သောကြာ, ၁၀ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့အာဘော် > လျို့ဝှက်သည်းဖိုများ နှစ်ကူးကာလမှာ ကြီးစိုးနေ

လျို့ဝှက်သည်းဖိုများ နှစ်ကူးကာလမှာ ကြီးစိုးနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နှစ်သစ်ကူးကာလသည် မျှော်လင့်ချက်နှင့် အပြောင်းအလဲအတွက်သာ ဖြစ်သင့်ပါသည်။ သို့သော် မြန်မာပြည် ပြည်သူများအတွက်မူ အချိုးအလှည့်အချို့ ရှိနိုင်သော်လည်း ယခင် ကံဆိုးမိုးမှောင်ကျမှုကိုပင် ရရှိလာမည့် ကာလသာ ဖြစ်သည်။

၂၀၁၀ ခုနှစ်သည် စစ်အစိုးရ၏ `ဒီမိုကရေစီ လမ်းပြမြေပုံ´ ၏ နောက်ဆုံး အဆင့်ကို ဆောင်ရွက်ရမည့် နှစ်ဖြစ်သည်။ ယခုနှစ် နှောင်းပိုင်းတွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပပြီး ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ အကဲခတ်အချို့ကမူ ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမှု ရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။ လက်သပ် မွေးမြူထားသော စစ်အရာရှိများနှင့် နယ်ဘက် အရာရှိများက အဓိက ရာထူးကြီးများ လွှဲပြောင်း ရယူနိုင်ရေးအတွက် ဗိုလ်ချုပ်ကြီးများက ပြင်ဆင်နေကြောင်း အရိပ်အယောင်များ မြင်နေရသည်။ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် လူမှုရေး အဖွဲ့ကြီးဟု ဆိုသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ကိုလည်း နိုင်ငံရေး ပါတီတရပ်အဖြစ် ပြောင်းလဲပစ်လိမ့်မည်ဟု မျှော်လင့်ရသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် အနည်းအကျဉ်းမျှသာ ကျန်ရှိတော့သော အတိုက်အခံ ပါတီများမှာ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရေး မသေချာလှသေးပါ။ ဒီချုပ်က လွန်ခဲ့သောနှစ်က အငြင်းပွားဖွယ် ပြည်သူ့ဆန္ဒ ခံယူပွဲဖြင့် အတည်ပြုထားခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် တောင်းဆိုနေသည်။ ပြည်ပရောက် အတိုက်အခံများနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယခုဖွဲ့စည်းပုံသည် စစ်တပ်ကို ယှဉ်ပြိုင်စရာ မလိုသည့် သီးသန့် ဖယ်ထားသော လွှတ်တော်အမတ် နေရာများ ပေးထားခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေး ရာထူးကြီးများ ထမ်းဆောင်ခွင့် မပြုရန် ပိတ်ပင်ထားခြင်း စသည်တို့ကြောင့် စစ်တပ်ကို အာဏာ အလွန်အမင်း ပေးအပ်ထားသည်ဟု ပြောဆို ဝေဖန်ကြသည်။

နိုင်ငံရေး ပါတီများကို မည်သို့မည်ပုံ ဖွဲ့စည်းရမည်၊ ရွေးကောက်ပွဲများကို မည်သို့မည်ပုံ ကျင်းပရမည် ဆိုသည်တို့ကို သတ်မှတ် ဖော်ပြထားသည့် ဥပေဒများကို ယခုထိ မကြေညာရသေးပါ။ တိုင်းရင်းသားများနှင့် ဒီမိုကရေစီ နိုင်ငံရေးသမားများက နိုင်ငံရေး ပါတီတရပ် စည်းရုံး ဖွဲ့စည်းရာတွင်  တတ်နိုင်သမျှ အခက်အခဲ တွေ့စေရေးအတွက် ဤဥပဒေများကို ကြေညာရန် စစ်အစိုးရက နောက်ဆုံး အချိန်အထိ အချိန်ဆွဲနေခြင်း ဖြစ်သည်ဟု  အတိုက်အခံ ခေါင်းဆောင်များနှင့် ပြည်ပရောက် အဖွဲ့အစည်းများက ပြောဆိုကြသည်။

ရွေးကောက်ပွဲ မည်သို့ အဖြေထွက်မည် ဆိုသည်မှာ ယခုကတည်းက သိပြီးသားပင် ဖြစ်သည်ဟု အချို့သော အကဲခတ်များက ယုံကြည်ကြသည်။ မဲလိမ် မဲညစ်သည့် နည်းကိုသုံးပြိး  မည်သူ အနိုင်ရမည် ဆိုသည်ကို စစ်အစိုးရက သိပြီးသားဖြစ်သည်ဟု သူတို့က ပြောကြသည်။ အပေါ်ယံ ရွှေမှုံကြဲ ဒီမိုကရေစီကို ပေးရန် အတိုက်အခံနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များကို နည်းနည်းပါးပါး အနိုင်ပေးလိမ့်မည်။ ဤနည်းဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အတိုက်အခံများ အားလုံးကို ချွေးသိပ်ထားနိုင်လိမ့်မည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အာမခံချက် ဟူသည်မှာ စစ်တပ်က အားလုံးကို ဆက်ပြီး ထိန်းချုပ်ထားသည်ဟူသည့် အဓိပ္ပာယ်သာ ဖြစ်သည်။

