ချုပ်၏ အလံ၊ ဦးထုပ်၊ ရင်ထိုး၊ လွယ်အိတ်၊ တီရှပ်စသည်ဖြင့် အထိမ်းအမှတ်ပစ္စည်များ ရောင်းမည်။ လက်ဖက်ရည်၊ ကော်ဖီ၊ အအေး၊ လက်ဖက်သုပ်၊ ဂျင်းသုပ် … ထမင်း၊ ဟင်း စသည့် အစားအသောက်များလည်း ရောင်းမည်။ အခါကြီးရက်ကြီး အတွင်းဖြစ်၍ သပ်သပ်လွတ် စားသောက်လိုသူများအတွက် …. သပ်သပ်လွတ် အစားအစာများလည်း ရောင်းချပေးမည်… သင်္ကြန်ပွဲကိုမူ ….ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကဲ့သို့ ကစားကြမည်။ လောင်းလှေကြီး ၃ စင်းက သင်္ကြန်မန်းမဏ္ဍပ်အတွင်း၌ ရောက်ရှိ၍နေပြီ။
(၁၇၅)
၁၉၉၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် …။၁၃၅၇ ခုနှစ်၊ တန်ခူးလကွယ်နေ့ …။
နှစ်ဆန်းတရက် …။ မြန်မာနှစ်သစ်၏ ပထမဦးဆုံးသော နေ့သစ်။ မြန်မာလူမျိုးတို့၏ မင်္ဂလာရက်မြတ်နေ့ ..။
နံနက် ၁၁ နာရီခွဲခန့်မှစ၍ တက္ကသိုလ်ရိပ်သာလမ်းကို အာဏာပိုင်တို့က သံဆူးကြိုးခွေများကာရံ၍ ပိတ်လိုက်သည်။ မည်သည့်ယာဉ်မှ ဝင်ခွင့်၊ ထွက်ခွင့် မပြုတော့ …။ မည်သူမျှလည်း ဖြတ်သန်းခွင့်မရတော့ …။ လုံခြုံရေးတပ်သားတို့က ပိတ်ထားသည့် လမ်းနှစ်ဖက်တွင် စောင့်ကြပ်၍နေသည်။
သို့သော်… ဝင်ထွက်ခွင့်မပြုဟူသည်က ခြွင်းချက်နှင့် ဖြစ်သည်ဟု ဆိုရမည်။ အရပ်ဝတ်၊ အရပ်စားနှင့် လူရွယ်များစွာကမူ တက္ကသိုလ်ရိပ်သာလမ်းအတွင် လမ်းသာလား၍ နေကြ၏။ ပိတ်ထားသည့် သံဆူးကြိုးခွေများမှ ဖြတ်သန်း၍ ဝင်ထွက်နေကြသည်။ သူတို့၏ မျက်နှာများတွင်၊ ရန်လိုနေသည့်ဟန်က အထင်းသား …။ ရပ်ကွက်အတွင်း ရွံရှာခြင်းခံရသည့် လူမိုက်တို့၏ ဂိုက်နှင့်…။ လက်ကောက်ဝတ်များတွင်မူ လက်ကိုင်ပုဝါစကို စည်းထားကြသည်။ သူတို့က … ရန်ကုန်တိုင်း မြို့နယ်အသီးသီးမှ စုရုံးထားကြသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များ ဖြစ်သည်။
သူတို့ကို နံနက်စောစောကတည်းကပင် သုဝဏ္ဍအားကစားကွင်းအတွင်း၌ လူစု၏။ ပြီးလျှင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အာဏာပိုင်တို့က ရှင်းပြ၏။ သြဝါဒပေး၏။
“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို ဝင်ရောက်ရိုက်နှက်ရမည်။ ဘာကိုမျှ ကြောက်စရာမလို။ ငါတို့၏ နောက်တွင် တာဝန်ခံလူကြီးများ ရှိသည်။ ရုန်းရင်းဆန်ခတ် ဖြစ်သည်နှင့် အားလုံးကို ဖမ်းမည်။ အချုပ်သို့ ပို့မည်။ အချုပ်ရောက်မှ အမှတ်အသားပေးထားသည့် မင်းတို့ကို ပြန်လွှတ်ပေးမည်။”
သြဝါဒက ရှင်းလှ၏။
ထိုထိုသော သြဝါဒစကားကြောင့် တက္ကသိုလ်ရိပ်သာလမ်းအတွင်း ဝင်ရောက်၍ နေရာယူထားကြသည့် ကြံ့ခိုင်ရေးအသင်းဝင်များက သွေးကြွ၍ နေကြသည်။ ရိုက်ရန်၊ ပုတ်ရန် တကဲကဲနှင့် သွေးဆာနေသည့် လူရမ်းကားများကဲ့သို့ …။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ကုန်တိုင်းအတွင်းရှိ အမျိုးသမီးအဖွဲ့ဝင်များအနေဖြင့် နှစ်ဆန်း တရက်နေ့တွင် ရွှေတိဂုံစေတီတော်၊ တောင်ဘက်မုဒ်ရှိ ငါးကန်တွင် ဇီဝိတဒါန ငါးလွှတ်ရန် စီစဉ်ထား၏။ အစီအစဉ်က နှစ်ဆန်းတရက်နေ့တွင် အမျိုးသမီးအဖွဲ့ဝင်များ အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ပထမ စုရုံးကြမည် … ပြီးလျှင် … ထိုမှ ရွှေတိဂုံစေတီသို့ သွားရောက်ကြ၍ ဇီဝိတဒါန ငါးလွှတ်ရန် ဖြစ်သည်။
ဘေးမဲ့ငါးလွှတ်မည့် အစီအစဉ်ကို ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက အာဏာပိုင်များထံသို့ ဧပြီလ ၉ ရက်နေ့ကတည်းကမှ ကြိုတင်၍ အကြောင်းကြားထားခဲ့ပြီးဖြစ်သည်။ ဧပြီလ ၁၅ ရက် သင်္ကြန်အတက်နေ့ ညနေတွင် ဗဟန်းမြို့နယ် အာဏာပိုင်က အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် နှစ်ဦးတို့ကို သူ၏ ရုံးသို့ ခေါ်ယူပြီး စစ်အုပ်စုအနေဖြင့် အဖွဲ့ချုပ်၏ ငါးလွှတ်ပွဲ အစီအစဉ်နှင့် ပတ်သက်၍ သဘောထားစာတမ်း ဖတ်ပြ၏။ စာတမ်း၏ အနှစ်ချုပ်က “ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ရန် ကြံရွယ်ချက်ဖြင့် ငါးလွှတ်ပွဲကို မကျင်းပရန်၊ ကျင်းပခြင်းကို ခွင့်မပြုနိုင်။ ”
စစ်အုပ်စု၏ စာတမ်းတွင်ပါရှိသည့် သဘောထားထင်မြင်ချက်များက တဖက်သတ် ထင်မြင်ချက်များဖြစ်၏။ ၎င်းအပေါ် ဦးအောင်ရွှေက ကန့်ကွက်ကြောင်း စာရေးသားခဲ့ပြီး ဗဟန်းမြို့နယ် အာဏာပိုင်ရုံးမှ ပြန်ခဲ့၏။ အာဏာပိုင်တို့က ဦးအောင်ရွှေတို့ကို ခေါ်ယူတွေ့ဆုံပြီး ငါးလွှတ်ပွဲကို မကျင်းပရန် တားမြစ်သကဲ့သို့ ရန်ကုန်တိုင်းအတွင်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အသီးသီးသို့လည်း ငါးလွှတ်ပွဲကို မသွားရောက်ရန်နှင့် တက်ရောက်ပါက အရေးယူမည့်အကြောင်း ကြိုတင်၍ ခြိမ်းခြောက်စာများ ပေးပို့ပြန်သည်။ မလွယ် …။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်အုပ်စုမှ မည်သည့်လှုပ်ရှားမှုမျိုးကိုမျှ ဆောင်ရွှက်၍ မရစေရန် လုပ်ဆောင်၍ နေသည်။ အဖွဲ့ချုပ်အနေနှင့်က … နှစ်ဆန်းတရက်နေ့ကဲ့သို့သော ရက်မျိုးတွင် ထိပ်တိုင်ရင်ဆိုင်မှုများနှင့် မစတင်လို …။ ဤတွင် အဖွဲ့ချုပ်မှ ဇိဝိတဒါန ငါးလွှတ်မည့် အစီအစဉ်ကို ပြောင်းလိုက်၏။ ဇီဝိတဒါန ငါးလွှတ်မည့် အစီအစဉ်အစား အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်း အတွင်းမှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