တချိန်တည်းတွင် ဗိုလ်ချုပ်ကြီးများက ရွေးကောက်ပွဲများ ကျင်းပရေးအတွက်လည်း ပြင်ဆင်နေကြသည်။ နယ်စပ်ဒေသများကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ် ထားနိုင်ရေး လုပ်ဆောင်နေသည်။ တိုင်းပြည်တွင်းရှိ တိုင်းရင်းသား အဖွဲ့အစည်း တပြုံတမကြီး၏ စိုးရိမ်ဖွယ် ဆန့်ကျင် အတိုက်အခံပြုမှုကို ရှင်းပစ်ရန် လုပ်ဆောင်နေသည်။ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အစီအစဉ်မှာ တိုင်းရင်းသား တပ်ဖွဲ့များကို မြန်မာစစ်တပ်၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ထားရှိလိုက်ပြီး သူတို့၏ နိုင်ငံရေး အဖွဲ့ခွဲ (ပါတီ) များကိုသာ ရွေးကောက်ပွဲဝင်ခွင့်ပေးမည့် အစီအစဉ်ဖြစ်သည်။ နယ်ခြားစောင့်တပ်ကြောင့် သူတို့ စစ်အစိုးရနှင့် ဈေးဆစ်နိုင်စွမ်း မရှိတော့ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြသည်။ ဖွဲ့စည်းပုံ ဥပဒေကလည်း တိုင်းရင်းသားအခွင့်အရေးအတွက် လုံလောက်သော အာမခံချက် ပေးမထား။

အဖွဲ့ငယ်လေးများ အများစုမှာ အများအားဖြင့် ဖြိုဖျက်ခံလိုက်ရပြီး ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး၏ အနာဂတ် အမြင်အတိုင်း လက်ခံရန် အနိုင့်အထက် ပြုခံလိုက်ရပြီး ဖြစ်သည်။ ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) တို့လို ကျန်ရှိသည့် အဖွဲ့များမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလျှင်ပြောင်း၊ မပြောင်းလျှင် စစ်ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ခံရမည်ဟု ဖိအားပေး ခံနေရသည်။ သြဂုတ်လအတွင်း ကိုးကန့် တပ်ဖွဲ့ကို အလွန် လျင်မြန်သော ထိုးစစ်ဖြင့် အနိုင်ယူလိုက်နိုင်ခြင်းက စစ်အစိုးရ၏ သံဓိဋ္ဌာန်ကို မီးမောင်းထိုးပြနေသည်။

ကရင် အမျိုးသား အစည်းအရုံး၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းတို့လို အစိုးရကို စစ်ရေးအရ ဆက်လက် ခုခံနေကြဆဲရှိသည့် တိုင်းရင်းသား အဖွဲ့များမှာလည်း ပိုမို သေးငယ်သော အဖွဲ့ကလေးများအဖြစ် ထိုင်းနယ်စပ်ကို ကျောပေးပြီး ဝေးလံခေါင်သီသည့် ဒေသများတွင် ခိုအောင်း လှုပ်ရှားနေရသည့် အခြေသို့ ရောက်သွားကြရသည်။ ထိုသို့ ဆက်လက် ခုခံတွန်းလှန်နေခြင်းကြောင့် သူတို့မှာ လမ်းပြမြေပုံထဲတွင် ပါဝင်ခွင့် မရတော့၊ သူတို့နှင့် ရွေးကောက်ပွဲ အစီအစဉ် မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ဟု စစ်အစိုးရက သတ်မှတ်ထားလိုက်တော့သည်။

ရွေးကောက်ပွဲများ ကျင်းပပြီး `ဒီမိုကရေစီ´ ကို ထူထောင်ပြီးသည်နှင့် တပြိုင်နက်၊ တိုင်းရင်းသား အဖွဲ့အစည်းများကို ရွေးကောက် တင်မြှောက်ပြီး၊ အနိုင် တိုက်ပစ်လိုက်၍သော်၎င်း၊ နယ်စွန်နယ်ဖျား တောင်ပေါ်အထိ မောင်းထုတ်လိုက်ခြင်းဖြင့်သော်၎င်း၊ လုပ်ပြီးပြီဆိုလျှင် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး ကတည်းက ဗိုလ်ချုပ်ကြီးများ အလိုချင် အတောင့်တဆုံး အရာဖြစ်သည့် စည်းလုံးညီညွတ်သော မြန်မာ နိုင်ငံတော်နှင့် အနီးကပ်ဆုံးသို့ ရောက်သွားတော့မည် ဖြစ်သည်။