အာဏာပိုင်များမှ တက္ကသိုလ်ရိပ်သာလမ်းကို ပိတ်ဆို့ထားလိုက်သည့်အတွက် သက်ကြီးပူဇော်ပွဲသို့ လာရောက်ကြသည့် အဖွဲ့ချုပ်အဖွဲ့ဝင်များ ရှေ့တိုး၍ မရဖြစ်နေသည်။ ပိတ်ဆို့ထားသည့် နေရာတွင်ပင် စုရုံး၍ စောင့်နေကြ၏။ အဖွဲ့ချုပ်အဖွဲ့ဝင်များက သံဆူးကြိုးခွေများကို အတင်းဖြတ်ကျော်၍လည်းမသွား၊ လူစုခွဲ၍ နေအိမ်များသို့လည်း မပြန်ကြ။ ထိုနေရာတွင်ပင် စုရုံး၍ နေကြ၏။ အဖွဲ့ဝင်များက တဖွဲဖွဲနဲ့ ရောက်လာ၏။ တဖြည်းဖြည်းနှင့် များလားသည်။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လူကြီးများကိုလည်း တက္ကသိုလ်ရိပ်သာ လမ်းအတွင်းသို့ ဝင်ခွင့်မပြု။ အခြေအနေကား ထိုနေရာတွင်ပင် တင်းမာမှုများမှသည် ထိပ်တိုက်ရင်ဆိုင်မှုဆီသို့ ဦးတည်၍ သွားလေမည်လား …။
ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့က လုံခြုံရေးတာဝန်ယူထားကြသည့် အာဏာပိုင်တို့ကို အခြေအနေကို ရှင်းပြ၍ ဝင်ခွင့်တောင်း၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ဝင်ခွင့်ပြုဖို့ ဆွေးနွေး၏။ အဆုံးတွင် ဦးအောင်ရွှေတို့ ၃ ဦးကို ဝင်ခွင့်ပြုလိုက်ကြ၏။
အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ဆီသို့ ဦးအောင်ရွှေတို့ ၃ ဦး ခြေလျင်လျောက်၍ သွားကြ၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့၏။ ဤအရေးကို မည်သို့ဆက်လက်ဆောင်ရွက်ကြမည်ကို တိုင်ပင်ကြ၏။ အဖြေရှာကြ၏။ အဖြေက … အဖွဲ့ဝင်များကို ဝင်ခွင့်မပြု၍ လာခွင့်မရလျှင် အဖွဲ့ဝင်များ ရှိရာသို့ သွားကြမည်။
“တောင်ကြီးက မိုဟာမက်ထံသို့ မလာလျှင် … မိုဟာမက်က တောင်ကြီးထံသို့ သွားရမည်။”
ဒေါ်အောင်ဆန်းစုကြည်တို့ ပိတ်ဆို့ထားသည့် နေရာသို့ သွား၏။ အဖွဲ့ဝင်ထုနှင့် တွေ့ဆုံ၏။ ပြီးလျှင် … တက္ကသိုလ်ရိပ်သာလမ်း၏ လမ်းမအလယ်တွင်ပင် အဖွဲ့ချုပ်၏ နှစ်ဆန်းတရက်နေ့ သက်ကြီးပူဇော်ပွဲကို ကျင်းပလေသည်။
ကိုးကား ……
- ရွှေခမောက်မှတ်တမ်းလွှာ
- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၁
- ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာပြည်ကလာတဲ့ စာ၊ အတွဲ - ၂
- ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အထူးသံအမတ် မစ္စအောဘရိုက်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းမှုမှတ်တမ်း
- ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာအယ်ဒီတာချုပ် Mr. Hiroshi Nagai နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခြင်း
- ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ ဟောပြောပွဲမှတ်တမ်း တိတ်ခွေများ။







